Subscribe:

Tuesday, December 2, 2008

အော်....ဘ၀သံသရာ


ဧည့်သည်

လာတုန်းကလဲ တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့ လည်း တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

လာပြီးတော့နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့ 
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
တို့များဧည့် သည်ပါတကား...
(ဗန်မော်ရွှေညို)
ဒီဗီဒီယိုလေးကို ကြည့်ပြီး လူ့ဘ၀ဟာ တကယ်တော့ တိုတိုလေးပါလား ဆိုပြီး သံဝေဂတရား သတိနဲ့ တုန်လှုပ်မိ တဲ့ရှိသလို၊ ဟာ.. ဒီကောင်မလေး မက်မက် တစ်ယောက်ကတော့ လုပ်ပြီ ဘာတွေ လာပြနေတာတုန်း၊ ကျက်သရေ မရှိ ကျက်သရာမရှိ လူသေကိုမှ ရိုက်ထားတဲ့ ဗီဒီယို အခွေကို ဘလော့မှာ တင်ပြီး လူတွေကို ပြရလား စသည့် ပြောမဲ့သူ တွေလည်းရှိရင် ရှိမယ်နော်။ တကယ်တော့ ဒါက ကြည့်တတ်ရင် သံဝေဂ တရားရအောင် တင်ပေးတာပါ။

တရားရှာ ကိုယ်(ခန္ဓာ)မှာ တွေ့တဲ့ လူ့ဘ၀ဟာ တကယ်တော့ တိုတိုလေးပါ။ လောကမှာ သတ္တ၀ါတိုင်း သတ္တ၀ါတိုင်း ရှောင်လွဲလို့ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း တွေကို ကြုံကြရမှာပါ။ လူတွေဟာ ကိုယ်က တကယ်ပဲ ဘယ်တော့မှ မသေကြ ရတော့မယ့် အတိုင်း မုသားသုံး မာယာသုံး တစ်ဦးနှင့် တစ်ဦး လိမ်ညာ လှည့်ဖျား ဥစ္စာပစ္စည်း ရှာဖွေကြတယ်။ ကိုယ်ဘယ်တော့မှ မနာတော့ မအိုတော့ မယ့်အလား မောဟတရား အမှောင်ဖုံးပြီး မောက်မာကြတယ်။ အချိန်တန် ခန္ဓာမှာ ဝေဒနာ ဖိစီးတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဆိုတဲ့အရာတွေနဲ့ နီးကပ်လာမှ ဆောက်တည်ရာ မရဖြစ်ကုန်ကြတယ်။ အဲဒီတော့မှ တရားရှာတော့ ကိုယ့်ရဲ့ခန္ဓာက မလိုက်နိုင်တော့ဘူး၊ အချိန်နှောင်း ကုန်ပြီလေ။ ရထားထွက်မှ ဘူတာရောက်သလို အမီပြေးလိုက် လို့လည်း မမှီတော့ ဘူးလေနော်။ဒါတွေက ဘာလို့လဲဆိုတော့ မောဟတရားရဲ့ ဖုံးလွမ်းထား မှု့ကြောင့်ပါ။ ဒါကြောင့် မအိုခင်၊ မနာခင်၊ မသေခင်၊မှာ အိုရမယ် နာရမယ် သေရမယ် ဆိုတာကို သိပြီးထားတဲ့ သူတွေ အဖို့မှာတော့ ဘ၀ဟာ ကြောက်စရာ မဟုတ်တော့ ဘူးတဲ့။

