Subscribe:

Friday, July 31, 2009

ကျွန်တော်မုန်းတဲ့အမေ




ကျမမှာ တုန်နေအောင် သိပ်ချစ်ရတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ ရွာဈေးမှာ ဈေးရောင်းပြီး ဘ၀ကို ဖြတ်သန်းခဲ့ ရပေမယ့် သားလေးမျက်နှာကြောင့် ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး။ ဆင်းရဲတဲ့ ကျမဘ၀ထဲကို ၀င်လာတဲ့ သားလေးကိုပဲ အရမ်းသနားပါတယ်။

ကျမပညာ မတတ်ခဲ့ပေမယ့် ကျမသားလေးကို ကျောင်းပညာတတ်ကြီး ဖြစ်စေချင် ခဲ့သူပါ။ သားလေးကို ကျမသိပ် ချစ်သလောက် ကျမသားလေးက ကျမကို အင်မတန် မုန်းပါတယ်။သားလေး မုန်းလဲမုန်းချင် စရာပါ။ ကျမက ရုပ်ဆိုးအကျဉ်းတန် လွန်းပါတယ်။

တစ်နေ့ ကျောင်းသားမိဘ တွေ့ဆုံပွဲမှာ ကျမ တတ်ရောက်ပြီး သားလေးဘေးမှာ သွားရပ်မိတော့ ကျမကို စူးစူးစိုက်စိုက် ကြည့်ပြီး ကျမနဲ့ ဝေးရာကို ထွက်ပြေးသွား ခဲ့ပါတယ်။

အကျဉ်းတန်တဲ့ မျက်နှာနဲ့ ဆင်းရဲမွဲ တေနေတဲ့ ဒီအမေကို ကျောင်းမှာ တွေ့လိုက်ရတော့ သားလေး ရှက်သွားမယ် ဆိုတာကျမ ခံစားမိပါတယ်။

ခင်ဗျားကြီးကို ကျောင်းကို မလိုက်လာ ပါနဲ့ဆိုတာ အခုတော့ ကျနော့ကို သူငယ်ချင်းတွေ ရှေ့မှာ ၀ိုင်းလှောင်ခံရပြီ။ ခင်ဗျားကြီး တမင်သက်သက် ကျနော့ကို အရှက်ခွဲတာပဲ။ ခင်ဗျားကြီးကို ကျနော်မုန်းတယ်။ ဆင်းရဲတဲ့ ကျနော့ဘ၀ကိုလဲ ကျနော်မုန်းတယ်။ ခင်ဗျားကြီး မြန်မြန်သေမှ ကောင်းမယ်။ ခင်ဗျားကြီးကို အမေတော်ရတာ ကျနော်ရှက်တယ်။ ကျနော်မုန်းတယ် မုန်းတယ်။

ကျမသားလေး စိတ်ဆိုးမာန်ဆိုးနဲ့ ကျမကို ပြောနေပေမယ့် ကျမသားလေးကို ကျမအရမ်း သနားမိပါတယ်။ ကျောင်းမှာသူငယ်ချင်းတွေရဲ့ အလှောင်အပြောင်ကို ခံရတော့ သူလဲ ရှက်ပေမပေါ့။ကျမ အပြစ်တွေပါ ကျမအပြစ်တွေပါ။ ကျမသားလေးကို ဆင်းရဲတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်သွားတယ် ။ ဆင်းရဲတဲ့ ကျမဆီမှာ လူလာဖြစ်ရတဲ့ သားလေးကို ကျမအရမ်း သနားတယ်။

ကျမထမင်း စားခန်းထဲမှာ တစ်ညလုံး မအိပ်ဘဲ ထိုင်ငိုနေခဲ့ မိပါတယ်။ ကျမသားလေး ကျမကို အမြဲမေးတတ်တဲ့ မေးခွန်းကိုလဲ ကျမမဖြေ ခဲ့တဲ့အတွက် ကျမ၀မ်းနည်း ရပါတယ်။


ကျနော်ပြောလိုက်တဲ့ ညနေက စကားတွေကြောင့် ခင်ဗျားကြီး ငိုနေတာလား။ ဒါကလည်း ကျနော့ကို ပြောထွက်အောင် ခင်ဗျားကြီး ဖိအားပေး ခဲ့တာပဲလေ။ ခင်ဗျားမျက်နှာ မြင်ရင်ကို ကျနော့်ဒေါသတွေ အလိုလို ထွက်လာတယ်။ ခင်ဗျားကို မုန်းတဲ့စိတ်တွေ များများလာတယ်။ ရေသောက်ဖို့ အောက်ထပ်ဆင်းလာတဲ့ ကျနော် ခင်ဗျားကြီး ထိုင်ငိုနေတာကို တွေ့ရတော့ မနှစ်မြို့စွာနဲ့ အိမ်ပေါ်ထပ်ကို ပြန်တတ်ခဲ့တယ်။ ငါတနေ့ ပညာတတ်ကြီး ဖြစ်ရမယ်။ တစ်နေ့ ချမ်းသာလာရမယ်။ ကျနော် ကိုယ့်ကိုကိုယ် အားတင်းပြီး စိတ်ဆုံးဖြတ်ချက် ချက်ခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ ကျနော် မြို့ကျောင်းမှာ ကျောင်းတတ်ဖို့ အိမ်ကနေ အပြီးထွက်လာ ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ မြို့ကျောင်းမှာ ကျောင်းဝင်ခွင့် ရရှိပြီး ကျနော် စာကိုကြိုးစား သင်ယူခဲ့ပါတယ်။ ကျောင်းပြီးသွားတော့ ကျနော် ရွာမပြန်ဘဲ မြို့မှာပဲ ကျနော့်ဘ၀ကို ဖြတ်သန်းပြီး အိမ်ထောင်ပြုခဲ့ လိုက်ပါတယ်။ အခုဆိုရင် ကျနော့မှာ အောင်မြင်နေတဲ့ စီးပွားရေး အတည်အကျနဲ့ ကျနော်သိပ်ချစ်တဲ့ ဇနီးနဲ့ သမီးလေးကလဲ ကျနော့်ဘေးနားမှာ ရှိနေပြီ။ ကျနော့ဘ၀ဟာ ပြည့်စုံနေပါပြီ။


အာာ...သမီးကြောက်တယ်၊ သမီးကြောက်တယ် ဆိုပြီး ခြံထဲမှာ ကစားနေတဲ့ သမီးလေး အော်သံကြောင့် သတင်းစာ ဖတ်နေရာမှ ကျနော် အပြေးလေး ထွက်ကြည့်ခဲ့ပါတယ်။ ခြံရှေ့မှာ အဖွားကြီး တစ်ယောက်ကို တွေ့ရတော့ ကျနော်ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။

ဒီမှာ အဖွားကြီး ခင်ဗျား ကျနော့ခြံရှေ့ကို ဘာလာလုပ်တာလဲ။ ခင်ဗျားကြီးက ကျနော့သမီးကိုလဲ ခြောက်လန့်လွတ်လိုက်တယ်။ ခင်ဗျားကြီး အခုချက်ချင်း ကျနော့ခြံရှေ့က ထွက်သွားစမ်း။ ကျနော်ဒေါသ ထွက်ထွက်နဲ့ အဲဒီအဖွားကြီးဆိုတဲ့ ကျနော့်အမေကို မသိချင် ယောင်ဆောင်ပြီး အော်လွတ်လိုက်တယ်။

အမေ လိပ်စာမှားရှာပြီး ဒီခြံရှေ့ကို ရောက်လာလို့ပါ လူလေးရယ် ။ အမေတောင်းပန်ပါတယ် ။ ခွင့်ပြုပါဦးကွယ် ဆိုပြီး တည်ငြိမ်စွာနဲ့ ကျနော့ရှေ့မှ ထွက်ခွာသွားပါတယ်။

ဟူးးးး တော်ပါသေးရဲ့၊ အဖွားကြီး ငါ့ကို သူ့သားမှန်း မမှတ်မိလို့ တစ်ကိုယ်တည်း ပြောဆိုမိပြီး သက်ပြင်းချ မိပါတယ်။ တော်ပါပြီ အတိတ် အကြောင်းကို မစဉ်းစားတာပဲ ကောင်းပါတယ်။

တစ်နေ့မှာ ကျောင်းသားဟောင်း စုံညီပွဲ တတ်ရောက်ရန် ကျနော့ မွေးရပ်မြေ ကျောင်းမှ စာတစ်စောင် ရောက်ရှိလာ ခဲ့ပါတယ်။ အဲဒီတော့ ကျနော့ ဇနီးသည်ကို မသိစေ ချင်တာနဲ့ အလုပ်ကိစ္စနဲ့ ခရီးထွက် ရမယ်ဆိုပြီး လိမ်ညာပြောဆိုကာ မွေးရပ်မြေရှိရာ ရွာကျောင်းဆီသို့ ခရီးထွက် လာခဲ့ပါတယ်။ ကျောင်းသားစုံညီ ပွဲပြီးတော့ ကျနော့် ခြေလှမ်းတွေက ကျနော်နေခဲ့တဲ့ ရပ်ကွက်လေးမှ အိမ်လေးဆီသို့ ရောက်ရှိလာ ခဲ့ပါတယ်။

ကျနော့လက်တွေက လူခေါ်ခေါင်းလောင်း ဘဲလ်ကို နှိတ်မိပြီး အမေများ ရှိနေမလားဆိုတဲ့ အတွေးနဲ့ ခြံထဲကို ကြည့်မိလိုက်တဲ့ အခါမှာတော့ လက်ထဲမှာ စာလေးတစ်စောင်ကိုင်ရင်း မြက်ခင်းပြင်ပေါ် လဲကျနေတဲ့ အမေ့ကို တွေ့ရှိလိုက်ပါတယ်။

