အခုပြောပြမှာကတော့ မေတ္တာရှင် သာမာဝတီမိဖုရား ရဲ့အကြောင်းလေးပါ။ ကောသမ္ဗီ ပြည်မှာ ဥတေနမင်းကြီးအုပ်စိုးစဉ်က သူ့မှာမြှောက်စားထားတဲ့ မိဖုရားသုံးပါးရှိပါတယ်။ပထမမိဖုရား ကြီးမှာသာမာဝတီ၊ ဒုတိယ မိဖုရားမှာ မာဂဏ္ဍီနဲ့ တတိယ မိဖုရားကတော့ ၀ါသုလဒတ္တာတို့ပဲဖြစ်ပါတယ်။ သာမာဝတီဆိုတာ ကောသမ္ဗီပြည် ဃောသက သူဌေးကြီး၏ မွေးစားသမီးပါ။မိဘအရင်း တွေကတော့ ဘဒ္ဒ၀တီ သူဌေးကြီး တွေဖြစ်ပါတယ်။ ဃောသကနဲ့ ဘဒ္ဒ၀တီသူဌေးတို့က လူချင်းမမြင်ဖူးဘဲ သတင်းကြားရုံနဲ့ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေများ ဖြစ်ကြပါတယ်။ဘဒ္ဒ၀တီ သူဌေးကွယ်လွန်တော့ ဃောသက သူဌေးက သာမာဝတီလေးကို သမီးအဖြစ်နဲ့ မွေးစားတာပါ။
အဲဒီအချိန်တုန်းက သာဝတ္ထိပြည်မှာ မြတ်စွာဘုရားက နေ့စဉ်ဝေနေယျတို့ကို တရား ဒေသနာတော် များကို ဟောပြောဆုံးမလို့ သောတာပန်ဖြစ်သူ၊ သကဒါဂါမ်ဖြစ်သူ၊ အနာဂါမ်ဖြစ်သူ၊ ရဟန္တာဖြစ်သူတွေ ဖြစ်နေတဲ့အချိန်မှာ ကေသမ္ဗီပြည်မှာတော့အဲဒီ ခေတ်အချိန်က လူတွေဟာ ဘုရားပွင့်တော် မူတာကို မသိကြသေးဘူး။ ကေသမ္ဗီ ပြည်မှာ သူဌေးသုံးဦးရှိတယ်။သာမာဝတီရဲ့ မွေးစားဖခင် ဃောသကသူဌေး၊ ကုက္ကုဋ္ဋသူဌေးနဲ့ ပါဝါရိကသူဌေး တို့ပဲဖြစ်ကြပါတယ်။
သူတို့သုံးဦးက မြတ်စွာဘုရား မပွင့်မီကာလ ကတည်းက ဟိမ၀န္တာကနေကေသမ္ဗီ ပြည်ကိုလာရောက် သီတင်းသုံးကြတဲ့ ရသေ့ငါးရာတို့ကို အလှည့်ကျ ပစ္စည်းလေးပါး တို့နဲ့လှူဒါန်း နေကြတာပါ။ရသေ့ငါးရာ တို့ရဲ့တဆင့် စကားအရ မြတ်စွာဘုရား ပွင့်တော်မူတယ် ဆိုတာကို သိရတဲ့အခါ ကြည်ညိုတဲ့ စိတ်တွေ ပေါက်လာတယ်။ဒါနဲ့သာဝတ္ထိပြည် ကိုသွားပြီး မြတ်စွာဘုရားကို ကေသမ္ဗီပြည်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားပြီး ကေသမ္ဗီပြည်မှာ သီတင်းသုံးဖို့ ကျောင်းတိုက်ကြီး သုံးတိုက်ဆောက်ပြီး လှူဒါန်း ကြလေသည်။
အဲဒါတွေက ဃောသက သူဌေးဆောက်လုပ်သော ကျောင်းကို ဃောသိတာရုံကျောင်း၊ ကတ္တုဋ္ဋာသူဌေး ဆောက်လုပ်တဲ့ကျောင်းကို ကုတ္တုဋ္ဋာရုံကျောင်း၊ ပါဝါရိကသူဌေးဆောက် လုပ်သော ကျောင်းကို ပါဝါရိကာရုံကျောင်း လို့ခေါ်ပါတယ်။
သူဌေးကြီးသုံးဦးကို နေ့စဉ်ပန်းများကို ပေးသွင်းသူ သုမနပန်းသည်ဟာ သူဌေးသုံးဦး ၏ခွင့်ပြုချက်ကြောင့် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို တနေ့တာအတွက် ဆွမ်းကပ်ခွင့် ရသွားလေသည်။ ဒီလိုနဲ့ သာမာဝတီမိဖုရားရဲ့ ပန်းအ၀ယ်တော် ခုဇ္ဇုတ္တရာက သုမနပန်းသည်ဆီမှာ ပန်းဝယ်ဖို့ ရောက်ရှိလာတာနဲ့ ကြုံကြိုက်ပြီး မြတ်စွာဘုရားထံမှ တရားဒေသနာတော် များကိုနာကြား လိုက်ရတဲ့အခါမှာ ခုဇ္ဇုတ္တရာဟာ သောတပန် ဖြစ်သွားပါတယ်။ဥတေနမင်းကြီးက သာမာဝတီမိဖုရား ပန်းပန်ရန် နေ့စဉ် ရှစ်သပြာပေးတာကို လေးသပြာဖိုးပဲဝယ်ပြီး ကျန်လေးသပြာကို နေ့စဉ်ယူခဲ့တဲ့ ခုဇ္ဇုတ္တရာ သောတာပန် ဖြစ်သွားသောကြောင့် ပန်းဖိုးရှစ်သပြာ လုံးဝယ်ပြီးသာမာ ၀တီမိဖုရားကို ဆက်သတော့တယ်။ရှေးကထက် နှစ်ဆများနေတဲ့ ပန်းတွေကိုကြည့်ပြီး မိဖုရားက မေးမြန်းတော့ ခုဇ္ဇုတ္တရာက အရင်က ရှစ်သပြာထဲမှ လေးသပြာဖိုးသာ ၀ယ်ယူပြီး၊ ယခုမူမြတ်စွာဘုရား၏ တရားတော်ကို နာကြားရသောကြောင့်သော တပန်ဖြစ်သွားပြီ ဖြစ်သွားသဖြင့် အဒိန္နာဒါနကံ ထိုက်သောအမှုကို မလုပ်တော့ဘဲ ရှစ်သပြာလုံး ၀ယ်လိုက်သောကြောင့် ပန်းများယခုကဲ့သို့ များသွားရခြင်း ဖြစ်ကြောင်း ပြန်ရှင်းပြပါတော့တယ်။
သာမာဝတီမိဖုရားက စိတ်ဆိုးခြင်းမရှိဘဲ တရားတော်ကိုပြန်လည် ဟောကြားပေးဖို့ တောင်းပန်ရာ ခုဇ္ဇုတ္တရာက နံ့သာရည်များဖြင့် မိမိကိုယ်ကို သန့်စင်အောင်လုပ်ပြီး မြင့်သောနေရာထက်မှ နေ၍ သာမာဝတီမိဖုရား အမှူးရှိသော မောင်းမငါးရာတို့ ကိုသူနာကြားခဲ့ရသော တရားတော်အတိုင်း ပြန်လည်ဟောပြလေ၏။ သာမာဝတီမိဖုရားနဲ့ မောင်းမငါးရာတို့လည်း တရားတော် နားကြားပြီး သောတပန် ဖြစ်သွား လေသည်။ အဲဒီအချိန်မှစ၍ ခုဇ္ဇုတ္တရာကို အမိအရာ၌လည်းကောင်း၊ ဆရာအရာ၌ လည်းကောင်း ထားထားပါတယ်။ ခုဇ္ဇုတ္တရာကလည်း နေ့စဉ် မြတ်စွာဘုရားထံမှ တရားဒေသနာတော် များကိုနားကြား၍ သာမာဝတီမိဖုရား အမှူးရှိတဲ့မောင်းမတို့အား ပြန်လည်ဟောကြားပေးလေသည်။ သာမာဝတီမိဖုရား အမှူးပြုသော မောင်းမများသည် မြတ်စွာဘုရား ထံတော်မှောက်သို့ ကိုယ်တိုင်သွားရောက်၍ ဖူးမြော်လိုကြပါသော်လည်း အခွင့်မရ၍ မသွားနိုင်။ဒါကြောင့် မြတ်စွာဘုရား နဲ့နောက်ပါ သံဃာတော်များ ကကေသမ္ဗီပြည် တွင်းသို့ဆွမ်းခံဝင်တဲ့ အခါမှာ ဤကားမြတ်စွာဘုရား၊ ဤကား သာရိပုတ္တရာ၊ ဤကားမောဂ္ဂလာန်၊ ဤကားအာနန္ဒာ စသည်ဖြင့် သာမာဝတီမိဖုရား အမှူးရှိသော မောင်းမတို့အား ခုဇ္ဇုတ္တရာ ကပြောပြ၏။ သာမာဝတီမိဖုရား တို့အုပ်စုကလည်း နံရံပေါက်များမှ ရှစ်ခိုးကြ၏။
ခုဇ္ဇုတ္တရာနှင့် သာမာဝတီတို့ဆိုတာ ပဒုမုတ္တရာ မြတ်စွာဘုရားထံမှ ဗျာဒိတ်တော်ရပြီးသော ပါရီရှင် များဖြစ်ကြပါတယ်။ ခုဇ္ဇုတ္တရာက ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် ဗဟုသုတအရာ၌ ဧတဒဂ်ရမည်ဖြစ်၏။ သာမာဝတီမိဖုရားက မေတ္တာအရာ၌ ဧတဒဂ်ဘွဲ့ထူး များရမည်ဖြစ်ပါတယ်။ ဗျာဒိတ်တော် အတိုင်းပင် အမျိုးသမီးနှစ်ဦးလုံး ဆိုင်ရာဧတဒဂ်ဘွဲ့ထူး များကိုရကြပါ၏။