လူ့ဘ၀မှာ လူတိုင်းလူတိုင်း အကုသိုလ် စေတသိတ်တရား ၁၄ပါးရဲ့ သောင်းကျန်းမှု့ကို ခံနေရတာပါ။ ရန်လိုမှု့၊ တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်မှု့၊ ခွင့်မလွတ်မှု့၊ သည်းမခံမှု့၊ လက်စားချေလိုမှု့၊ ရန်တိုက်လိုမှု့၊ ကုန်းချောမှု့ တယောက်နဲ့တယောက် အထင်လွဲ အမြင်လွဲအောင် လုပ်ဆောင်မှု့၊ စသည့်စသည့် သူတပါး အကျိုးပျက်စီးအောင် ကြံဆောင် နေမှု့တွေက လောကမှာ ရှိတဲ့သတ္တ၀ါ တွေရဲ့စိတ်ကို အရောင်ဆိုး နေတဲ့အရာပါနော်။ ဒါတွေကို ဘယ်လို ထိန်းမလဲ။ အလွယ်လေးပါနော်။ သတိလေးနဲ့ ထိန်းပေါ့။ ရိုင်းတဲ့စိတ်ကို ယဉ်ကျေးအောင်၊ မကောင်းတဲ့ စိတ်ကို ကောင်းအောင်၊ အောက်တန်းကျ တဲ့စိတ်ကို မြင့်မြတ်အောင် တရား သတိလေးနဲ့ ယှဉ်ပြီး ကျင့်ကြံရမယ် လေနော်။

သတ္တ၀ါတိုင်းမှာ လောဘ၊ ဒေါသ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စိတ်တွေ ရှိတာပေါ့။ အဲဒီစိတ်တွေ မိမိတို့မှာ ပေါ်လာပြီ ဆိုရင် အလိုလို နေရင်း လောဘတွေ ပိုတိုးလာမယ်၊ ဒေါသဟာလည်း ပိုပြီး ကြီးထွားလာမယ်။ မာနဟာလည်း တံခွန်လို တလူလူ လွန့်လာတော့မယ်။ ဣဿာနှင့် မစ္ဆရိစိတ် တို့ဟာလည်း အပြိုင်အဆိုင် နင်လား ငါလား ၀င်လာမယ်လေ။ အဲဒါဆို မိမိတို့ ရရှိလာတဲ့ ခန္ဓာနဲ့လူ့ဘ၀ဟာ အလကား ဖြစ်သွားမှာပေါ့။ ရိုးသားမှု့တွေ ပျောက်ကုန်ပြီး ပျက်စီးဖို့ အလားအလာ ပိုများမယ်။ အဲဒါတွေကို အချိန်မှီ မထိန်းနိုင်ဘူး ဆိုရင် လူ့ဘ၀ဟာ လူဖြစ်ရကျိုး မနပ်တော့ ဘူးနော်။ လူတိုင်း လူတိုင်းကို ချုပ်ကိုင် ထားတဲ့အရာ ၁၄ခု ရှိတယ်နော်။ အဲဒါတွေက ဘာတွေလဲ ဆိုတော့
၁။မောဟလို့ ခေါ်တဲ့မသိခြင်း ၂။ အဟိရီကလို့ ခေါ်တဲ့မရှက်ခြင်း ၃။ အနောတ္တပ္ပလို့ ခေါ်တဲ့ မကြောက်ခြင်း ၄။ ဥဒ္ဓစ္စလို့ ခေါ်တဲ့ပျံ့လွင့်ခြင်း ၅။ လောဘလို့ ခေါ်တဲ့တပ်မတ်ခြင်း ၆။ ဒိဋ္ဌိ လို့ခေါ်တဲ့ မှားယွင်းစွာ နားလည်မှု့တွေ ၇။ မာနလို့ခေါ်တဲ့ ထောင်လွှားခြင်းတွေ ၈။ ဒေါသလို့ခေါ်တဲ့ ခက်ထန်ခြင်း ၉။ ဣဿာလို့ခေါ်တဲ့ ငြူစူခြင်း ၁၀။ မစ္ဆရိယ လို့ခေါ်တဲ့ ၀န်တိုခြင်း ၁၁။ ကုက္ကုစ္စလို့ ခေါ်တဲ့ပူပန်ခြင်း ၁၂။ ထိနလို့ခေါ်တဲ့ ထိုင်းခြင်း ၁၃။ မိဒ္ဓခေါ်တဲ့ မှိုင်းခြင်းနဲ့ ၁၄။ ၀ိစိကိစ္ဆာ လို့ခေါ်တဲ့ ယုံမှားသံသယ ဖြစ်ခြင်း ဆိုတဲ့အရာ ၁၄ချက် လွမ်းမိုး နေတာပါ။ အဲဒီရန်သူမျိုး ၁၄ပါးက လူတွေရဲ့ ရိုးသားတဲ့ စိတ်ကို မရိုးသားအောင်၊ မပွင့်လင်းအောင်၊ အမှောင်ချ နိုင်တဲ့ အရာတွေပါ။ အဲဒီထဲက အချက်(၆) ချက်ကတော့ ပိုပြီးဆိုးပါတယ်။ အဲဒါက လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာနဲ့ မစ္ဆရိယစိတ် တို့ပဲ ဖြစ်ပါတယ်။