အမေ့သားလေး

အမေ့ဘ၀က သေပျော်နေပါပြီ သားရယ်။ သားကို တွေ့ချင်လွန်းလို့ ရွာကိုခဏလောက် ပြန်လာခဲ့ပါလို့ အမေမပြော ရက်သလို သားရှိတဲ့ မြို့ကိုလဲ အမေနောက် ဘယ်တော့မှ ထပ်မလာ တော့ပါဘူး။ ဒါပေမယ့် အမေသားကို အရမ်းသတိရတယ် အရမ်းလဲ လွမ်းတယ် သားရယ်။ သား ကျောင်းသားဟောင်း စုံညီပွဲတော်ကို တက်ရောက် ရမယ်လို့ သတင်းကြားတော့ အမေပျော် လိုက်တာ။ သားကို တွေ့ချင်နေ ပေမယ့်လဲ မျက်လုံးတစ်လုံး တည်းရှိပြီး အရုပ်ဆိုး အကျဉ်းတန်နေတဲ့ အမေ့ကို တွေ့ရင် သားအတွက် စိတ်ပျက်စရာ မနှစ်မြို့စရာ ဖြစ်မှာကို တွေးပြီး ကျောင်းကိုမသွားဖို့ အမေဆုံးဖြတ် ခဲ့တယ်သား။

အမေ့မှာ ဘာလို့ မျက်လုံးတစ်လုံးပဲ ရှိရတာ လဲဆိုတဲ့ သားအမြဲ မေးနေတဲ့ မေးခွန်းကို အမေမပြောဘူး လို့ဆုံးဖြတ် ထားပေမယ့် အခုတော့ ငါ့သားလေး စိတ်ထဲပေါ့ သွားအောင် အမေပြောပြပါမယ်။ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆ ထိခိုက်မှု နဲ့မျက်လုံး တစ်လုံးဆုံးရှုံး ခဲ့ရတယ်သား။ ကိုယ့်သား တစ်ယောက်က လောကကြီးကို မျက်လုံးတစ် ဖက်တည်းနဲ့ ကြည့်ရမြင် ရမှာကို ဘယ်မိဘက ခံစားနိုင်မှာလဲ သားရယ် ။ လောကကြီးမှာ မျက်လုံးတစ်လုံးတည်းနဲ့ အသက်ရှင်ပြီး နေရတော့မယ့် သားအတွက် အမေ့မျက်လုံး တစ်လုံးကို ဖောက်ထုတ်ပြီး အစားထိုး ကုသခဲ့တယ်။ လောကကြီးကို အမေ့မျက်လုံးနဲ့ ကမ္ဘာသစ် တစ်ခုကို ရရှိတော့မယ့် သားအတွက် အမေဂုဏ်ယူခဲ့တယ်။

အမေ့မှာ မျက်လုံးတစ်လုံး တည်းရှိလို့ လူပုံအလယ် သားလေး အရှက်ကွဲရတိုင်း စိတ်ဆိုးဒေါသနဲ့ အမေ့ကို ပြန်ပြော တဲ့အခါ ငါ့သားလေးက ငါ့ကို အရမ်းချစ်လို့ ပြောတာပဲ လို့တွေးပြီး အမေဖြေသိမ့် ခဲ့တယ်သား။ သားဘာပဲ ပြောပြော ဘာပဲလုပ်လုပ် သားကို အမေစိတ် မပျက်ခဲ့ဘူး။

သားငယ်ငယ်တုန်းက အမေ့အနားမှာ အမြဲရှိ နေတတ်တဲ့ အချိန်တွေကို အရမ်းသတိရတယ် ၊ သားကိုအရမ်း လည်းချစ်တယ် ။ သားဟာ အမေ့အတွက် ကမ္ဘာတစ်ခုပါ။ အခုတော့ အမေ့ကမ္ဘာဟာ ကြေမွပျက်စီး သွားပါပြီ သားရယ် ။အမေ့အစား သားလေးအသက်ရှင်ပြီး လောကအလှကို ခံစားကြည့်ရှု နေခဲ့တာကို အမေကျေနပ် ဂုဏ်ယူနေ မိတယ်သားရယ်။

သားကိုအရမ်းချစ်တဲ့
အမေ

ကျနော်မှားပြီ။ ကျနော် အများကြီး များသွားပြီ အမေ ။

((((((((((((((((((အမေ ))))))))))))))))))


ပဲ့တင်ထပ်မျှ အမေ့ကို ပွေ့ချီလျှက် ကျနော် အော်ခေါ်ပါ သော်လည်း ကျနော့် အမေ ကြားနိုင်စွမ်း မရှိတော့ပါ။

A Mother's Sacrifice ဆိုတဲ့ မိခင်တစ်ယောက်ရဲ့ စွန်လွတ်ပေးဆပ်မှု ပုံပြင်လေးကို ခံစားပြီး စိတ်ကူးယဉ် ရေးဖွဲ့ပါသည်။


Monday, July 27, 2009

အချစ်=?






အချစ်..အချစ်..အချစ်..အချစ်...တကယ်တော့ အချစ်ဆိုတာ ဟာဘာလဲ..... အချစ်ဆိုသည်မှာ ဘာလဲ....အိပ်မက်ဆိုတဲ့ ကောင်မလေး အူကြောင်ကြောင် နိုင်စွာနဲ့ တော်တော်လေးကို စဉ်းစားလိုက် ရပါတယ်။

အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...

ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ။ တခါတလေမှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်း လိုက်ချင်လည်း ....တခါတလေတော့ အချစ်နဲ့ ဝေးချင်တယ်။

အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ ရှိရှိသမျှသော သူတွေက အဓိပ္ပာယ် မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ ကြပါတယ်။လူတိုင်းလူ တိုင်းဟာလည်း ကိုယ်အားသန်ရာ အတွေးတွေနဲ့ အမျိုးမျိုး ဖွဲ့ဆိုကြပါတယ်။ အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေနဲ့ ဖွဲ့ဆိုကြသလို၊ ဒဿန ဆရာတွေကလည်း ဒဿနလေး တွေနဲ့ဖွဲ့ ဆိုကြပါတယ်။ တရားဟော ဆရာတွေကလည်း ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။ အမျိုးမျိုးပေါ့။ တကယ်တော့ အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ဝေဒနာတို့ဖြင့် ရှင်သန်နေ စေတာပါ။ ဒါကမက်မက် နားလည်သလောက်ပါ။ နဲနဲချစ်ရင် နဲနဲပဲ ဝေဒနာ ခံစားရမယ်။ အများကြီးချစ်ရင် အများကြီး ခံစားရမယ်။

ဒါဆိုရင် ဝေဒနာတို့ဖြင့် နှလုံးသားကို ရှင်သန်စေသော အရာကို အချစ်ဟု ခေါ်သည်လို့ အဓိပ္ပာယ် သတ်မှတ်လို့ ရသွားပြန်တယ်နော်။နေ့တစ်နေ့ကို ပေါ့ပါးလန်းဆန်းစွာ နိုးထစေခဲ့ပြီး ဝေဒနာတို့ဖြင့် ရှင်သန်မှု ပေးသော အရာကို အချစ်ဟုခေါ်သည်။ မေတ္တာ၊ ကရုဏာ၊ စေသနာ၊ မုဒိတာ စတာတွေက ၅၂၈ ကိုနွယ်ပြီး၊ သမီးရည်းစား အချစ်ကြတော့ ၁၅၀၀ လို့ခေါ်တဲ့ တဏှာဘက်ကို ကူးသွားတော့ လူတွေကို ဝေဒနာတွေနဲ့ ပူလောင်စေ ပြန်တယ်နော်။ တွေးတော ရင်းနဲ့တောင် အင်မတန် စိတ်မှာ ပူလောင်ရပါတယ်။

တကယ်တော့ အချစ်ဆိုတာကို ဘယ်သူမှ ရေရေရာရာ တိတိကျကျ မသိကြပါဘူး။ အချစ်ဆိုတာ ဘာလဲသိကြရင် အဖြေတွေ ဟာလည်းဒီလို အများကြီး ထွက်လာစရာ မရှိဘူးလေ။အချစ်ဆိုတာ ဘာလဲ သူတို့ကိုယ် တိုင်တောင် မသိကြ ပါဘူးနော်။ ဒါကြောင့် မက်မက်လည်း မသိပါဘူး။ လူတိုင်းမှာ ချစ်တတ်တဲ့ စိတ်ကလေး တွေတော့ ရှိကြတာပဲ။ လူတွေမပြောနဲ့ တိရိစ္ဆာန် တွေတောင် ချစ်တတ်ကြပါတယ်။ ချစ်တတ်တာ တော့သိတယ်။ဟုတ်ပြီ၊ ဘာကြောင့် ချစ်တာလဲ၊ အကြောင်း တရားတော့ ရှိရမယ်နော်။ ဥပမာ မုန့်ဟင်းခါးကို ချစ်လို့ စားတာလား၊ ကြိုက်လို့စား တာလား။ ဟဲဟဲ...ကြိုက်လို့စား တာပေါ့လို့ အားလုံးက တစ်ညီတညွတ် ထဲဖြေမှာ ကျိန်းသေပါတယ်။ဒါဆိုရင် စဉ်းစားကြည့်လိုက်ပေါ့။ ကြိုက်တယ်ဆိုတာ ပိုင်ဆိုင်မှု သဘော သက်ရောက် သွားပြီနော်။ အချစ်ဆိုတဲ့ အဓိပ္ပာယ် ကျတော့ ဆန့်ကျင်ဘက် ဖြစ်သွားပြန်ရော။

ဘ၀ဒဿန စာရေးဆရာ ရဲ့ ကဗျာလေးကို ဖတ်ရတော့ အလှနဲ့အချစ် ဟာဒွန်တွဲနေတယ် ဆိုတာ သိလိုက်ရတယ်။ ဘ၀ဒဿန စာရေးဆရာ ကာလီဂျီဗရန်း(1883-1931)က

