Subscribe:

Monday, June 30, 2008

ကံကောင်းခြင်း၊ကံဆိုးခြင်းဆိုတာ

တနေ့သော် မြတ်စွာဘုရားသခင်၏ ကျောင်းတော် ဆွမ်းစားဇရပ်၌ ဆွမ်းကြွင်း ဆွမ်းကျန် ကလေးများကို တောင်းယူရန် စောင့်နေသော သူတောင်းစား မောင်နှံကို ဘုရားရှင်က မြင်တော်မူ၍ ပြုံးတော် မူလေသည်။ ရှင်အာနန္ဒာက လျှောက်ထား မေးမြန်း သောအခါ ဘုရားရှင်က ချစ်သား အာနန္ဒာ.. ဤဇနီးမောင်နှံသည် နှစ်ဖက်မိဘ တို့မှရသော အမွေအားဖြင့် ကုဋေရှစ်ဆယ် နှစ်သွယ် ကြွယ်ဝသော ဇနီးမောင်နှံ တို့ဖြစ်ခဲ့ ကြသည်။
ပထမအရွယ်တွင် လောကီချမ်းသာကို လို၍ အားထုတ်ခဲ့ သည်ရှိသော် ဤနေပြည်တွင် ပထမအဆင့် ကြွယ်ဝသော သူဌေးမောင်နှံ တို့ဖြစ်ခဲ့ရာ၏။ လောကုတ္တရာ ချမ်းသာကို လို၍အား ထုတ်သည်ရှိသော် လင်သည် အရဟတ္တမဂ် ကိုဆိုက်၍ မယားသည် အနာဂါမိဂ်ကို ဆိုက် ရာ၏။


ဒုတိယအရွယ်တွင် လောကီ စီးပွားကို အားထုတ်သော် ဤနေပြည်တွင် ဒုတိယ အဆင့်ကြွယ်ဝသော သူဌေးမောင်နှံ ဖြစ်ရာ၏။ လောကုတ္တရာ စီးပွားကို အားထုတ်သော် လင်သည် အနာဂါမိမဂ်၊ မယားသည် သကဒါဂါမ်မဂ်ကို ဆိုက်ရောက် ရာ၏။ ဒုတိယ အရွယ်လွန်စတွင် လောကီစီးပွားကို အားထုတ်သော် တတိယအဆင့် အကြွယ်ဝ ဆုံးသော သူဌေးမောင်နှံ ဖြစ်ရာ၏။ လောကုတ္တရာ စီးပွားကို အားထုတ်သော် လင်သည် သကဒါဂါမိမဂ်၊ မယားသည် သောတာ ပတ္တိမဂ်ကို ဆိုက်ရာ၏။ ယခုကား အခါလွန်လေပြီ ဖြစ်သောကြောင့် ရေခန်းခြောက်နေသော အိုင်အနီး၌ ငေးမှိုင်နေသောဗျိုင်းအို မောင်နှံပမာ ဖြစ်ကြလေပြီ...အာနန္ဒာ။

ဤ၀တ္ထုကို သေချာ သုံးသပ်ကြည့် လိုက်မည်ဆိုလျှင် အတိတ်က ပါလာသော ကောင်းမှု ကုသိုလ်ကံတို့ကို ပစ္စပ္ပုန်ကံ ကတားမြစ် နိုင်ကြောင်း သိသာလှပါသည်။ သူတို့မောင်နှံ၏ အတိတ်ကံ ကြီးမားလှပုံမှာ အံ့သြော်လို့ မဆုံးနိုင်အောင် ပင်ဖြစ်သည်။

စဉ်းစားကြည့်ပေါ့။ လောကုတ္တရာ ချမ်းသာကို လိုချင်လျှင် မဂ်ဖိုလ်ကို ရနိုင်သည်ဆိုတော့ သည်မျှကြီးမြင့်သော ပညာဥာဏ် ပါရမီတို့မှာ မအံ့သြလောက် ပေဘူးလား။ ပစ္စပ္ပုန်ကံက အဟုတ်မဟုတ်လေတော့ ထိုထိုသော ဘ၀ပါရမီတို့မှာ သဲရေသွန် ဖြစ်သွားရ လေတော့သည်။

ဆရာကြီးပီမိုးနင်း၏ "အတိတ်တွင် အလုပ်လုပ်လို့မရ၊ အနာဂတ် တွင်လည်း အလုပ်လို့မရ၊ ပစ္စပ္ပုန်မှာသာ အလုပ်လုပ်လို့ ရလေသည်" ဟူသောစကားကို မှတ်မိကြ လိမ့်မည်ထင်သည်။ ထိုမျှမက ပစ္စပ္ပုန်သည် အနာဂတ် ကိုလည်း ပုံလောင်းနိုင်သည် ဟူသော အချက်ကိုလည်း ခိုင်ခိုင်မာမာ ယုံကြည် ထားသင့်သည်။

0 comments:

Post a Comment