လူတွေဟာ အို၊ နာ၊ သေ ဆိုတဲ့ ပျက်စီးခြင်း တရားတွေကို သိရဲ့နဲ့ မသိချင် ဟန်ဆောင်တယ်။ ကိုယ်ရရှိလာတဲ့ တဒင်္ဂ ဘ၀တိုလေးမှာ အပျော်ကြီးပျော်၊ အမော်ကြီး မော်နေကြတယ်နော်။ ဒီလိုနဲ့ မရဏ သေမင်းဆိုတဲ့ရွာကို လျှပ်တပြတ် ရောက်ခဲ့ရင် ငါ၊ သူတပါး၊ ယောက်ျား၊မိန်းမတို့ရေ ဘယ်လိုနည်းနဲ့ သွားမှာလဲ။ တရားနဲ့သေဆုံးတဲ့ ဒီလိုကလေးမျိုးလို သွားချင်လား။ လူ့သက်တမ်းက ၇၅နှစ် ဆိုပေမယ့် သက်တမ်း မကုန်မီ အချိန်မရွေး ကြွေသွားနိုင်တဲ့ အတွက် သိပ်မကျန် တော့တဲ့အချိန် လေးကို တရား အားမထုတ်ဘဲ သွားချင်လား ၊ သံဝေဂ လေးတွေပါနော်။ ဤဗီဒိုယို ခွေလေးကြည့်ပြီး လူတိုင်း လူတိုင်း တရား အားထုတ် နိုင်ကြပါစေ။ ခန္တီ၏ ရန် ဒေါသမာန် တွန်းလှန်နိုင် ကြပါစေ။ ခန္ဓနှလုံး အစဉ်သုံး ရွှင်ပြုံး ကြပါစေ လို့ဆုတောင်း မေတ္တာပို့ရင်း....အားလုံး တရားသတိ ရင်မှာ ငြိနိုင်ကြပါစေ။

29 comments:

  1. စိုင်းစိုင်းလားရှိုးDecember 2, 2008 at 2:51 AM

    မက်မက်ရေ........ အနိစ္စ မမြဲခြင်း၊ ဒုက္ခ ဆင်းရဲခြင်း၊ အနတ္တ
    အစိုးမရခြင်း၊ ဇာတိကို ရလာရင်တော့၊ ဇာတိ ဇရာ ဗျာဓိ မရဏ နောက်ဆုံး ရကြမှာပဲလေနော်။ ဆင်ခြင်နိုင်ကြပါစေ။