ဥတေနမင်းကြီးရဲ့ ဒုတိယမိဖုရားမာဂဏ္ဍီ ဟာအရမ်းချောမောလှပတဲ့ ဗြဟ္မအမျိုး သမီးပါ။မာဂဏ္ဍိ၏မိဘနှစ်ပါးက သူတို့၏သမီး မာဂဏ္ဍီသည် အလွန်ချောမောလှပ တဲ့အတွက် အခြားသူများနှင့် မထိုက်တန်ပဲ မြတ်စွာဘုရားနဲ့ သာတန်သည်ဟုယူ ဆပြီး ဇနီးအဖြစ်သိမ်းပိုက်ဖို့ လျှောက်ထားတော့ မြတ်စွာဘုရားက မာဂဏ္ဍီထက် ပို၍ချောမောလှပသော မာရ်နတ်၏သမီးများ ကိုပင်မသိမ်းပိုက်ခဲ့ကြောင်း၊ကျင်ကြီး ကျင်ငယ် တို့ဖြင့် ပြည့်နေသော မာဂဏ္ဍီကို မည်သို့မျှမသိမ်းပိုက် နိုင်ပါလို့ပြန်ပြောတော့ မာဂဏ္ဍီကလေး ဒေါသထွက် အရှက်ကြီးရှက်ပြီး မြတ်စွာဘုရား အပေါ်၌ငြိုး မာန်ဖွဲ့ပါတယ်။လက်စားချေရန် အခါအခွင့်ကို စောင့်လျက်ရှိ၏။ မြတ်စွာဘုရားနဲ့ နောက်ပါသံဃာတော်များ ကောသမ္ဗီပြည်တွင်းသို့ ဆွမ်းခံကြွတော်မူ တဲ့အခါလူ မိုက်များကို ရွှေငွေပေး၍မြတ်စွာဘုရား နောက်သို့ တကောက်ကောက် လိုက်ကာ အမျိုးမျိုး ဆဲရေးအောင်၊ စွပ်စွဲအောင်၊ ကဲ့ရဲ့အောင် မာဂဏ္ဍီမိဖုရား ကဖန်တီးပြီး မြတ်စွာဘုရားပေါ် ကလဲ့စားချေတယ်။ဆွမ်းခံဝင်တိုင်း ဆဲရေးဖန် များသောအခါရှင် အာနန္ဒာကမြတ်စွာဘုရားအား
"အရှင်ဘုရား၊ ကောသမ္ဗီပြည်သူပြည်သားများသည် တပည့်တော်တို့ ဆွမ်းခံရာနောက်သို့ တကောက် ကောက်လိုက်လျက် ဆဲရေးကြပါသည်။တခြားအရပ်သို့ ဆွမ်းခံသင့်ပါ သည်ဘုရား" လို့လျှောက်တော့ မြတ်စွာဘုရားက
"အာနန္ဒာ အခြားအရပ် ကလည်းဤသို့ ဆဲရေးပြန်သော် နောက်ထပ် အဘယ်အရပ် သို့သွားမည်နည်း။ အရပ်လေးမျက်နှာ သို့သွားသောအခါ၊ အရပ်လေးမျက်နှာမှရောက် လာသောရန်သူတို့ကို ရင်ဆိုင်ရမည်။ ဒါကြောင့်အယူမှားသူတို့ ဆဲရေးသည်ကိုသည်း ခံခြင်းဖြင့် ရင်ဆိုင်ရမည်၊အာနန္ဒာ မကြောင့်ကြလင့်၊ ဆဲရေးသူတို့သည် ခုနစ်ရက်သာ ဆဲရေးနိုင်ကြမည်။ တစ်စုံတစ်ရာတုန့် ပြန်ခြင်းမပြုဘဲ သည်းခံခြင်းအားဖြင့် ဆဲရေးသူ တို့သည် ၈ရက်မြှောက်နေ့၌ ရပ်သွားကြလိမ့်မည်"ဟုမိန့်တော်မူပါတယ်။
မြတ်စွာဘုရားမိန့်တော် မူသည့်အတိုင်း သူမိုက်တို့သည် မြတ်စွာဘုရားနှင့်သံဃာ တော်များအား ဆွမ်းခံကြွစဉ် ဆဲရေးခြင်းမှ ရပ်သွားကြကုန်၏။ မာဂဏ္ဍီ၏ကလဲ့စား ချေမှုသည် မအောင်မြင်ဘဲရှိပြန်ရော။ မာဂဏ္ဍီကလည်း အလွယ်တကူ စိတ်မလျှော့ပါဘူး။
အကုသိုလ်ကံ ဖိစီးခံရသူများအတွက် ပျက်စီးချိန် ရောက်လေလျှင် အမှား" သည် "အမှန်" အသွင်ဖြင့် ထင်လာ တတ်၏၊