"သဘာဝတွင် အလှသည် အဓိက
အလှ ဟူရာတွင်လည်း...
အလှ၌ အချစ်စစ်သည် တည်သောကြောင့်ဖြစ်၏။
အလှတွင် တည်သော အချစ်ကို တွေ့ရခြင်းသည်
ဘ၀၏ ပြင်းစွာသော မျှော်လင့်ချက်ပင်" ဖြစ်သည်ဟု စပ်ဆိုထားပါတယ်။


ဒါဆိုရင် လှတယ်ဆိုတာ လူတယောက်ရဲ့ စိတ်ကို စွဲဆောင်နိုင်သော အရာကို ခေါ်တာပါ။ သူအပေါ် ဖြစ်ပေါ်လာတဲ့ အချစ်ဟာ ပေးကမ်းရန် သာဖြစ်ပြီး ရယူပိုင်ဆိုင်ဖို့ မဟုတ်ပါဘူး။ ဥပမာ မိန်းမလှ တယောက်ကို တွေ့ရင် သင့်နှလုံးသားက အဲဒီအလှကို လွမ်းမိုးဖို့ ဆွဲယူပါလိမ့်မယ်။ အဲဒီအခါ သင့်ကိုယ်မှာ ကြေကွဲခြင်း ဝေဒနာနဲ့ ပျော်ရွှင်ခြင်း ဝေဒနာ တို့ပေါင်းစပ် မိသွားကြတယ်။ ဒီလိုပေါင်းစပ်တာကို သင်ကိုယ်တိုင် သိမှာ မဟုတ်ပါဘူး။ သိခဲ့တယ် ဆိုရင်တောင် ၀ိုးတိုးဝါးတား လောက်ပဲဖြစ်မှာပါ။ဒါဆို စိတ်နှင့်ဝိညာဉ်ကို စွဲဆောင် နိုင်သော အရာကို အလှဟု ခေါ်သည်လို့ အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပြန်ရော။ သူ့အပေါ်၌ ဖြစ်ပေါ်လာတဲ့ အချစ်သည် ပေးကမ်းရန် သာဖြစ်ပြီး ရယူရန် မဖြစ်တော့ဘူး။