    ReplyDelete
  2. ကောင်းလိုက်တဲ့ပို့စ်လေး မက်မက်ရေ၊ ဘယ်လို ကျေးဇူးတင်ရမယ် မသိဘူး။ ဥပမာ ဥပမေး တွေကလည်းကောင်းလွန်းတယ်။ ၁၀ ရက်စခန်း ၀င်တော့မယ်....
    (ဒီညတော့ အိပ်မပျော်တော့ဘူး ဂျောက်ဒယ်)

    http://winzaw-mdy.blogspot.com

    ReplyDelete
  3. မက်မက်.... ဒီပို့စ်ကလေးက သိပ်ကောင်းပါတယ်။ ကျေးဇူးပဲနော်။ ကိုယ့်ကိုယ်ကို ပြန်ပြီး ဆင်ခြင်သုံးသပ်စရာတွေ မြင်လာတယ်။ ကံသုံးပါးစလုံးမှာ သတိကပ်ထားဖို့ သတိရစေတယ်။ ကျေးဇူး။

    ReplyDelete
  4. "လူတွေဟာ ကိုယ်က တကယ်ပဲ ဘယ်တော့မှ မသေကြ ရတော့မယ့် အတိုင်း မုသားသုံး မာယာသုံး တစ်ဦးနှင့် တစ်ဦး လိမ်ညာ လှည့်ဖျား ဥစ္စာပစ္စည်း ရှာဖွေကြတယ်။ ကိုယ်ဘယ်တော့မှ မနာတော့ မအိုတော့ မယ့်အလား မောဟတရား အမှောင်ဖုံးပြီး မောက်မာကြတယ်။ အချိန်တန် ခန္ဓာမှာ ဝေဒနာ ဖိစီးတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဆိုတဲ့အရာတွေနဲ့ နီးကပ်လာမှ ဆောက်တည်ရာ မရဖြစ်ကုန်ကြတယ်။"

    ဟုတ်လိုက်လေ တူမတော်ရယ်...
    ဒီလိုဗီဒီယိုကားတွေ ကိုကြည့်တတ်ရင် မရဏာ နုဿတိ (သို့ )အသုဘကမ္မဋ္ဌာန်း ဖြစ်စေတဲ့ အတွက် မင်္ဂလာတောင်ရှိပါသေးတယ်။

    များများတောင် တင်သင့်တယ်... ကုသိုလ်တွေ ဖြစ်တဲ့ အတွက်။

    မာန်မာန ထောင်လွှားတဲ့ သူတွေလဲ မာနတွေ လျော့ကျသွားစေနိုင်တယ်။ သတိ မေ့လျော့နေတဲ့ သူတွေလည်း သတိတွေ ရရှိလာနိုင်တယ်။ သတိတွေပိုအားကောင်းလာနိုင်တယ်။

    ဦးရီးတော်လည်း ကျောင်းတုန်းက စမြင်ဖူးတဲ့ အလောင်းတစ်ခုနဲ့ပတ်သက်လို့ ဒီနေ့ အတော် စဉ်းစားနေတာပါ။

    အသုဘ ကမ္မဋ္ဌာန်း သို့ မရဏာနုဿတိ ကမ္မဋ္ဌာန်းဟာ ဘ၀မှာ အရေးပါခဲ့တဲ့ အတွက် အမှတ်တရပါပဲ။

    သာဓုခေါ်ပါတယ်။

    ReplyDelete
  5. တရားမရခင် ကြောက်နေလို့ ....လုပ်ကြပါဦး

    ReplyDelete
  6. မက်ကလေးရယ်
    တီတီ အဆုံးအထိကြည့်လိုက်ပေမယ့် အလယ်မှာတင် ပိတ်ချင်မိခဲ့တယ် အမှန်တိုင်းဝန်ခံတာပါ
    သေရမှာကြောက်လို့မဟုတ် ဒီမြင်ကွင်းမျိုးမမြင်ဖူးဘူး မတွေ့လိုမိတာအမှန် သင်္ချိုင်းလက်မှတ်တဲ့လား ..
    တရားရသွားပါတယ် မက်မက်
    နဂိုကမှမမြဲသောတရားတွေကိုစဉ်းစားနေမိတာ
    အခုတော့ ပိုဆိုးကုန်ပြီ
    သက်ပြင်း သက်ပြင်း ... ဘာအတွက်ချမိမှန်းတောင်မသိတော့ဘူး...
    သာဓု သာဓု သာဓု

