Subscribe:

Thursday, June 12, 2008

တည်ငြိမ်ခြင်းကိုရရှိခြင်း

ဒီနေ့တော့ Dreamရဲ့ အကြောင်းလေးကို နဲနဲပြောပြပါ့မယ်။ Dreamမှာ အစစအရာရာ အဆင် မပြေတာတွေ၊ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ အရမ်းများတယ်။ ကိုယ့်ကို လို သူ တွေရှိ သလို၊ ကိုယ့်ကို အတိုက်ခံ လုပ်သူတွေ၊ မလိုသူတွေ လည်းရှိခဲ့ပါတယ်။ ဒါတွေက လူတိုင်း လည်း ကြုံဖူးကြမှာပါ။ Dreamကတော့ ဒါတွေကို ကြုံရတိုင်း ရင်ထဲမှာ အရမ်းခံစား ရတယ်။ ခံစားရတာ တွေများ လာတော့.. အော်..လူတိုင်း ဒီလိုမျိုး ဖြစ်တတ် ပါတယ်လေဆိုပြီး ကိုယ့်ကို ကိုယ်အားပေးပြီး အလုပ်ကိုပဲ ကြိုးစား လုပ်ခဲ့ပါတယ်။

အဲဒီလို ကြုံတိုင်းလည်း အော်.ဒါတွေဟာ အောင်မြင်မှူရဲ့ လှေကား ထစ်တွေပဲ၊ အထောက် အပံ့တွေပဲအပင်မြှင့်လေ၊ လေတိုက် ခံရလေပဲလို့ သဘောထားပြီး မတုန်လှုပ် တော့ပါဘူး။ဒါပေမယ့် စိတ်တော့ ညစ်တာပေါ့။ဒီလိုလောကဓံကိုကြံကြံခံမတုန်လှုပ်တဲ့ Dreamတယောက် ချစ်သူရဲ့ သစ္စာဖောက်ခြင်းနဲ့ စွန့်ပစ်ခြင်းကို ခဲ့ရတဲ့ အခါမှာတော့ တော်တော်လေး တုန်လှုပ် သွားပါတယ်။ သူတို့ တွေကတော့ အပျော်ဂရက် ထဲမှာဝဲနေတဲ့ အချိန် Dreamမှာတော့အော်.. ငါ့ဘ၀ အထီးကျန် အဖြစ်ဆိုး လိုက်တာဆိုပြီး မစားနိုင် မအိပ်နိုင်နဲ့ တော်တော်လေး အပူမီး ၀ိုင်းပြီး သောက ရောက်ခဲ့ရတယ်။ စိတ်တွေ မငြိမ်မသက်နဲ့ အလုပ်မှာလည်း အရမ်းကို ထိခိုက် သွားပါတယ်။ စားလည်း ဒီစိတ်၊သွားလည်း ဒီစိတ်၊အချိန်တိုင်း ဒီစိတ်နဲ့ စိတ်ထိခိုက် ဖိစီးလို့စိတ် ထောင်းကိုယ်ကြေ ဖြစ်ပြီး နေမကောင်းတောင် ဖြစ်သွားပါတယ် ။အဲဒီမှာ Dreamလေ ဆရာတော် ရှင်ဆန္နာဒိကရဲ့ "အချစ်ကံ ခေပေမယ့် အနှစ်ကျန် စေရမယ်" စာအုပ်လေးထဲက မှတ်သား စရာလေး ကိုသတိရ လိုက်ပါတယ်။

"ချစ်ရသူရဲ့ စိမ်းကား ရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်း မဲ့မှုဟာ စိတ်ထားတတ် သူတွေရဲ့ အတွက်ကတော့ တန်ဖိုးမဖြတ် နိုင်တဲ့ ဘ၀လွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။ အသုံးချ တတ်သု အတွက်ကတော့ အချစ်ကံ ခေတာဟာ အနှစ်ကျန်စေဖို့ ပါဘဲ" ဆိုတဲ့ စာသားလေးက Dreamရဲ့ စိတ်ကို အရမ်းတည်ငြိမ် စေခဲ့ပါတယ်။

အချစ်ဆိုတာ နှလုံးသားနဲ့  ဘ၀ကို သတ်ဖြတ် ဖျက်ဆီးတတ်တဲ့ မာရ်နတ် တပါးပါပဲ။ ဖြူစင်သန့် ရှင်းအေးချမ်း ကြည်လင်တဲ့ စိတ်ဓာတ်တွေ ဘ၀တိုးတက် မှုတွေကို နှောင့်နှေးရပ်တန့် ချုပ်ငြိမ်း သွားစေတဲ့ အရာဟာ အချစ်ပါပဲ။ ကံတရား လေသင့်လို့ ဘ၀တခုမှာ ခေတ္တခဏ ပေါင်းဆုံခွင့်ရ ကြတယ်။

ကံတရားလေ ပင့်လို့ တစ်ယောက်နဲ့ တစ်ယောက် ဝေးလွှင့် ခွဲခွာကြရတယ်။မြစ်ထဲမျောနေတဲ့ ဗေဒါပင်လိုပဲ ကံကြုံရင် ပြန်ဆုံကြမယ်၊ကံသင့်ရင်ပြန်ဝေးကြမယ်။ ကံရည်မတူဘဲ ပြန်ကြည်ဖြူချင်လို့ မရသလို ကံမကောင်းဘဲ ပြန်ပေါင်းချင် နေလို့လဲ အလကားပါပဲ။ ကိုယ့်ကံနဲ့ ကိုယ့်ခရီး နှင်သူ့ ကံနဲ့ သူ့ ခရီးနှင်။ ဒါပဲပေါ့၊ ဒါပါပဲ။ ဘာစိတ်ဆင်း စရာလိုလို့ လဲ။ တွဲခွင့်ကြုံတုန်း ကိုယ့်တာဝန် ကိုယ်ကျေ၊ သူ့ တာဝန် သူကျေ၊ ဒါဆိုပြီးပြီပေါ့။ ခွဲခွင့်ကြုံခါ မှတော့ လွမ်းမနေနဲ့ တော့၊အပိုပါပဲ။သိခြင်းနဲ့ မသိခြင်းမှာ သိခြင်းကြောင့် အကျိုးယုတ် သွားနိုင်စရာ အကြောင်း မရှိပါဘူး။ ကောင်းကျိုး ဆိုးကျိုးဟာ ကိုယ်သိတဲ့ အသိပေါ်မှာ ကိုယ့်ဘက်က ဘယ်လိုတုန့် 
ပြန်သလဲ ဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်ပါတယ်။

ဒါကြောင့် သူငယ်ချင်း အားလုံးကို ပြောချင်တာက Dream လိုမဖြစ်ရအောင် အချစ်နဲ့ ပတ်သက် လာတိုင်း စိတ်ဖိစီးမှု ခံစားနေ ရရင် ဒီစာသားလေးကို သတိရပြီး စိတ်ကို တည်ငြိမ်အောင် ကြည့် ပါလို့ .....

ဆရာတော်ရဲ့ တရားတော်ဟာ လူတယောက်ရဲ့ စိတ်ကို တော်တော်လေး ပြောင်းလဲ စေပါတယ်။ အရမ်းကို မှတ်သား လောက်ပါတယ်။ ဆရာတော်ကိုလည်း ပိုကြည်ညို လေးစား သွားပါတယ်။

1 comments:

  1. အေးချမ်းမှန်ကန်တဲ့ အချစ်စစ်တစ်ခုကို ပိုင်ဆိုင်နေပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

    ReplyDelete