အချစ်ဆိုတာ သေဆုံးခြင်း မရှိသော အရာပါ။ ဒါပေမယ့် ဘ၀ကို ပြာကျစေ နိုင်လောက်တဲ့ အရာလည်း ဖြစ်ပြန်ရော။ ကဗျာ ဆရာတွေ ဘယ်လိုဖွဲ့နွဲ့ ခဲ့ကြမှန်းတော့ မက်မက်မသိ၊ ဒဿန ဆရာတွေ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုကြမှန်း မက်မက် နားမလည်။ မက်မက် နားလည်လိုက် တာကတော့ သူ့ကိုချစ် ခဲ့ဖူးသည်။ သူမမှာ အင်မတန် ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာတော့ သူမသိသည်။ အချစ်ဆိုတာ သေဆုံးခြင်း မရှိသော ဘ၀ကိုပြာကျ စေနိုင်သော မီးတောက်မဲ့ အိပ်မက်မြစ် တစ်ခုလိုမျိုး ဆိုတာကို သူမသိသည်။

~~~~အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု၊ ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါ အခု။ မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တခု.....၅၂၈ ထက်ပိုရင် နှောင်ဖွဲ့တွေစု...~~~~

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်း တော့မဟုတ်ဘူး။ ဒါဆိုရင် စွန့်လွတ်ခြင်းလား။ ဘယ်သူမှ သေချာနား မလည်ပါဘူး။ ဒီတော့ မက်မက်လဲ နားမလည်ဘူး ။အခု ဒီပို့စ်ကို ဖတ်နေတဲ့ သင်ရော...အချစ်ဆိုတာ ဘာလဲ? သိလား? သိရင်ပြောပြ။ :D

တက်ဂ်တွေကို ဘယ်သူ့ကိုမှ မရေးခိုင်း တော့ဘူးလို့ ဆိုပေမယ့် အချစ်ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းလေးကို သူတို့လေးတွေ ဆီကနေလဲ သိချင်သေးတယ်။ဟဲဟဲ.....ရေးပေးမယ် ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ထာဝရ လက်တွဲနိုင်မှာနော်။မဟုတ်ရင်တော့...မသိ..ဟိဟိ :P

မက်မက် သိချင်တာက သူတို့တွေ ပြောတဲ့

ချစ်
ဆို
သည်
မှာ
ဘာ
လဲ
?
ဆို
တဲ့

ကြောင်း
လေး
ပါ
နော်



Tuesday, July 21, 2009

ရင်နဲ့ရင်း၍ခံစားဖတ်ပါ


Dream Blog ကိုဘာကြောင့် စရေးဖြစ် ရတာလဲဆိုတော့ အရင်ရေးခဲ့တဲ့ တက်ဂ်ပို့စ်မှာ ရေးခဲ့ပြီးပါပြီ။ ရီဒါတစ်ယောက်ကနေ ဘလော့ဂ်စတင် လာခဲ့တာဆိုတော့ ရိုက်ဒါတစ်ယောက် ဖြစ်လာအောင် လုပ်ဖို့ကတော့ စစချင်းမှာ သူလိုကိုယ်လိုပါပဲ အားလုံးစမ်း တ၀ါးဝါးပေါ့။ ဘာကိုဘယ်လိုရေးပြီး ဘာပို့စ်ကို ဘယ်လိုတင် ရမလဲဆိုတာ နဲနဲတော့ ဦးနှောက်စား တာပေါ့နော့်။ စာကလဲမရေး တတ်ဘူးလေ။ သူများဘလော့တွေ လိုက်ဖတ်တယ်။ ကြိုက်တဲ့ပို့စ် တွေကို ကိုယ်ဘလော့ဂ်မှာ ပြန်ဖော်ဝပ်ဘ် လုပ်ရတာပဲ။ ဘာမှနားမလည်တဲ့ ဘလော့ဂ်ဂါ အသစ်ဆိုတော့ အဲဒီလိုနဲ့ ကိုယ်လဲစခဲ့ ရတာပါပဲ။ အမှန်ပြောရရင် ကွန်မန့်ဆိုတာ အဲဒီချိန် တုန်းကတော့ တကယ်ကို မခံစား တတ်သေးပါဘူး ။

ကွန်မန့်အတွက် ခံစားမှု မရှိပေမယ့် နောက်ပိုင်းကွန်မန့်လေး တစ်ခုစ နှစ်ခုနဲ့ အစပြုလာတော့ ကိုယ်ပိုင်ရေးနည်း ရေးဟန်လေးတွေ လုပ်ချင်လာတယ်။ အဲဒီအတွက်လည်း စာပိုဖတ် ဖြစ်လာတယ်။ သူများတွေ ဘယ်လိုရေးလဲ ဆိုတာတွေနဲ့ အတုယူခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဘလော့ဂ်နဲ့ ပတ်သတ်တာတွေကို လေ့လာဖြစ်ခဲ့တယ်။ အစတုန်း ကဆိုရင် ဘလော့ဂ်ဂါတို့ ထုံးစံအရ ကွန်ပြူတာရှေ့ရောက်ရင်ကို ထမင်းမေ့ ဟင်းမေ့ပေါ့။ စားလဲ ဒီစိတ် သွားလဲ ဒီစိတ်ပေါ့။ သေချာတာ တစ်ခုက လမ်းသလားခြင်း မပြုမိတော့ပဲ ခြေငြိမ်မိတာပါပဲ။ အိမ်ထဲပဲ အောင်းတတ်ပြီး ဘလော့ဂ်နဲ့ အဖော်ပြု တတ်လာတယ်။ လုပ်စရာ ရှိတာတောင်မှ မြန်မြန်ဆန်ဆန်လုပ်၊ သွားစရာ ရှိတာတောင် မြန်မြန်ဆန်ဆန်သွား ပြီးတာနဲ့ အိမ်တန်းပြန် ဘလော့ဂ်ဂင်းတော့တာပါပဲ။ အဲလိုအဲလို အစွဲအလမ်း တွေများနော်။ တော်တော်ခက်ပါ့... အဟား.... :) အဲဒီအချိန် တုန်းကသာ သေခဲ့မယ်ဆိုရင် မက်မက်တို့များ ကျွတ်မှာတောင် မဟုတ်ဘူး။ :)

ပို့စ်ရေးပြီး တင်ပြီးတာနဲ့ ကိုယ့်ပို့စ်လေး ဘယ်သူတွေဖတ်လဲ ကြည့်ရတာလဲ အမောပဲလေ။ ဒီတစ်ခါ ကိုယ်ရေးလိုက်တဲ့ပို့စ် ဖတ်လို့မကောင်းရင် နောက်တစ်ခါ ဘယ်လိုမျိုး စိတ်ဝင်စားအောင် ရေးရမလဲ ဆိုတာပါ ခေါင်းထဲမှာ ဒိန်းဒိန်းဆို arrange လုပ်ထားလိုက်ပြီ။ စာဖတ်သူတွေရဲ့ ရင်တွင်းစကားက စာရေးသူရဲ့ အားဆေးတစ်ခွက်ပါ။ ကိုယ်နောက် တစ်ပို့စ်ကို ဘယ်လိုကောင်းအောင် ရေးမလဲ ဘယ်လိုကြိုးစားမလဲ ဆိုတဲ့ အားအင်တွေ အများကြီး ပေးပါတယ်။ စာဖတ်သူရဲ့ စကားသံက စာရေးသူ အတွက် အင်မတန် အရေးကြီးပါတယ်။ စာရေးဖို့ ပိုကြိုးစား ချင်စိတ်နဲ့ ပိုအားတတ်လာတယ်။

အဲလိုစာဖတ် သူကပေးတဲ့ အားအင်တွေနဲ့ပဲ တကယ်လည်း ကြိုးစားခဲ့ပါတယ်။ တစ်ခါတစ်ခါ ကိုယ်ရေးတဲ့ ပို့စ်လေးတွေ ဘာသာပြန် ပို့စ်တွေက ကိုယ့်ဆီဖော်ဝပ်ဒ် အီးမေးလ် အဖြစ်နဲ့ ပြန်ရောက်လာလို့ ပီတိဖြစ်ရပါတယ်။ တစ်ခါတစ်ခါ ကိုယ့်တင်လိုက်တဲ့ ပို့စ်တွေကို သူများတွေက သူတို့ဆိုဒ်တွေမှာ ပြန်တင်ထားတာကိုလဲ တွေ့ရှိရပါတယ်။ တစ်ချို့ကျတော့လဲ ခွင့်တောင်းပြီး မူရင်းလင့် ပါတွဲလျှက် ချိတ်ပေးထားပါတယ်။ တစ်ချို့ကျတော့လဲ ဘာမှမချိတ် ပေးထားပါဘူး။ဒါကလဲ အဓိက ပြသနာမဟုတ်။ ကိုယ့်ခံယူချက်က ကိုယ်ရေး လိုက်တဲ့စာ လူဆယ်ယောက် လောက်ပဲ သိရာကနေ လက်ဆင့်ကမ်း ဖြန့်ဝေပေးလို့ လူတစ်ရာလောက် သိသွားမယ် ဆိုရင်ကိုပဲ ကျေနပ်ပါတယ်။ အဲလိုစာပေ အသိပြန်လည် ဖြန့်ဝေပေးတဲ့ သူတွေကိုလည်း မက်မက်က ကျေးဇူးတင်ပါတယ်။

ဟိုတစ်နေ့ကမှ သူငယ်ချင်း တစ်ယောက်က မေးလာပါတယ်။ ပို့စ်တင်တဲ့အခါ ဘယ်လိုခံစားချက်နဲ့ တင်လဲတဲ့။ ပို့စ်တင်ပြီးတိုင်း ဘယ်လိုခံစားချက် ရှိသလဲတဲ့။

ဒါကတော့ သူကစာရေးသူ တွေရဲ့စိတ်ကို မခံစားတတ်လို့ မေးတယ်လို့ပဲ သတ်မှတ်ပါတယ်။ ကိုယ်ကပြန်ဖြေ ပြရင်လဲ သိမှာမဟုတ်ပါ ဘူးလေနော့်။ သူတစ်နေ့ စာရေးသူဖြစ်ရင် နားလည်လာ ပါလိမ့်မယ်။ ဘယ်သူတွေ ဘာပြောပြော မက်မက်အဖို့တော့ ဒီဘလော့လေး ကောင်းမှုကြောင့် တန်ဖိုးဖြတ် မရတဲ့ မိတ်ဆွေကောင်းတွေ အများကြီး ရတယ်ဆိုတာကို ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီဘလော့လေးကြောင့် စိတ်ညစ်ခဲ့ရတာ ရှိခဲ့သလို စိတ်ပျော်ရွှင် ခဲ့ရတာလဲ ရှိပါတယ်။ ဒီဘလော့ကြောင့် ခံစားချက်တွေ ပြင်းထန်လာတယ်။ အဲဒီလို ခံစားချက် အစွဲအလမ်းတွေ လျှော့ပါးအောင် သူငယ်ချင်းတွေက တရားနဲ့ လက်တွဲခေါ်တယ်။

ကိုယ်ကလည်း အစပိုင်းမှာ ဟုတ်သလို လိုနဲ့ပါပဲ။ သူတို့ခေါ်ရာနောက်ကို လိုက်ပါတယ်။ ဒါပေမယ့် စွဲလမ်းမှု တဏှာကို တပ်မက်တဲ့ လူ့စိတ်က သိတဲ့အတိုင်း ပဲလေနော်။ တရားထိုင်ဖို့ တနာရီဆိုရင် မနည်းဖျစ်ညစ်နေတာ။ ကွန်ပြူတာရှေ့မှာ ထိုင်ဆိုရင် လေးငါးနာရီကြာလဲ တုတ်တုတ်မလှုပ်။ အင်တာနုပါဒါန် ကမ္မဌာန်း ထိုင်တာလေ။ ရလာတဲ့ အကျိုးရ လာဒ်ကတော့ ဗိုက်ပူခါး တုတ်ပါပဲ။း)