    ReplyDelete
  7. ကောင်းလိုက်တဲ့ပိုစ့်လေးနော် မက်မက်ရေ.........။ဥပမာလေးတွေပေးထားတယ်နော် အနိစ္စဆိုတာမမြဲဘူးဆိုတာသိပါတယ်လေ...........။ ပြန်မှာပဲဘုန်းကြီးဝတ်တော့မယ်မက်မက်ရေ။

    ReplyDelete
  8. တရားအစ သံဝေဂတဲ့...
    သံဝေဂရအောင်လုပ်ပေးတဲ့ ပို့စ်လေးအတွက်ကျေးဇူးပါ

    ReplyDelete
  9. ဒွင်း တို့က တော့ လုပ်ချလိုက်ပြန်ပြီ..။ ကောင်းတယ် ဒွင်းရေ...မေ့လျော့နေတဲ့ ကိုယ့်ကို ကိုယ် လှုပ်နှိုးလိုက် သလို ဖြစ်သွားတယ်..။ ကျေးဇူးတင်ပါတယ်..။ ကျောင်းတုန်းကတော့ ဒါမျိုးတွေ( အလွှာလွှာ အထပ်ထပ် ခွဲပြီး) တိုးဝှေ့ ကြည့်ခဲံ့ဖူး သပေါ့ ဒွင်းရေ..။

    ReplyDelete
  10. ဒွင်းရေ့ ဆီဗုံးပျောက်နေတယ်။

    ReplyDelete
  11. ကောင်းချက်ကွာ....
    ရေးချက်ကတော့လန်မှလန်ဘဲ...
    တည်ငြိမ်တဲ့ ရေးချက်တွေက...
    မတည်ငြိမ်တဲ့... တီတီ့ရင်ကို... ငြိမ်းချမ်းစေတယ်...
    စီစီလေး အရမ်းတော်တာဘဲ...
    လေးစားမိတယ်..
    တီတီ မနောက်ဖူးနော်...
    တစ်ကယ်...

    ReplyDelete
  12. ၁၀၀တွေပါတွေရလို့ပါလားဗျ။ဟုတ်တယ်ဗျ လောကမှာဘယ်အရာမှ မတည်မြဲပါဘူး။ခက်တယ်ဗျလူတွေက သိသိကြီးနဲ့ ဒါငါ့ဟာ၊ငါ့ပစ္စည်း၊ငါ့သား၊ငါ့သမီး၊ငါပိုင်တာနဲ့ တငါထဲငါနေကြတယ်။တနေ့မှာ အားလုံးကိုစွန့်ခွာသွားကြ၇မှာကိုသိကြပေမဲ့ ဆက်ပြီးတငါထဲငါနေကြတုန်းပဲ။ခက်တယ်...ခက်တယ်
    လူတွေလူတွေ။ကမ္ဘာလောကကြီးမှာ အမိုက်မဲဆုံးသတ္တ၀ါဟာ လူပဲ၊ပညာအရှိဆုံးကလဲလူပဲ
    ပုထုစဉ်တွေကိုးဗျဟုတ်ဘူးလားဗျာ။
    ပိုးဖလံလေးတွေလိုပေါ့ မီးမှန်းသိရဲ့နဲ့ မီးထဲတိုးကြသလိုပါပဲ သူတို့စိတ်ထဲမှာ မီးနားနီးလေ
    အလင်းပို၇လေထင်နေကြတာဗျ။ဒါပေမဲ့ မိမိရဲ့ကိုယ်ကြီး
    တဖြေးဖြေးနဲ့ လောင်ကျွမ်းခံလိုက်ရတာတော့ မသိလိုက်ဘူး။ဒီလိုပဲလူတွေလဲ မကောင်းမှန်းသိတယ်
    ဒါပေမဲ့ လောဘ၊ဒေါသ၊မောဟတွေကိုဘရိတ်မအုပ်နိုင်
    ကြတော့လဲ...........................