ဟူ၍၀ဇီရဗုဒ္ဓိဋ္ဋီကာဆရာ ဆိုသည့်အတိုင်း မာဂဏ္ဍီသည် သူမရဲ့အကြံအစည် ကိုမှန်ကန်သော ကလဲ့စားချေမှု အဖြစ်မှတ်ယူပြီး မြတ်စွာဘုရားအပေါ် ကလဲ့ စားချေမှု မအောင်မြင်တော့ မြတ်စွာဘုရား၏ သာဝိကာမ သာမာဝတီမိဖုရား အပေါ်သို့ လှည့်လာပြန်တယ်။သာမာဝတီမိဖုရား သည်ဥတေနမင်းကြီး အပေါ်ထက် မြတ်စွာ ဘုရားပေါ် စိတ်ညွတ်နေသူ ဖြစ်ကြောင်း၊ဒါကြောင့် မင်းကြီး၏ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာရှိကြောင်း၊ အကယ်၍ မင်းကြီးမ ယုံကြည်ပါလျှင် သာမာဝတီမိဖုရား၏ အဆောင်သို့ကြွရောက် ပြီးနံရံ၌ အပေါက်များဖောက်ပြီး ထိုအပေါက်များမှ မြတ်စွာဘုရား မြို့တွင်းသို့ ဆွမ်းခံကြွစဉ် ချောင်း ကြည့်သည်ကို စစ်ဆေး နိုင်ပါကြောင်းဖြင့် ကုန်းတိုက် လျှောက်ထားပါတယ်။
ဘုရင်လည်း စစ်ဆေးရာ နံရံများဖောက်ထားသည်ကို တွေ့မြင်သဖြင့်မေးမြန်းတော့ သာမာဝတီမိဖုရားက မြတ်စွာဘုရား ဆွမ်းခံကြွစဉ် ဖူးမြော်ရန် ဖောက်ထားခြင်းဖြစ် ပါတယ်လို့ အမှန်အတိုင်း တင်လျှောက်တော့ မင်းကြီးက အရေးယူခြင်း မပြုဘဲ အပေါက်များကိုသာ ပိတ်ခိုင်းလိုက်တယ်။မာဂဏ္ဍီမိဖုရားကြီး၏ အကြံအစည်လည်း ပျက်သွားတော့တယ်။ ပထမအကြံအစည် ပျက်သွားတဲ့အခါ ဒုတိယ အကြံအစည် ကိုကြံစည်ပြန် တော့တယ်။ မင်းကြီးပွဲတော် တည်ရန်အတွက် သာမာဝတီမိဖုရားအား ကြက်သားဟင်း ချက်ပို့ရန် အမိန့်ချမှတ်ဖို့ တင်လျှောက်ရာ မင်းကြီးကလည်း မာဂဏ္ဍီမိဖုရား တင်လျှောက်သည့်အတိုင်း အမိန့်ထုတ်ပြန် လိုက်တယ်။မာဂဏ္ဍီမိဖုရားက ကြက်အရှင်လေးကောင်အစား ကြက်အသေလေးကောင် ကိုပို့လိုက်တယ်။ သာမာဝတီမိဖုရား ကလည်းကြက်သေဖြစ်သဖြင့် ဟင်းချက်၍ ပို့လိုက်၏။ ဒီအခါမှာလည်း မင်းကြီးက သာမာဝတီမိဖုရား အားတစ်စုံတစ်ရာ အရေးယူခြင်း မပြုခဲ့ပြန်ဘူး။ မာဂဏ္ဍီမိဖုရားက မြတ်စွာဘုရား အပေါ်ကို အာဃာတပြင်းသူတစ်ဦးပါ။ဘုရားအပေါ်ကို ကလဲ့စားချေဖို့ မတတ်နိုင်တော့ မြတ်စွာ ဘုရားရဲ့တပည့် သာမာဝတီအပေါ်၌ အကောက်ကြံရန် အားထုတ်ပြန်တာပါ။မာဂဏ္ဍီမိဖုရားသည် ပဋ္ဋိဃသံယောဇဉ် ကြီးလွန်းသူဖြစ်၏။အာဃာတ ပြင်းလွန်းသူ၊လက်စားမချေရလျှင် မနေနိုင်တော့ ကလဲ့စားချေဖို့ အမျိုးမျိုး အားထုတ်ပါသော်လည်း မအောင်မြင်ဘဲ ရှိသဖြင့် ဇွဲမလျှော့ဘဲ နောက်ထပ်အား ထုတ်ပြန်တာပါ။
အဓမ္မနည်းဖြင့် အနိုင်ယူရန် အားထုတ်မှုသည် အကယ်၍ နိုင်စေကာမူ ယာယီ နိုင်မှုမျိုးသာ ဖြစ်၏။ပျားကဲ့သို့ ချိုလျှင်လည်း အဆိပ်လူးသော ပျားမျိုးသာဖြစ်၏။
ဤဓမ္မတာကို မာဂဏ္ဍီမသိ။ဒါကြောင့် ထပ်ပြီးအကောက် ကြံပြန်တာပေါ့။ ဥတေန မင်းကြီးက မိဖုရားသုံး ယောက်ရဲ့ အဆောင်များမှာ ခုနစ်ရက်လျှင် တစ်လှည့်စီ စံစားလေသည်။ယခု မာဂဏ္ဍီမိဖုရား၏ အဆောင်မှာ စံစားပြီး သာမာဝတီမိဖုရား၏ အဆောင်၌ စံစားမှာဖြစ်ပါတယ်။ သာမာဝတီမိဖုရား၏ အဆောင်သို့မပြောင်း ရွေ့မီ မာဂဏ္ဍီမိဖုရားဟာ အစွယ်ချိုးထားတဲ့ မြွေဟောက်တစ်ကောင်ကို