သူငယ်ချင်းနဲ့ အွန်လိုင်းမှာတွေ့ရင် နင်တရားထိုင် ဖြစ်သေးလားနဲ့ ခဏခဏ အမေးခံရတယ်။ ကိုယ်ကလဲ မလိမ်ပါဘူး။ အခုတစ်လော စိတ်ရှုတ်စရာ ညစ်စရာတွေနဲ့ တွေ့တော့ တရားထိုင်ဖို့ကို ပျက်ကွက် နေတာလေ။ ငါတော့ အခုတလော စိတ်ရှုတ်စရာ၊ ညစ်စရာ တွေနဲ့ များတော့ ၀ိပဿနာ ကမ္မဌာန်းတော့ မထိုင်ဖြစ်ဘူးလို့။ ချက်တင်ဝင်ရင်းနဲ့ အင်တာနုပါဒါန် ကမ္မဌာန်းပဲ ထိုင်ဖြစ်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီအင်တာနုပါဒါန် ကမ္မဌာန်းဆိုတာ အင်တာနက် ချက်တင်ပဲ ထိုင်သုံး နေလို့လေ။း) အကျိုးရလာဒ်ကတော့ ဗိုက်ခေါက် ထူလာမယ်။ အိပ်ရေးပျက်တာ များလာမယ်။း) ရယ်စရာ ဟာသအဖြစ် ပြောတာပါ။

မောင်လေးတစ်ယောက်က အွန်လိုင်းမှာတွေ့လို့ ဆွေးနွေးပါတယ်။ အစ်မတဲ့ အဲဒီလို အစွဲအလမ်းတွေလျှော့ အပျော်အပါး တွေလျှော့တဲ့။ စိတ်ကိုအသုံး ချတာတွေ များရင် ပင်ပန်းရတယ် ဆင်းရဲရတယ်တဲ့။ တပ်မက်တဲ့စိတ်က ခိုင်းတာတွေကို လိုက်မလုပ်နဲ့တဲ့။ ကိုယ်ကပဲ စိတ်ကိုခိုင်း နိုင်အောင် လုပ်ပါတဲ့။ စိတ်ကကိုယ့်ကို ခိုင်းခံတဲ့သူ မဖြစ်စေ နဲ့တဲ့လေ။ အရမ်းကောင်းတဲ့ စကားပါနော်။ အခုဆိုရင် အစ်မကို ရထားတစ်စီးထဲ အတူသွားချင်လို့ အပါဆွဲခေါ် တာပါတဲ့။ ဒါကြောင့် ဘယ်ဘူတာမှာ ဆင်းနေခဲ့ ရမှန်းမသိသေးတဲ့ အချိန်မှာ စိတ်ကို အသုံးချတာတွေ များနေတဲ့ မက်မက် တစ်ယောက် ဘလော့အပေါ်ကို သံယောဇဉ် ယတိပြတ် ဖြတ်လို့မရ သေးပေမယ့် လျှော့နိုင်သမျှ လျှော့ထားပါတယ်။အရာရာကို သိမ်းပိုက်ချင် စိတ်များလွန်းတဲ့ စိတ်တွေကို ဓမ္မနဲ့ အနိုင်ယူ နေရာကနေ အခုတစ်လော သိပ်ပြီး ကွန်ဆန်ထရိတ် မဖြစ်လို့ ကိုယ့်ရဲ့အစွမ်း အလမ်းကြီးတဲ့ သံယောဇဉ်ကို ဖြတ်ဖို့ရန် ကြိုးစားနေပါတယ်။

မက်မက်လည်း အခုတစ်လော စိတ်ရှုတ်နေတာရယ်၊ နေမကောင်းဖြစ်ပြီး သွေးပေါင်ခဏခဏ ကျနေတာရယ်၊ အလုပ်များ နေတာရယ်နဲ့ပဲ အိမ်လည်ကျဲ နေပါတယ်။ ပို့စ်အသစ်တင်ဖို့လည်း ကျဲနေပါဦးမယ်။ သို့ပေမယ့် အွန်လိုင်းမှာတော့ အမြဲရှိ နေတတ်ပါတယ်။ အွန်လိုင်းမှာ ဂျီတော့ခ်ဖွင့် ထားပေမယ့် မည်သူနှင့်မျှ သိပ်မပြောဖြစ်ပါ။ သို့သော်လည်း နီးစပ်ရာ လက်လှမ်းမီရာ ဘလော့တွေကိုတော့ ဖတ်ဖြစ်ပါလိမ့်မယ်။

အခုဒီပို့စ်ကို ရေးနေတဲ့ အချိန်မှာ ပရက်ရှာ တိုင်းကြည့်တော့ သွေးပေါင်အရမ်း ကျနေပါတယ်။ တက်ဂ်ကြွေးရှိ နေတာကို မြန်မြန်ကျေချင်လို့သာ ခေါင်းကိုက်ခေါင်းမူး ဖြစ်နေတဲ့ကြားက ကြိုးစားပြီး ရေးပေးလိုက်ပါတယ်။အမှန်က ဦးနော်ရဲ့ ဘလော့ဂ်ဘာကြောင့် ရေးရလဲနဲ့ ဦးတလနွန်ရဲ့ ရင်နဲ့ရင်း၍ကို အကောင်းဆုံး ရေးပေးချင်ပေမယ့် အခုတော့ ဘလော့ဂ်ဘက်ကို ခြေလှမ်းမလှမ်းနိုင် ဖြစ်နေလို့ နှစ်ယောက်ပေါင်း တစ်တက်ဂ်အဖြစ် ရေးပေးလိုက် ရတာကို ဒီလောက်နဲ့ပဲ ကျေနပ်နားလည် ပေးနိုင်မယ်လို့ ထင်ပါတယ်။ ရင်နှင့်ရင်း၍ တက်ဂ်ပို့စ်ကို ခံစားဖတ် ပေးသွားတဲ့ စာချစ်သူ မိတ်ဆွေများကို ကျေးဇူးအထူး တင်ပါတယ်။


Wednesday, July 15, 2009

ထာဝရငြိမ်းချမ်းရာကောင်းကင်ဘုံသို့


ဟန်ဆောင်အပြုံး
လိမ်ညာတွေသုံးလို့
နင့်အပြောချိုချိုမှာ
ယစ်မှုးမိတဲ့.....
ငါ့နှလုံးသားလေး
အခုတော့....
ပိုးစားခံရပြီပေါ့။

အချိုကျွေးလွန်းတဲ့....နင်နဲ့
အချိုကြိုက်တဲ့...ငါ
ဘယ်သူမှ မလွန်ပေမယ့်
ပိုးစားခံလိုက်ရတဲ့
ငါ့နှလုံးသားလေး
အခုတော့....
ဓားစာခံ စတေးလိုက်ရပြီ။

ဝမ်းနည်းလွန်းလို့
ငိုချင်းချမိတဲ့ငါ့ကို
အခုတော့....
မြစ်နဒီတောင် လက်မှိုင်ချလို့
ကောင်းကင်တောင်
ဒူးထောက်အရှုံးပေးလိုက်ရပေါ့။

အငိုလွယ်ပေမယ့်
အရှိုက်ခက်တဲ့ ငါ
အခုတော့......
ရရှိလိုက်တာက
အကြင်နာမဟုတ်တဲ့
ခံစားမှု ဝေဒနာပေါ့။

တွေ့ကြုံဆုံကွဲ
ဖြစ်မြဲဓမ္မတာမို့
ပျယ်လွင့်သွားတဲ့
အိပ်မက်တစ်ခုအတွက်
အခုတော့....
ငါနောင်တမရချင်ပါဘူး

နိုးတ၀က် အိပ်တ၀က်နဲ့
ကြည့်မိလိုက်တဲ့ တခဏ
အရာအားလုံး
ဝိုး၀၀ါးနဲ့ ငါ့ရှေ့မှာ
အခုတော့......
ပျောက်ဆုံးလို့ သွားပေါ့။

မညီမျှခြင်းများစွာနဲ့
ထပ်တူကျနေတဲ့
တွေ့ဆုံခြင်းအစဟာ
ခွဲခွာခြင်းဆိုရင်
အဲဒီ...နိယာမကို
လက်ခံတဲ့ငါ
ပျံသန်းနေမယ့်
ဦးတည်ရာအရပ်က
အခုတော့........
ထာဝရ ငြိမ်းချမ်းရာ
ကောင်းကင်ဘုံသို့........

သီချင်းနားထောင်မိရင်း မရေးတတ် ရေးတတ်နဲ့ ရေးမိရေးရာ ရေးလိုက်တာပါ။ ဘာမှတော့ မဟုတ်ပါဘူး။သဘောလေး သက်သက်ပါ။ :P


Sunday, July 12, 2009

Happy Birthday ပါဂျူလိုင်ဖွားများ

မိကိုညာက၊ ဖကိုလက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျိုး၊ ရှေ့တင်ပိုးသည်၊ ကျေးဇူးလက်ပြိုင်၊ မဆပ်နိုင်ခဲ့။

မိဘနှစ်ပါးသည် မိမိတို့၏ သားသမီးများကို ကာလလရေကြည် သန္ဓေတည် စကတည်းက စတင်စောင့်ရှောက် ခဲ့သည်မှာ မိမိတစ်ဘ၀အတွက် ခန္ဓာချုပ်ငြိမ်းသည့် တိုင်အောင်ဖြစ်သည်။ မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ စေတနာ တရားသည် သားသမီးများ အတွက် အနန္တကျေးဇူး တရားများပင် ဖြစ်သည်။ သားသမီး များအပေါ် မိဘ၏ အေးမြသန့်စင် ကြည်လင်သော မေတ္တာတရားမည်သည် လျော့နည်းသွားခြင်း မရှိပါဘူး။


အားလုံးသိကြတဲ့ အတိုင်း မိဘကျေးဇူးဆိုတာ အင်မတန် ကြီးမားတော့ ဘယ်လိုပင် ဆပ်ဆပ် မကျေနိုင်ပါဘူး ။မိဘနှစ်ပါးကို အတတ်နိုင်ဆုံး ကိုယ်ကစိတ် ချမ်းသာအောင် ထားချင်ပါ တယ်ပြောပြော သူတို့မှာလဲ ကိုယ့်ကြောင့်အပြည့်အ၀ ချမ်းသာမှု ရချင်မှ ရကြမှာပါ။ သားသမီးကို ချစ်တဲ့ မိဘတွေရဲ့ ဇောအဟုန်ကြောင့် ဟိုပူရ ၊ ဒီပူရနဲ့ ပူပင်စိုးရိမ် မှုတွေကြောင့်၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ချမ်းသာမှု သူတို့တွေ ရချင်မှလဲ ရမှာပါ။ မက်မက်ကလဲ ယခုအချိန်ထိ မိဘကို ရာနှုန်းပြည့် အပြည့်အ၀ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ သေးပါဘူး။ သားသမီးတစ်ယောက်ရဲ့ ချို့ယွင်းမှုတွေလည်း အနည်းနဲ့အများ ရှိခဲ့သေးတာပဲ။