    ReplyDelete
  13. ကဗျာလေးကို သိပ်သဘောမတွေ့လို့ထပ်ရေးတာပါ
    လာတုန်းကလဲတစ်ယောက်ထဲနော့ ဆိုတာတော့လက်မခံဘူးဗျ ဒါဆိုအမွှာပူးတွေကျတော့ရော
    ၁ယောက်ထဲလာတာမဟုတ်ဘူးလေ
    ပြန်းသွားတော့လဲ တစ်ယောက်ထဲနော့
    ဒါလဲသိပ်ဘ၀င်မကျဘူး ဥပမာ။ ။အခုလက်ရှိ အန္ဒိယနိုင်ငံ
    မွန်ဘိုင်းမှာလူတွေအစုလိုက်အပြုံလိုက်သေကြတာကြတော့
    ဘယ်လိုလုပ်မလဲ
    ဥစ္စာချည်းနှီးကတော့ထားပါ ကိုယ်ထီးတည်းတော့လက်မခံဘူး
    လူတွေသေကြတော့ အ၀တ်အစားတော့ဝတ်သေကြပါတယ်ဗျာ
    ဟိဟိဟိ စတာနော

    ReplyDelete
  14. မမြဲသော အသိတရားတစ်ခုကို အလင်းပြမီးမောင်းထိုးလိုက်တဲ့ မက်မက်ရေ.. သာဓု၊ သာဓု၊ သာဓု ပါကွယ်။

    ReplyDelete
  15. မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့.. လူတွေက မမြင်မတွေရရင် မေ့တတ်တယ်။ လူသေကိုမြင်မှ အော်.. ငါလည်းတနေ့သေရမှာပါလားလို့ သတိရကြတာ.. ။ ဒီလိုပဲနေရင် လောဘ၊ မောဟ၊ ဒေါသတွေနဲ့ နစ်မြုပ်နေတော့တာကလား.. ဒီလိုပို့စ်လေးတင်ပြီး အလည်ခေါ်တဲ့အတွက် ကျေးဇူးအထူးတင်တယ်ညီမရေ့...

    ReplyDelete
  16. ၂ ၃ ၅ ခါ နားထောင်သွားတယ်ကလေးရေ***

    ReplyDelete
  17. အောင်ဦးDecember 2, 2008 at 2:42 PM

    အစ်မ မက်မက်..
    သုမင်္ဂလော အယံကာလော တဲ့.. ယခုအချိန်လေးဟာ အကောင်းဆုံးပါပဲ။ အခုလို လေးတွေ မြင်တွေ့ကြရတော့ အားလုံး သေရမယ်ဆိုတဲ့ အသိလေး ပိုပြီး သတိရကြတယ်။ တရားအလုပ်ကို စဉ်ခြင်မိတာပေါ့။ စိတ်ကို ခြယ်လှယ်တဲ့ အကုသိုလ် စေသတိတ်တွေ နည်းပါး ပျောက်ကွယ်အောင် စောင့်ကြည့်ရမယ်။ စိတ္တနုပဿနာ ရှုမှတ်ထားမှ အဆင်ပြေပါမယ်။ ဒီတော့ သိပြီး ကျင့်ဖို့ လိုပြီပေါ့။ သိတဲ့ အတိုင်းကျင့်နိုင်ကြပါစေ။ ကျင့်တဲ့ တရားမှသည် နိဗ္ဗာန်သို့တိုင်အောင် ကျေးဇူးပြုနိုင်ပါစေ..