ဥတေနမင်း ကြီး၏စောင်းခွက်ထဲမှာ ထည့်ထားပြီးအပေါ်မှ ပန်းကုံးတို့ဖြင့် ပိတ်ဆို့ထားလိုက်တယ်။ ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား အဆောင်သို့ ကူးသွားတဲ့အခါ စောင်းတော်ကိုပါ တစ်ပါတည်း ယူဆောင်သွားပါတယ်။ မာဂဏ္ဍီမိဖုရားကလည်း မင်းကြီးကိုစိတ်မချ ဟုဆိုပြီး မင်းကြီးနှင့် အတူလိုက်ပါ သွားတယ်လေ။သာမာဝတီမိဖုရား အခန်းသို့ ရောက်သော အခါ မင်းကြီးက သလွန်မှာ လျောင်းနေတော့ မာဂဏ္ဍီမိဖုရားက စောင်းပေါ်က ပိတ်ဆို့ထားသော ပန်းကုံးကိုဖယ်လိုက်ပြီး မလှမ်းမကမ်း နေရာမှာနေနေတာ ပေါ့။နှစ်ရက်၊သုံးရက်ပိတ်လှောင်ခံထားရတဲ့ မြွေဟောက်က အမျက်ထွက်ပြီးပါးပြင်း ကိုထောင်၍ ထွက်လာတော့ မာဂဏ္ဍီမိဖုရားက အထိတ်တလန့် တကြားအော်ဟစ် လိုက်ရာ မင်းကြီးလည်း မြွေဟောက်ကိုမြင်သဖြင့် များစွာထိတ်လန့် ကြောက်ရွံပြီး သာမာဝတီမိဖုရား အပေါ်ပြင်းစွာအမျက် ထွက်တော့တာပေါ့။
ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား အပေါ်မှာ စိတ်ဆိုးလွန်းလို့ သာမာဝတီမိဖုရား နှင့်တကွ မောင်းမငါးရာ တို့ကိုတန်းစီစေပြီး ဗိုလ်ခြေတစ်ထောင်တင်သော လေးမှာအဆိပ်လူးမြားတပ်၍ ကိုယ်တော်တိုင် စီရင်မည်ဟု အမိန့်ချ မှတ်လိုက်လေသည်။ သာမာဝတီမိဖုရားက မေတ္တာအရာ၌ ဧတဒဂ် ရထားသူဖြစ်လေတော့ ဘုရင်နှင့်တကွ မာဂဏ္ဍီမိဖုရား အပေါ်မှာ အမျက်မထွက်ကြရန် နှင့်မိမိနဲ့ထပ်တူ မေတ္တာပွားကြရန် သူ့ရဲ့မောင်းမများကို သွန်သင်ပါတယ်။ သွန်သင်တဲ့အတိုင်း မောင်းမငါးရာ တို့ဟာ ဥတေနမင်းကြီး နဲ့မဂဏ္ဍီမိဖုရား အပေါ် မွန်မြတ်နက်ရှိုင်း သောမေတ္တာ ဘာဝနာကို ပွားကြပါတယ်။
ဦတေနမင်းကြီးသည် သူအမိန့်ချမှတ် ထားတဲ့အတိုင်း သာမာဝတီ အမှူးရှိသော မောင်းမတို့အား လေးဖြင့် ခွင်းမယ်ဆိုတော့ လေးကိုတင်လို့လည်းမရ၊ ချ၍လည်းမရနဲ့ မင်းကြီးအလွန် ထိတ်လန့်နေပါတယ်။ ကိုယ်မှာလည်း ဇောချွေးပြန်၊ အခြားကိုင်စရာ ယူစရာများ ကိုလည်း ကိုင်၍မရ၊ ယူ၍ မရဖြစ်နေတော့ မင်းကြီးက သာမာဝတီမိဖုရားကို သူ၏ကိုးကွယ်ရာဖြစ်ရန် တောင်းပန်တာပေါ့။ ဒါနဲ့ သာမာဝတီမိဖုရား ကလည်း မင်းကြီးကို မြတ်စွာဘုရားအား ကိုးကွယ်ရန် ပြောကြားလိုက်ပြီး မိဖုရားကိုယ်တိုင်ကလည်း မင်းကြီး လက်မှမြား လွတ်ပါစေ သတည်းဟု အဓိဋ္ဌာန်လိုက်ရာ မင်းကြီးလက်မှ လေးနဲ့မြှားလည်း လွတ်သွားပါတယ်။ ထိုအခါမှ မင်းကြီးသည် သက်သာရာရ သွားပါတော့တယ်။ ဒါဟာ သာမာဝတီမိဖုရားရဲ့ မေတ္တာနဲ့ သစ္စာ၏ အာနုဘော်ကြောင့်ပါ။