ယနေ့အသက် အရွယ်အထိ ကိုယ့်မိဘက ကျွေးမွေးပြုစု ခဲ့တဲ့ကျေးဇူးကို အမြဲနှလုံးသွင်းပြီး တဖန်ပြန် မိဘကို ကောင်းကောင်းမွန်မွန်နဲ့ အဆင့်မြင့်မြင့် ထားနိုင်ဖို့ ကြိုးစားခဲ့၊ကြိုးစားဆဲပါ။ ထိရောက်တဲ့ အတိုင်းအတာ တစ်ခုထိ ရောက်အောင် အဆင့်မြင့်မြင့်နဲ့ မထားနိုင် ခဲ့ပေမယ့် ကိုယ့်မိဘကို အသက်ထင်ရှားရှိစဉ် ပြန်လည်ပြုစု လုပ်ကျွေးနိုင်တဲ့ သားသမီး တစ်ဦးဖြစ်ခွင့် ရခဲ့တာကို ဂုဏ်ယူမိပါတယ်။

ဘယ်အရာ ပဲလုပ်လုပ် မိဘကို ကောင်းကောင်းမွန်မွန်လေး ထားချင်တဲ့ စိတ်အမြဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် မိဘကို ကိုယ့်ကိုယ်ပိုင် စွမ်းရည်နဲ့ ပြည့်စုံတဲ့ ဘ၀မှာ မထားနိုင်သေးတဲ့ မက်မက်မှာ တစ်ခါတစ်ခါ စိတ်အားငယ် မိပါတယ်။ ဒါပေမယ့် မွေးဖွားပေး လာခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အပြည့်အ၀ ကျေပွန်အောင် မဆပ်နိုင်သေးတဲ့ မက်မက်၊ ကိုယ်ပြုလုပ်ခဲ့တဲ့ အလှူအတန်း မှန်သမျှ မိဘနှစ်ပါးကို ရည်မှန်းပြီး သူတို့အစား လှူတန်းပြုလုပ် ပေးနိုင်တဲ့အတွက် ပီတဖြစ် ရပါတယ်။

အဖေနဲ့ အမေတို့ကို ခြံကျယ်ဝန်းကျယ် အိမ်ကြီး၊ အိမ်ကောင်းမှာ မထားနိုင်ပေမယ့် မိဘတွေ ကိုယ်စား ဇရပ်ဆောက်ဖို့ အလုပ်လုပ်ရင်း မြေကွက်ဝယ် လှူနိုင်ခဲ့တယ်။ မိဘကို ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာ ၊ ကျောင်းဒကာ တစ်ဦးတည်း အလှူရှင်အဖြစ် မထောက်ပံ့ ပေးနိုင်ခဲ့ပေမယ့် မိဘတို့ကို ဘုရားဒကာ၊ ကျောင်းဒကာ ဖြစ်ခွင့်ရစေ နိုင်ခဲ့တယ်။ မက်မက်ယနေ့ အချိန်ထိ ကိုယ်လှူဒါန်းမှု ပြုသမျှ ကိစ္စအ၀၀ တို့သည် မိဘရဲ့ ကျေးဇူးတရား ကြောင့်သာလျှင် ဤသို့ပြုလုပ် လှူဒါန်းခွင့် ရစေတာပါ။

ဥစ္စာတွေ ဘယ်လောက်ပေါပေါ၊ ရုပ်တွေဘယ်လောက်ချောချော၊ ပညာတွေဘယ် လောက်တတ်တတ်၊ ဆွေမျိုး အသိုင်းအ၀န်းတွေ ဘယ်လောက်တောင့်တောင့်၊ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး ဒါတွေအားလုံးဟာ မိဘနှစ်ပါးက ပေးခဲ့တဲ့ အမွေတွေပါ။ဒါကြောင့်စကား တစ်ရပ်ရှိခဲ့ ဖူးပါသည်။

~မိဘရဲ့မေတ္တာကို ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့။ မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။

~လမင်းကြီးမှာတော့ လသာရက်၊ လမိုက်ရက်ဆိုတာ ရှိပေမယ့် မိဘနှစ်ပါးမှာတော့ မေတ္တာ ကင်းတဲ့ ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။

~မိဘရဲ့မေတ္တာကို တောတောင်လျှို မြောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။

~စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွား တတ်ပေမယ့် မိဘရဲ့မေတ္တာဟာ ဘယ်တော့မှ ခန်းခြောက်မသွား လို့ပါပဲ။

~မိဘရဲ့မေတ္တာကို သိပ်လှတဲ့ ပန်းပွင့်တွေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့ မတူနိုင်ပါဘူး။

~ပန်းတွေဟာ မကြာမီ နွမ်းခြောက်သွား တတ်ပေမယ့် မိဘနှစ်ပါးရဲ့ ရင်တွင်းက မေတ္တာပန်းပွင့် တွေကတော့ ဘယ်တော့မှ နွမ်းခြောက်မသွား လို့ပါပဲ။

~မိဘရဲ့မေတ္တာကို သိပ်လုံခြုံတဲ့ အိမ်ကလေး တွေနဲ့လည်း မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ အိမ်ကလေးတွေနဲ့ မတူနိုင်ပါဘူး။

~အိမ်ကလေးတွေဟာ အချိန်ကြာ လာတာနဲ့အမျှ အိုမင်းယိုင်နဲ့သွား တတ်ကြပေမယ့် မိဘနှစ်ပါးရဲ့မေတ္တာကတော့ ဘယ်တော့မှ အိုမင်းမသွား ကြလို့ပါပဲ။



ဂျူလိုင်၁၂ ရက်နေ့မှာ ကျရောက်တဲ့ မွေးသဖခင်ဧ။် ၈၄နှစ်ပြည့် မွေးနေ့နှင့် ဂျူလိုင်၁၅ ရက်နေ့တွင် ကျရောက်မယ့် မွေးသမိခင်ဧ။် ၆၂ နှစ်ပြည့်မွေးနေ့ ကိုအမှူးထား၍ ဂျူလိုင်လဖွား မွေးနေ့ရှင်များ အားလုံးကိုယ်စား ယနေ့လှူဒါန်းပြု လုပ်ရသော ဒါနကုသိုလ် ဆောက်တည်ရသော သီလကုသိုလ် အစုစုတို့ကို ယခုပို့စ်ကို ဖတ်ရှုနေသော သင်နှင့်တကွ မက်မက်ရဲ့ စာဖတ် ပရိတ်သတ် မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံးဖြစ်တဲ့ (၇) ရက်သားသမီး အပေါင်းတို့အား အမျှကုသိုလ် ပေးဝေပါတယ်.... ၀မ်းမြောက် ၀မ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုနိုင် ကြပါစေ။
သာဓု...သာဓု....သာဓု

ဂျူလိုင်လ၁၂ရက်နေ့တွင် ကျရောက်သော မွေးသဖခင်ဧ။် မွေးနေ့နှင့် ဂျူလိုင်လ ၁၅ရက်တွင် ကြရောက်မယ့် မက်မက်ရဲ့ မွေးအမေ အပါအ၀င် ဂျူလိုင်လ ၁၂ရက်နေ့ တွင် မက်မက်အဖေနှင့် မွေးနေ့တစ်ရက်ထဲ ကျရောက်ခဲ့တဲ့ မွေးနေ့ရှင် ဓမ္မမိတ်ဆွေ မောင်လေးဖိုးသားရဲ့ မွေးသမိခင် ဒေါ်မြင့်အုန်း၊ အဲဒီနောက် ဘလော့ဂါ မိတ်ဆွေများ ဖြစ်ကြသော ဂျူလိုင်၆ရက် မွေးနေ့ရှင် ကိုတိုးလေး၊ မွေးရက်တူများ ဖြစ်ကြတဲ့ ဂျူလိုင်လ ၉ရက် မွေးနေ့ရှင် ဘုန်းဘုန်းကောဝိဒ (စစ်ကိုင်း) နှင့် မောင်လေးသုခရိပ်၊ ဂျူလိုင်လ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့တဲ့ မွေးနေ့ရှင် တီတီသစ္စာအလင်း၊ ဂျူလိုင်၂၀ရက်နေ့တွင် ကြရောက်မယ့် မွေးနေ့ရှင် အစ်မမယမင်း၊ ဂျူလိုင်၂၂ရက်နေ့တွင် ကြရောက်မယ့် မွေးနေ့ရှင် ကိုဖိုးစိန်၊ ဂျူလိုင်လ ၂၉ရက်နေ့တွင် မွေးနေ့ကျ ရောက်မယ့် မွေးနေ့ရှင် ချမ်းမြေ့ဆရာတော်၊ ဂျူလိုင်လ ၃၁ ရက်နေ့တွင် ကျရောက်မယ့် အစ်ကိုကြီး ဦးဝိမုတ္တိသုခ တို့ကိုဖြင့် ဂျူလိုင်လဖွား မွေးနေ့ရှင် များအဖြစ် မက်မက်အမြဲ အမှတ်ရ နေမှာပါ။


HAPPY BIRTHDAY ပါဒယ်ဒီနှင့် မေမေကြီးရေ.....မိသားစုဘ၀ အတိုင်းအတာ တစ်ခုအထိ ပြည့်စုံဖို့ မွေးရပ်မြေမှ ခဏတာ ခွဲထွက်ပြီး ဝေးရပ်မှာ ရှိနေပေမယ့် တစ်ချိန်အနားမှာ ပြုစုလုပ်ကျွေး နိုင်စေဖို့ အသက်ရှည်၊ ကျန်းမာစွာဖြင့် စောင့်နေပေးပါ။ အဖေနှင့်အမေ ကျမ်းမာပျော်ရွှင် စိတ်ချမ်းသာပါစေ။

မိဘမေတ္တာဆိုတာ ဘယ်ပန်းချီဆရာမှ ပုံတူဆွဲ လို့မရဘူး၊ ဘယ်ကဗျာ ဆရာမှ ဖွဲ့ဆိုညွှန်းလို့ မရဘူး၊ ဘယ်တေးရေး ဆရာမှ ညွှန်းဖွဲ့ သီဆိုလို့ မရနိုင်ပါဘူး။ ဘုရားနှင့် တဂိုဏ်းတည်း အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘရဲ့ မေတ္တာ ရဟတ်ကြီးဟာ မရပ်တန်း လည်သလိုပါပဲ၊ ဘယ်မှာရှာရှာ မိဘမေတ္တာလောက် အေးမြငြိမ်းချမ်းတဲ့ နေရာ ဘယ်မှာမှ မရှိပါဘူး ၊ လူ့ဘ၀မှာ တုနှိုင်းယှဉ်လို့ မရတာ မိဘမေတ္တာပါ။ ဒါကြောင့် ဘယ်ပန်းချီရေးလို့ မမီဆိုတဲ့ သီချင်းလေးကို ရင်ဘတ်နဲ့ ခံစားနားထောင် နိုင်ရန်တင်ဆက် ပေးလိုက်ပါတယ်။

ဘယ်ပန်းချီရေးလို့မမီ
ချစ်မေတ္တာ တွေသည် ညွှန်းစာနွဲ့ ဖွဲ့လို့မမီ...
အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ ကုန်စေ့မည်