    ReplyDelete
  18. မင်္ဂလာ ရှိတဲ့ ပို့စ်လေးပါပဲ တီဒွင်းရေ
    မေ့မေ့လျော့လျော့ နေခဲ့မိတဲ့ အချိန်တွေကလည်း တော်တော်များခဲ့ပြီ ... တရားစာအုပ်တွေ တရားခွေတွေလည်း တော်တော်များများ နာဖူး ဖတ်ဖူးပါရဲ့ ... ဒါပေမယ့် တစ်ကယ်တမ်း မလုပ်နိုင်သေးတော့လည်း ဖတ်တုန်း နာတုန်း ခဏပဲ
    အသိစိတ်လေး ၀င်ပြီး နောက်တော့လည်း မေ့လျော့သွားတာပါပဲ .. ဘယ်အချိန်များမှ အကြောက်တရားဝင် သံဝေဂ ရပြီး လိုက်လုပ်နိုင်မလဲ မသိသေးပါဘူး အန်တီဒွင်းရေ ..
    အခုလို အသိစိတ်လေးတွေ ခဏပဲဖြစ်ဖြစ် ပြန်ဝင်အောင် ရေးပေးတဲ့ တီဒွင်းကို ကျေးဇူး အများကြီးတင်ပါတယ်
    ဒီလိုလေးတွေ မကြာခဏ ရေးပေးပါဗျာ ..
    မေ့မေ့ လျော့လျော့ နေတတ်လွန်းလို့ပါ ..

    ReplyDelete
  19. မက်မက်ရေ...
    ကျေးဇူးပဲဗျာ။
    ဒါလေးကိုကြည့်ဖူးပေမယ့်
    မက်မက်ရေးထားတာလေးတွေဖတ်တော့
    အများကြီးမှတ်စရာလေးတွေကျန်ပါတယ်။
    သာဓုဗျာ။သာဓု သာဓု ။ ဓမ္မအလှူကအမြတ်ဆုံးမဟုတ်လား။
း)

    ReplyDelete
  20. မက်မက်..အသက်ကတော့ကျနော့်ထက်အများကြီးငယ်လိမ့်မယ်ထင်ပါတယ်
    ဒါပေမဲ့စာရေးတဲ့နှလုံးသားက ကျနော့်ထက်ကြီးပြီးရင့်ကျက်မှု ကတော့ ကျနော် ထက် သာပါလိမ့်မယ် ဗျာ ၊စာလေးကကောင်းလွန်းတယ်၊ဓီတော့ ကော်မန့်ပေးခဲ့တယ် သာဓုခေါ်ပါတယ် ဗျာ

    ReplyDelete
  21. Dream ရေ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိပါတယ် လေးစားလျှက်.....

    ReplyDelete
  22. အော် တူမကြီးရေ ... အခုလို မွန်မြတ်လှတဲ့ စေတနာနဲ့ တင်ဆက်ထားတဲ့ ပိုစ့်ကလေးကို ဖတ်ရှုမှတ်သားရလေတော့ အသိသံဝေဂတရားရမိသလို ရင်ထဲမှာလည်း သတိတရားတွေ ကပ်လာမိပါတယ်။ သိပ်ကို တန်ဖိုးရှိလှတဲ့ ပိုစ့်ကောင်း ပိုစ့်မြတ်လေးတစ်ခုပါပဲ။ ဒီခန္ဓာ ဒီရုပ်နာမ်တွေကို ပိုင်ဆိုင်နေရသရွေ့တော့ အို၊ နာ၊ သေ ဆိုတဲ့ လက္ခဏာကြီး သုံးပါးကနေဘယ်မှာ ပြေးလွတ်နိုင်မှလည်းလေ၊ မြတ်စွာဘုရားရှင်တော်မြတ်ကြီးတောင် ရင်ဆိုင်ကြုံတွေ့ရသေးတာပဲ မဟုတ်လား ... အခုလို ပိုစ့်လေးတွေ တင်တတ်တဲ့ တူမကြီးကို အထူးပဲ လေးစားမိပါကြောင်း ပြောကြားရင်း ... သာဓုသုံးကြိမ် ခေါ်ဆိုမိပါတယ် .... သာဓု သာဓု သာဓု ... ။