ဥတေနမင်းကြီး ကလည်းအဲဒီအချိန် ထဲကစပြီး မြတ်စွာဘုရားကို ကြည်ညိုသွားပါတယ်။ မြတ်စွာဘုရား အမှူးရှိသော သံဃာတော်များအား ခုနစ်ရက်တိုင်တိုင် နန်းတော်သို့ပင့်ပြီး ဆွမ်းလုပ်ကျွေးတယ်။ တရားတော်ကိုလည်း နာကြားတယ်လေ။ သာမာဝတီမိဖုရား နှင့်တကွ မောင်းမငါးရာ တို့အားလည်း မြတ်စွာဘုရားကျောင်း တော်ကိုသွားရောက် တရားနာ ခွင့်ပေးလိုက်တယ်။ တရားနာ သွားတဲ့အခါမှာလည်း အစောင့်အရှောက် ကိုလည်းထည့်ပေး လိုက်တယ်။ မြတ်စွာဘုရား၏ ခွင့်ပြုချက်ဖြင့် ရှင်အာနန္ဒာအား နေ့စဉ် သာမာဝတီမိဖုရား အဆောင်သို့ ဆွမ်းဘုဉ်းပေးရန်နှင့် တရားဒေသနာတော် ဟောကြားရန် ပင့်လျှောက်ပေးတယ်။ဒါတွေဟာ သာမာဝတီမိဖုရား နှင့်မောင်းမငါးရာတို့၏ မေတ္တာဘာဝနာ ဒိဋ္ဌဓမ္မအကျိုး ဖြစ်ပါတယ်။
မာဂဏ္ဍီိဖုရားကလည်း သူကြံစည်တိုင်း ပျက်ယွင်းတဲ့အတွက် များစွာခံပြင်း တော့တာပေါ့။ဒါကြောင့် မင်းကြီးကနေတဆင့် မဆောင်ရွက်တော့ပဲ ကိုယ်ကိုတိုင်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်နေ့တော့ မင်းကြီး တောကစားထွက် နေခိုက်မှာ ဦးရီးတော် စူဋ္ဌမာဂဏ္ဍီပုဏ္ဏားကို သာမာဝတီရဲ့ နန်းပြာသာဒ်ဆောင် တစ်ခုလုံးကို မီးတိုက် စေခိုင်းတယ်။သာမာဝတီ အမှူးပြုသော မောင်းမငါးရာတို့လည်း မီးလောင် ကျွမ်း၍ ကွယ်လွန် ကြကုန်လေသည်။
အဲဒါဘာကြောင့်လည်း ဆိုတော့ အရင်အတိတ် ကာလက သာမာဝတီ အမှူးပြုသော မောင်းမငါးရာတို့သည် နိရောဓ သမာပတ် ၀င်စားနေတဲ့ ပစ္စေကဗုဒ္ဓါ တစ်ပါး၏ ချုံပုတ်ကို ပစ္စေကဗုဒ္ဓါ ရှိမှန်းမသိဘဲ မီးလှုံလိုသဖြင့် မီးတိုက်ခဲ့၏။နောက်မှ ပစ္စေကဗုဒ္ဓါ ကိုတွေ့တော့ ဘုရင်မင်းမြတ် ကိုးကွယ်တဲ့ ပစ္စေကဗုဒ္ဓါမှန်း သိလို့ မင်းဒဏ်သင့် ခံရမှာကြောက်တဲ့အတွက် အပြတ်ရှင်းရန် ဆက်လက် မီးတိုက်စေခဲ့တော့တယ်။ပစ္စေကဗုဒ္ဓါက နိရော ဓသမာပတ်၏ စွမ်းအင်ကြောင့် တစ်စုံတစ်ရာ အန္တရယ်မရှိခဲ့ပါဘူး။ သို့ပေမယ့် အဲဒီအကုသိုလ်ကံ က အရိပ်ပမာ လိုက်ခဲ့ပါတယ်။နှစ်သိန်းပေါင်းများစွာ ငရဲ၌ကျခဲ့ရတယ်။ ဘ၀တစ်ရာတိုင်တိုင် ယခုကဲ့သို့ အိမ်လုံးကျွတ် မီးလောင်၍ သေဆုံးခဲ့ရတယ်။
ဒါကြောင့် ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ ကံ၏အကျိုးကို တားမြစ်ရန် မည်သူမျှ မတတ်နိုင်ဟု မြတ်စွာ ဘုရားက ဟောတော်မူခြင်း ဖြစ်ပါတယ်။
မင်းကြီးလည်း သာမာဝတီမိဖုရားနဲ့ မောင်းမငါးရာတို့ နန်းပြာသာဒ် မီးလောင်ရာတွင် ပါသွားကြောင်း သိရတဲ့အခါ မာဂဏ္ဍီမိဖုရား ရဲ့လက်ချက်ဖြစ်တယ် ဆိုတာကို ရိပ်မိတယ်။ ဒါကြောင့် အတိအကျ ဖော်ထုတ်ဖို့ နန်းရင်ပြင်မှာ မှူးမတ်များရှေ့မှာ သာမာဝတီမိဖုရား ရန်ကိုအမြဲတမ်း စိုးရိမ်နေရတယ်။ အခုမှ အေးချမ်းစွာ နေရေပေတော့မယ်။ နန်းပြသာဒ်မီးရှို့ သူအားများစွာ ကျေးဇူးတင်တယ် ဟုမိန့်တော်မူလိုက်ရာ အနီးမှာ ခစားနေတဲ့ မာဂဏ္ဍီမိဖုရားက သူဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဆွေမျိုးတို့ကို သူခိုင်းခြင်း ဖြစ်ပါကြောင်း တင်လျှောက်တာပေါ့။ ဒါနဲ့မင်းကြီးက ယခုကိစ္စ၌ပါ ၀င်ဆောင်ရွက်သူ များကိုခေါ်ပါ။ ဆုလာဘ်များစွာ ချီးမြှင့် မည်ဟုဆိုပြီး ခေါ်လေသည်။ မင်းကြီးကလည်း ဆုတော်လာဘ်တော်များကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပါတယ်။ ဆွေးမျိုးမကင်းသူများကပင် လာရောက်၍ဆုတော် များကိုယူကြပါတယ်။ နောက်ဆုံး ဆုလာဘ်တော်များ ယူတဲ့သူအကုန်လုံးကို ဖမ်းဆီးပြီးမင်းရင်ပြင်၌ မြေတွင်းကိုတူးစေကာ ချက်အထိ မြှုပ်ပြီးမီးရှို့၍ သတ်ရန် သေဒဏ် ပေးလိုက်လေသည်။
အဓမ္မနည်းဖြင့် ရယူခဲ့တဲ့ မာဂဏ္ဍီမိဖုရား၏ အောင်နိုင်မှု နိဂုံးသည် ဓမ္မအလှည့်သို့ ရောက်သောအခါ ကြီးစွာသော ကျဆုံးမှု အဖြစ်သို့ ရောက်သွားလေသည်။
မာဂဏ္ဍီမိဖုရား၏ အသားများကို လှီးဖြစ်၍ ကြော်စေပြီး ထိုအသားကြော်များကို မာဂဏ္ဍီ မိဖုရားအား စားစေလေသည်။ မာဂဏ္ဍီမိဖုရားသည် ကြီးစွာသော ဒုက္ခဝေဒနာကို ခံစား၍ ကွယ်လွန်ရှာလေသည်။
လောကတွင် မည်သည့်အလုပ်ကို လုပ်လုပ်မြင့်မြတ်သော စိတ်ထားရှိရမည်။ စူးစမ်း ဆင်ခြင်နိုင်သော အသိဉာဏ် ရှိရမည်။ လုပ်နည်းလုပ်ဟန် မှန်ရမည်။ ဤအင်္ဂါသုံးရပ်နဲ့ ညီလျှင် ထိုလုပ်ငန်းသည် နှစ်လိုဖွယ် ကောင်းသော လုပ်ငန်းဖြစ်၏ ဟုအနုဋ္ဋီကာဆရာ ဆိုကြောင်းကို ဆရာတော် ဦးသေဋ္ဌိလ (အဘိဓဇ မဟာရဋ္ဌဂုရု)ကမိန့်ဖူးပါတယ်။
ဤလောက၌ မာဂဏ္ဍီမိဖုရားလို အမျိုးသမီးတွေ ဘယ်နှစ်ယောက်များရှိမည်နည်း။ သာမာဝတီမိဖုရားလို အမျိုးသမီးများလည်း မည်မျှရှိလေမည်နည်း။ဥတေနမင်းကြီးလို ယောက်ျားမျိုးလည်း မည်မျှ ရှိလေမည်နည်း။
ဤပို့စ်ဖြစ်မြောက်ဖို့အတွက် အကူအညီပေးသော ဆရာတော်ညဏ်အား DREAM မှအထူး ကျေးဇူးတင်ပါတယ်။
ဆရာဦးရွှေအောင်၏ ဓမ္မပဒစာအုပ်မှ မှီငြမ်းပါတယ်။

ဒီပုံပြင်က မိုက်တယ်ဗျာ
ReplyDeleteဒါတွေလည်း DREAM လေးက ရတာပဲ---
ReplyDeleteကောင်းတယ်---စာစုံဖတ်တာ ကောင်းတယ်--
ပြည်တွင်းထဲမှာလေ----DREAM တို့အရွယ်
မိန်းခလေးငယ်ငယ် တော်တော်များများဟာ
စာဖတ်အားနဲ လာကြသလို ---
ဖတ်တော့လည်း မင်းသမီးမင်းသားလက်ထပ်ခြင်း
မော်ဒန်ဂဲလ်းအကြောင်းလောက်ပဲဖတ်လာကြတယ်-
ဘာပဲဖြစ်ဖြစ်---စာစုံဖတ်တာကောင်းပါတယ်--
စာစုံလည်းရေးသင့်တာပေါ့---
သုတ--ရသ-- အားလုံးရေးသင့်ပါတယ်--
အားပေးနေတယ်--
ခင်မင်လျက်
မသက်ဇင်
မမရေ...ကျနော်ပုံပြင်လေးတွေမဖတ်ရတာကြာပြီ...