အာကာတစ်ခွင် လုံးဆုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသားမှာ ချိုစွာ ညွှန်းဆိုနှော ပြောပြပေသည်...

ခင်တွယ်စရာ မိဘဟူသည် အစားထိုးဖွယ် မရှိသည်
ထာဝရဘုရားနဲ့ တကယ်ပင် တရားသဘောညီ
အို~~~တစ်ဂိုဏ်းတည်း နှိုင်းခဲ့ကြသည်
မိဘရဲ့ အသည်းနှလုံး
အပြုံးနဲ့ ယှဉ်ကာသာနှော
ချစ်ဇော ရဟတ် မပြတ်လည်သည်...

တကယ်ပင် တေးဖွဲ့လို့သီ မမီခဲ့ပြီ
အစဉ်သာနှိုင်းတု လူ့တခွင် ယှဉ်လို့မမီ
ကျေးဇူးကိုရွယ်ရည် အသက်ကိုမနှေး ပေးအပ်ပါမည်








Thursday, July 9, 2009

စိတ်လေတယ်

တစ်နေ့တစ်နေ့ စားလိုက်သောက်လိုက် ချက်တင်ဝင်လိုက်နဲ့ အချိန်တွေက ဘယ်လိုကုန်မှန်းကို မသိဘူး။ ပို့စ်အသစ်လေး တင်ဦးမှပဲ ဆိုပြီးစဉ်းစားတာ တစ်နေ့တာ အချိန်သာ ကုန်သွားတယ် ပို့စ်အသစ်လည်း မတင်ဖြစ်ဘူး။ :( ဒါကြောင့်ဒီနေ့တော့


ဘာပို့စ်မှလည်း တင်ဖြစ်မှာ ဟုတ်ဖူးလို့..... အဟီးးးးး အာဝါးးးနော်.... :r :D

Sunday, July 5, 2009

လ၀ါဆိုနှင့်ဓမ္မစကြာ

ဝါဆိုလပြည့်နေ့ သာသနာတော်နှစ် (၂၅၅၃)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ၀ါဆိုလပြည့်နေ့၊ ခရစ်နှစ် (၆.၇.၂၀၀၉)ခုနှစ်၊ တနင်္လာနေ့သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင် တရားဦး ဓမ္မင်္ကြာ ဟောကြားသည့်နေ့၊ သန္ဓေယူ သည့်နေ့၊ တောထွက်တော် မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ ထိုနေ့ကို ရှေးပညာ ရှိတို့က “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဟု ဖွဲ့ဆိုခဲ့ ကြပါတယ်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လ ပြည့်နေ့မှာ သစ္စာလေးပါးကို ပိုင်းခြား ထင်ထင်သိမြင်ပြီး သဗ္ဗညုတဉာဏ်ပိုင်ရှင် အဖြစ်သို့ရောက် ရှိတော်မူခဲ့ပါတယ်။ ထို့နှစ်ဝါဆိုလပြည့် (စနေနေ့) တွင် ဗာရာဏသီပြည် မိဂဒါ ၀ုန်တောမှာ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ စတဲ့ ပဉ္စ၀ဂ္ဂီ ငါးပါးအား ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော်မူ ခဲ့ပါတယ်။ မြတ်ဗုဒ္ဓဘုရား အဖြစ်သို့ ရောက်ပြီးနောက် အဦးဆုံး (အရင်ဆုံး) ဟောကြားခဲ့တဲ့ တရားတော်ဟာ ဓမ္မစက္ကပ၀တ္တန သုတ်တော် ဖြစ်ပါတယ်။ ဒါကြောင့်တရားဦး “ဓမ္မစကြာ” လို့ခေါ်ဝေါ် ခဲ့ပါတယ်။

ဝါဆိုလ ပြည့်နေ့ဟာ ဘုရားရှင်နဲ့ ပတ်သတ်ပြီး ထူးမြတ်တဲ့ အကြောင်းအရာ (၃)မျိုး တိုက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဆိုတဲ့ ရှေးပညာရှင် တို့၏ လင်္ကာအရ…

(၁) ဘုရားလောင်း သေတကေတု နတ်သားဟာ စုတေပြီး မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ မယ်တော်မာယာဒေ၀ီ၏ ၀မ်းမှာ ပဋိသန္ဓေ တည်နေတော်မူ ခဲ့ပါတယ်။

(၂) ဘုရားလောင်း သိဒ္ဓတ္တမင်းသားဟာ သက်တော်(၂၉)နှစ်မှာ အခြံအရံများ ခြံရံလျှက် မင်းဥယျာဉ်တော်သို့ ထွက်တော်မူစဉ် နတ်တို့ ဖန်ဆင်းပြသတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီး လေးပါးကို မြင်တော်မူပြီး သံဝေဂရ ကာ မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ တနလာင်္နေ့မှာ တောထွက် တော်မူခဲ့ပါတယ်။

(၃) ဘုရားအဖြစ်သို့ ရောက်တော်မူပြီး မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့မှာ တရားဦး ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော် မူခဲ့ပါတယ်။

ယခုကဲ့သို့ နေ့ထူးနေ့မြတ် အခါသမယမှာ ဘုရာရှင် ပထမဆုံး ဟောကြားခဲ့တဲ့ ဓမ္မစင်္ကြာ ဒေသနာတော်ကို နာယူကြည်ညို ကြပါရန် ကောင်းမြတ်သော စိတ်ထားဖြင့် တိုက်တွန်းလိုက် ရပါတယ်။ စာဖတ်သူ များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင် ကြပါစေ…

တရားတော်များအား တိုက်ရိုက်နာယူ ကြည်ညိုနာယူနိုင် ကြပါတယ်ရှင်။



ဆရာတော် ဦးပ၀ရ (ဓမ္မစကြာတရားတော်)



မင်းကွန်းတိပိဋက ဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ (ဓမ္မစကြာတရားတော်)



အခုလို တရားတော်များနှင့် စာသားများကို ဓမ္မလမ်းညွှန် ပို့ပေးခဲ့သော မောင်လေးအောင်ဦးအား အထူးပဲ ကျေးဇူးတင်ပါတယ်။

Thursday, July 2, 2009

ဗေဒါ

ဆင်းရဲပေမယ့် ဘ၀ကို သမာအာဇီဝ ကျကျ ရှာစားချင်တဲ့ သူမ ဘဘင်သည် လောကမှာ နာမည်တစ်လုံးနှင့် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ သဘင်သည်တွေဟာ ဖက်ခွက်စား တွေပါကွာ၊ ယောင်္ကျားတစ်ကာ တွေဆီက ပိုက်ဆံကို ဘယ်နည်းနှင့်ရရ ချူစားနေ ကြတာပါလို့ လူတစ်ကာ ပြောတဲ့ အဲဒီ စကားကို သူမကြား ခဲ့ရတိုင်း မျက်ရည်ဆက်လက် ငိုကြွေးခဲ့ရပေါင်း လည်းများပြီ။

သားအမိ နှစ်ယောက်ပဲ ရှိသည့် သူမတို့ ဘ၀၊ လူတစ်ကာ လက်ညှိုးထိုး ပြီးအပြောခံ တဲ့အခါ သူမမိခင် ဖြစ်သူ ရင်ခွင်ထဲ ငိုကြွေးခဲ့ ရတာလဲ အကြိမ်ကြိမ်။အပြင်မှာ ဘယ်လိုပဲ ငိုကြွေးကြွေး ပရိတ်သတ်ရှေ့ ဇာတ်စင်ပေါ် မှာတော့ အပြုံးမပျက် ဖျော်ဖြေနိုင် ခဲ့ပါတယ်။ ဒါကြောင့်လဲ ဇာတ်သဘင် လောကမှာ နာမည်ကြီး မင်းသမီး ဖြစ်ခဲ့ရ တာပေါ့။ သူမဘ၀မှာ ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ ရပေမယ့် တစ်ခါမှ မညည်းညူခဲ့။

တစ်ခါတစ်ခါ မင်းပွဲစိုးပွဲတွေမှာ ကပြရသလို ၊ နယ်ပွဲတွေလဲ ထွက်ကပြ ရလေသည်။ ကပွဲပြီးရင် မိတ်ဆက်ချင်တဲ့ ကာလသားတွေ ရဲ့ပိုးပန်း ရိသဲ့သဲ့ လုပ်ခြင်းကိုလဲ ခံရတာလည်း အကြိမ်ကြိမ်၊ တစ်ချို့က သဘင်သည်တွေဟာ ဖက်ခွက်စား တွေမို့ ပိုက်ဆံပေးရင် ရပါတယ် ကွာဆိုပြီး မထိတထိ လာစမ်းချင် ကြတယ်လေ။ ပိုးပန်းသူတွေ ဘယ်လောက်များများ စိတ်မ၀င်စားခဲ့။ လက်ဆောင်များ ကိုမှလည်း လက်မခံခဲ့။ သူမဘ၀ကို အရိုးသားဆုံးနှင့် အသန့်ရှင်းဆုံး ဖြတ်သန်းချင် ခဲ့ပါတယ်။တစ်နေ့ ဇာတ်ဆရာ ကိုဘအေးက သူမကိုခေါ်ပြီး ဘေးမှလူကို လက်ညှိုးညွှန်ပြကာ

“မင်းသမီးရေ....ဟောဒီမှာ မင်းသမီးနဲ့ မိတ်ဆက်ပေး မလို့ ၊သူက မောင်ရန်နိုင်ပါ။ စီးပွားရေး ကိစ္စနဲ့ ဒီမြို့ကို လာတုန်း ဦးတို့ ဇာတ်ပွဲကို လာအားပေးတာလေ။ အခု မင်းသမီးနဲ့ မိတ်ဆက်ချင် တယ်ဆိုလို့။”

“ဟုတ်ကဲ့ပါဆရာ။”

ထို့နောက် ကိုရန်နိုင်ဘက်သို့ လှည့်ကာ

“တွေ့ရတာ ၀မ်းသာပါတယ်ရှင်။ ဇာတ်ပွဲကိုလာ အားပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ် ။”

“အော်....ကျေးဇူးတင်ရမယ့် သူက ကျွန်တော်ပါ။ အခုလို ခင်မင်ခွင့် ပေးတဲ့အတွက် အင်မတန်မှ ကျေးဇူးတင် ပါတယ်ဗျာ။”