    ခင်မင်လေးစားမှုများစွာဖြင့်

    ReplyDelete
  23. အစ်မကြီး ဟုတ်လာပြီ ဒီအတိုင်းဆက်ကြိုးစားထား။တယ်ဟုတ်ပါလား
    အစ်မတော်ရယ် ဒီလိုကြားချင်နေတာကြာပြီ။အဓိကကတော့
    အလုပ်လုပ်ဖို့ပဲ။နောင်ဆို စိတ်ကလေးကပိုငြိမ်းချမ်းလာမယ်။

    ReplyDelete
  24. ကိုယ့်စိတ်ချမ်းသာမှုဟာ သူများပေါ်မှီခိုနေရင် အစစ်
    မဟုတ်ဘူး အစ်မရေ။ကိုယ့်အပေါ်မူတည်နေမှ အစစ်။
    တရားစာတွေရေးတဲ့အတွက် လေးစားပါတယ်အစ်မတော်။

    ReplyDelete
  25. မက်မက်လေးရေ---
    အလုပ်များလို့ ခုမှ လာဖြစ်တယ်--
    သီချင်းလေးကကောင်းလိုက်တာမက်မက်လေးရေ---
    အထပ်ထပ် နားထောင်မိတယ်---
    သံဝေဂတရားလေးပါပဲ----

    ReplyDelete
  26. ကောင်းလိုက်တဲ့ ပို့စ်လေးပါပဲ..
    မမ ညီမလေးက အဲလိုတော်တာ.
    လောဘ၊ဒေါသ၊မောဟ၊ အတ္တ၊ မာန်မာန တွေဖုံးလွမ်းနေကြတဲ့လူတွေထဲမှာ မမလည်းတစ်ယောက်အပါအ၀င်ပဲမို့ ညီမလေးပို့စ်လေးကိုဖတ်ပြီး ဆင်ခြင်မိလိုက်ပါတယ်နော်.
    ကျေးဇူးပါ ညီမလေးရေ.
    မမက လူတွေအပေါ်တော့ အတတ်နိုင်ဆုံးမေတ္တာပေးပြီး
    နေပါတယ်ကွယ်.ဒါပေမယ့် နာကြည်းစရာတွေ့ခဲ့ရင်
    တော့ အဲဒီသူကို သူများထက်ပိုပြီး ဥပေက္ခာပြုတတ်
    တယ်.မုန်းတတ်တယ်လေ. မကောင်းမှန်းသိနေပေမယ့်
    မာန်မာနက အခုအသက်အရွယ်အထိမချနိုင်သေးဘူး
    ညီမလေးရေ.
    ဘာပဲဖြစ်ဖြစ် ညီမလေးပို့စ်လေးဖတ်ဖြစ်ပြီး သတိလေး
    ပိုထားမိတာပေါ့နော်..ကျေးဇူးပါ ခလေးရေ.

    တီတီဝါ

    ReplyDelete
  27. ကောင်းလိုက်တာ မက်မက်ရေ...

    ReplyDelete
  28. ဖတ်ရတာ နောက်ကျပေမယ့်
    သိပ်ကောင်းလွန်းလို့ ကျေးဇူးတင်ပါတယ်

    ReplyDelete
  29. နိုင်နိုင်September 21, 2009 at 1:44 AM

    မက်မက်ရေ....
    ကျနော်ကတော့ဒီပို့စ်လေးကို
    သဘောကြတယ်အပြင်မှာလဲ
ဲခနခနမြင်တွေ့နေရတယ်တရားတော့မရသေး
    ဘူးသနားစရာကောင်းတဲ့ရွှေ Migrants တွေ
    ရဲ့နာရေးတွေမှာသူငယ်ချင်းတွေစုပြီးတတ်နိုင်သ
    လောက်လုပ်ပေးနေတာလေကိုယ့်ငွေနဲ့ကိုယ်ပေါ့
    ကျနော်တို့အားလုံးကလဲတနေ့လုပ်တနေ့စား
    Migrant တွေပါပဲ

    ReplyDelete