ReplyDeleteအမှန်တိုင်းပြောရရင် ၇တန်း၈တန်းလောက်ကတည်းက
အခုချိန်ထိပဲ...အခုလိုမျိုးပုံပြင်အရှည်ကြီးကိုပြောပြတဲ့
အရမ်းရမ်းကျေးဇူးဗျာ...အရင်ကအရမ်းကြိုက်တဲ့စားစရာ
တစ်ခုကိုအခုပြန်စားလိုက်ရသလိုပဲ.....ဟဲဟဲ
ကောင်းတယ်ဗျာ... ဒီလိုစာပေမျိုးကို ကြိုဆိုပါတယ်... တခြားသူတွေရဲ့ ကိုယ်ပိုင် ခံစားချက်တွေကို မဝေဖန်ချင်ပေမယ့် အတော်များများကတော့ ကလေးဆန်တာတွေပဲ ရေးကြတာ.. ဒီလိုကြားထဲမှာ ရသစုံပေးနိုင်တဲ့ ဘလောဂ့်က ရှားပါတယ်... နောင်လည်း ဒီလိုစာပေမျိုးတွေကို စောင့်ဖတ်ပါရစေ.. :)
ReplyDeleteဒွင်း ရေ .. စာလာဖတ်ပါတယ်ခင်ဗျာ ...
ReplyDeleteဒီစာလေးကို ဖတ်မိတော့ မေ့မေ့လျော့လျော့နေခဲ့မိတာတွေကို
ပြန်သတိရပြီး တော်တော်လေး ကြောက်မိပါရဲ့ ..
သာမာဝတီ မိဖုရားနဲ့ အပေါင်းအပါတွေဟာ
ပစ္စေက ဗုဒ္ဓ တစ်ပါးကိုမီးရှို့မိလို့ ဖြစ်လေရာဘ၀တွေမှာ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရတယ် ...
မာဂဏ္ဍီမိဖုရား ဟာလည်း မကောင်းတဲ့ အကုသိုလ် အကျိုးဆက်တွေကြောင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံရတယ် ..
ဥတေနမင်းကြီးဟာလည်း ဒီလို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကြောင့် ကံအကျိုးဆက်ကို ပြန်ခံရမှာ မလွဲမသွေပါပဲ .....
ခံသူအဟောင်း ပြူသူအသစ် ဆိုတဲ့ ၀ဲဂယက်ထဲက ခွင့်လွတ်ပြေငြိမ်းခြင်းသာ တစ်ခုတည်းသော အေးချမ်းရာပါ ...
ယခုလို တန်ဖိုးရှိတဲ့ စာလေးတွေကို ရေးသားပေးတဲ့ ဒွင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ...
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)
Dream ရဲ့ ပုံပြင်တွေဖတ်ပြီး တောထွက်ချင်စိတ် ပေါက်ပေါက်သွားတယ်း)
ReplyDeleteအစ်မရေ..
ReplyDeleteပုံပြင် လို့ ပြောနေတာထက် ဇာတ်တော် လို့ပြောရင် ပိုသင့်တော်မယ်နော်။ ဘာလို့လဲဆိုတော့ ဘုရားဟောတရားတွေနဲ့ ပိဋကတ်တော်မှာပါတဲ့ ဇာတ်တော်မလို့ပါ။ မှတ်သား လိုက်နာစရာတွေလည်း ရလိုက်ပါတယ်။ အခုလို ဓမ္မဒါန ပြုတဲ့ အတွက်လည်း သာဓု ခေါ်ဆိုပါတယ်။ တရားတော်များ ထပ်မံရေးသား ဒါန ပြုနိုင်ပါစေ အစ်မ...
ကောင်းပါ့ဗျား ၅၅၀ ဇာတ်ပါရေးပါလား
ReplyDeleteပြန်မှတ်မိအောင်လို့
ပြီးတော့ ဘုရားဟော တရားတွေ
ရေးဗျာ
DREAM ရေ..
ReplyDeleteအခုလို ဇာတ်တော်တွေကို ပြန်လည်ရေးသားပေးတဲ့ အတွက်ကျေးဇူးပါပဲဗျာ။
ကလေးတွေက ဇာတ်တော်ကြီးတွေရေး.... လူကြီးတွေက သောက်မယ့်အကြောင်းတွေ မင်ဂလာဆောင်မယ့် အကြောင်းတွေ ရေး... (အဟိ)
ReplyDeleteကောင်းမှကောင်း...
သာဓု သာဓု သာဓု
ရောက်လာတယ်.. ဆီဗုံးမှာ ကျွန်တော်ကရေးလို့အဆင်မပြေလို့ ဒီထဲမှာပဲ ၀င်ရေးခဲ့တယ်.. :D
ReplyDeleteအမြဲရောက်ပါတယ်ဗျာ
ဒီဇာတ်တော်ကို ငယ်ငယ်ကဖတ်ဖူးသလို အခုပြန်ဖတ်ရတော့လည်း ညီမလေးက အရေးကောင်းတာကြောင့် အစအဆုံး ဆွဲဆောင်သွားပါတယ်။ ဒါမျိုးဇာတ်တော်တွေ များများရေးဦးနော် Dream ရေ...
ReplyDeleteကောင်းတယ် မက်မက်ရေ....
ReplyDeleteမေတ္တာသည်သာအောင်နိုင်ရာ၏တဲ့ ဘယ်သူ့ကိုမဆို မေတ္တာစိတ်နဲ့ပဲကြည့်ပေါ့... ဟိ ဟိ
ဆရာလုပ်သွားပြီ ...... နောက်လည်းဒီလိုပို့စ်တွေတင်အုံးနော်...