ထိုနေ့မှ စ၍ ဇာတ်ပွဲရှိရာသို့ ကိုရန်နိုင် နေ့တိုင်းလာ ကြည့်သလို မကြာမကြာလည်း ရောက်ရှိလာ ခဲ့ပါတယ်။သူမလာ ခဲ့ရင်တောင် သူမ မျှော်တတ်နေ ခဲ့ပါပြီ။ ဇာတ်ကရင်းနဲ့တောင် သူ့ကိုပရိတ်သတ် ကြားမှာ လိုက်ရှာ နေတတ်ခဲ့ပြီ။တစ်နေ့ ရင်းနှီးမှုမှ အစပြု၍ သူ့ထံမှ မမျှော်လင့်ဘဲ


“မဗေဒါ မဗေဒါကို ကျွန်တော်ချစ်တယ်။”

“ရှင်”

သူဆီမှ ဒီလိုစကား တနေ့ပြောလာမှာ သိနေပေမယ့် အခုလိုစောစော ပြောလာလိမ့်မည်လို့ မထင်မှတ်ထားခဲ့ပေ။

"စဉ်းစားပါ ကိုရန်နိုင်ရယ် မဗေဒါတို့ ဘ၀က သဘင်သည်တွေပါ။ လူတစ်ကာ လက်ညှိုးထိုး ခံရတဲ့ အငြိမ့်သမနဲ့ ကိုရန်နိုင်တို့လို သူဌေးသားနဲ့ မသင့်တော်ပါဘူး "

"အဲလိုတော့ မပြောပါနဲ့ မဗေဒါရယ်။ ကျွန်တော် မဗေဒါကို စွဲလမ်းနေမိပြီ။ မဗေဒါ မရှိရင် ကျွန်တော့ဘ၀ မစိုပြေတော့ဘူး ။ ကျွန်တော့ အချိန်တွေ အားလုံးကို မဗေဒါက သိမ်းပိုက်ထားပါပြီ။ ကျွန်တော့ကို ပြန်ချစ်ပါ မဗေဒါရယ်။"

"မဗေဒါကို စဉ်းစားခွင့် ပေးပါကိုရန်နိုင်၊ မဗေဒါ စဉ်းစားပါရစေဦး။ "

"ဒါဆို ကျွန်တော့ကို ဘယ်တော့ အဖြေပေးမှာလဲ မဗေဒါ။"

"မဗေဒါ အခုတစ်ခေါက် နယ်ကပြန်လာရင် ကိုရန်နိုင့်ကို အဖြေပေးပါ့မယ်။ "

"ကျွန်တော့အတွက် သတင်းကောင်းလေး ဖြစ်ပါစေ လို့ပဲ မျှော်လင့်ပါတယ် "

မဗေဒါ တစ်ယောက် ပြုံးရုံသာ ပြုံးနိုင်ခဲ့ လေသည်။တစ်ကယ်တမ်း ပြန်စဉ်းစားတော့ သူမလို အငြိမ့်မင်းသမီး တစ်ယောက်နှင့် ကိုရန်နိုင်လို သူဌေးသား ဘယ်လိုနည်းနှင့်မျှ ပေါင်းစပ်ဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်း သူမ၏ နှလုံးသားကို လွန်ဆန်၍ မရပေ။ သူမလည်း ကိုရန်နိုင်ကို ချစ်နေမိသည် မဟုတ်ပါလား။ နှလုံးသားရဲ့ စေခိုင်းချက်အရ သူမ ကိုရန်နိုင့်ကို ချစ်ပါတယ်လို့ပဲ အဖြေပေး ရပေလိမ့်မည်။

"သမီးရေ…ဒီမှာ မောင်ရန်နိုင်ရောက်နေတယ့်ကွယ့်။ "

"ဟုတ်ကဲ့မေမေ..လာပါပြီ "

အခန်းထဲမှ မဗေဒါ ထွက်လာပြီး

"ဘယ်တုန်းက ရောက်နေတာလဲ ကိုရန်နိုင်၊သိပ်မကြာသေးပါဘူး မဗေဒါ၊ "

"ကဲ..သမီးတို့ မောင်နှမတွေ စကားပြော နှင့်ကြဦး ၊ အမေ ခြံထဲဆင်း လိုက်ဦးမယ်။ မောင်ရန်နိုင် အန်တီ့ကို ခွင့်ပြုပါဦး။ "

"ဟုတ်ကဲ့အန်တီ"

အမေဖြစ်သူက ထွက်သွားတော့ နှစ်ယောက်ထဲ ကျန်နေခဲ့သည့် ဧည့်ခန်းထဲမှာ ကိုရန်နိုင် တစ်ယောက် သူမအနားသို့ တိုးလာကာ အဖြေတောင်းတော့ မဗေဒါ ရှက်သွေးဖြာ နေခဲ့လေသည်။
"မဗေဒါ"

"ရှင်"

"ဟို …. ကျွန်တော် တောင်းထားတဲ့ အဖြေလေ။ "

"ဟုတ်…"

"ကျွန်တော် မဗေဒါကို တကယ်ချစ်တာပါ။ မဗေဒါရော ကျွန်တော့ကို ချစ်လား။"

သူမခေါင်းကို ငြင်ငြင်သာသာ ညိမ့်ပြလိုက်လေသည်။

"ဟာ..၀မ်းသာလိုက်တာ မဗေဒါရယ်။ "

ကိုရန်နိုင် ပြောပြောဆိုဆို ၀မ်းသာအားရ မဗေဒါကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

"အို…ကိုရန်နိုင်ကလဲ…ဟိုမှာမေမေလာရင် တွေ့သွားတော့မယ်။ ဖယ်ပါ။ "

"တွေ့တော့ဘာဖြစ်လဲ။ ချစ်သူတွေပဲဟာ။ ယောက်ခမကြီးကို တစ်ခါတည်း နားဖောက်ပြီးသား ဖြစ်သွားတာပေါ့။ "

"အို..ကိုရန်နိုင် ကလဲ"

မဗေဒါတစ်ယောက် ရှက်သွေးဖြာ နေလေတော့သည်။

"သမီးရယ် သေချာစဉ်းစားပါဦး ။ သမီးတို့ နှစ်ယောက်ကို အမေ့ဘက်က ဘာမှ ပြောစရာ မရှိပါဘူးကွယ်။ သမီးစိတ်လေး စိတ်ချမ်းသာမယ် ဆိုရင်လုပ်ပါ။ ဒါပေမယ့် သူဌေးသား လေးဘက်က သဘောမတူရင် ငါ့သမီးလေးပဲ ခံစားရမှာ။ "

"သမီးနားလည်ပါတယ် မေမေရယ်။ "

မဗေဒါ အမေ့ရင်ခွင်ထဲ ခေါင်းဝှေ့ပြီး သက်ပြင်းချ လိုက်လေသည်။

"ကိုရယ်။ ကို့ အိမ်က မဗေဒါနဲ့ သဘောတူ ပါ့မလား ၊ "

"ဘာမှ မပူပါနဲ့ မဗေဒါရယ်။ ကို ရအောင်ပြောပါ့မယ်။ မဗေဒါနဲ့လဲ ကို မခွဲနိုင်ပါဘူး။ ဘာမှ အားမငယ်နဲ့နော်။ ဒီိတစ်ခါ ကိုပြန်ရင် မေမေတို့ကို ပြောလိုက်တော့မယ် "

နှစ်ယောက်သား အတွေးကိုယ်စီနှင့် ရှေ့ဆက် လျှောက်လှမ်းရမယ့် အကြောင်းကို ဆွေးနွေးပြီး တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ဖက်ထား လိုက်လေသည်။

"ဘာပြောတယ်သား။ အဖေတို့ လုံးဝသဘော မတူနိုင်ဘူး ။ ဒီမှာ သား … သားကို အဖေတို့နဲ့ ဂုဏ်ရည်တူတဲ့ မိသားစုနဲ့ လူကြီးချင်း ပြောဆိုပြီး သွားကြပြီ။ စကားတွေလဲ လွန်ထားကြပြီ။ ဒီတော့သားရယ် အဖေ့တို့ မျက်နှာကို အိုးမဲ မသုတ်ပါနဲ့။ အဖေတို့စကားကို နားထောင်ပါကွာ။"

ရန်နိုင်တစ်ယောက် မိဘစကားကို ဘယ်လိုနည်းနှင့်မျှ မလွန်ဆန်နိုင်ပေ။ နောက်ဆုံး သူရင်နာ နာနဲ့ပဲ မိဘစကားကို လက်ခံလိုက် ရလေသည်။

"ဒီမယ်…ကလေးမ… ဦးတို့ပေး တဲ့ငွေက ကလေးမတို့ အနေနဲ့ နည်းမယ်မထင် ပါဘူးကွယ်။ ဒီတော့ ဒီငွေကို ယူပြီး ဦးတို့သားနဲ့ အဆက်အသွယ် မလုပ်ပါနဲ့။

"ရှင်"

"ဒီမှာ ဦး.. ကျွန်မ ကိုရန်နိုင်ကို ချစ်တာ သူ့ရဲ့ကြွယ် ၀မှုကို မဟုတ်ပါဘူး ။ ကျွန်မတို့ဟာ လူဆင်းရဲပေမယ့် အဲလို ကိုယ့်ကျင့် တရားတော့ မဆင်းရဲပါဘူး ။ ဦးတို့ငွေကိုလဲ ဦးတို့ပြန် ယူသွားပါ။ ပြီးတော့ ကျွန်မကိုလဲ စကားတွေနဲ့ ထပ်ပြီး မစော်ကား ပါနဲ့တော့ ။"

မဗေဒါ ပြောပြောဆိုဆို ရှိုက်ကြီးတစ်ငင် ငိုကြွေးပြီး အခန်းထဲ ပြေးဝင်သွား လေသည်။ သူမချစ်တဲ့ ချစ်သူကို လက်လွှတ် ဆုံးရှုံး ရတော့မှာလား။

"သား..သားတို့ မင်္ဂလာပွဲကို ဒီအပတ်ထဲမှာ ကျင်းပဖို့ စီစဉ်လိုက်ပြီ။ "

"ဗျာ"

သူအရမ်း အံသြနေမိသည်။ ယခုလောက် မြန်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့။ သူ့ကိုလဲ အိမ်ထဲမှ အိမ်ပြင်ပေး မထွက်တော့ပေ။ နှလုံးသား ကိုစတေး၍ သူချစ်တဲ့ သူမကို စွန့်လွတ်ရ ပေတော့မည်။ မိဘစကားကိုလဲ မလွန်ဆန် နိုင်တော့ သူ့မှာ ခေါင်းညိမ့်ရုံမှ တစ်ပါး ဘာမှ ပြောစရာ မရှိခဲ့ ။

"မဗေဒါ ဒီပွဲလေးကို အကောင်းဆုံး ဖျော်ဖြေပေးပါ။ ဂုဏ်သရေရှိ မင်းကတော်တွေရဲ့ မင်္ဂလာ ဧည့်ခံပွဲမှာ ဆရာတို့ ဘာမှအမှားခံလို့ မဖြစ်ဘူးနော်။ "

"ဟုတ်ကဲ့ပါ ဆရာ"

သူမ မင်္ဂလာဆောင် ဖိတ်စာနှင့် ပွဲငှားစာအိတ်ကို ဖောက်ဖတ်လိုက်တော့ သူတို့သား နေရာမှာ သူမ သိပ်ချစ်တဲ့ ကိုရန်နိုင် သူတို့သမီး နေရာ၌ ခင်မမမျိုးသူမ မျက်ရည်များ ချက်ချင်း စို့တက်သွား လေသည် ။ ဒီပွဲကို သူမ မကချင်ပေ။

"ဆရာ..ကျွန်မ ဒီပွဲကို မကလို့ မရဘူး လားရှင်။ "

"သူတို့က မဗေဒါ ကိုပဲက စေချင်လို့ မဗေဒါ နာမည်နဲ့ကို ပွဲလာငှားတာ မင်းသမီးရ။ ကဲပါ..မင်းသမီးရယ် အကောင်းဆုံး ဖျော်ဖြေပေးလိုက် ကြတာပေါ့။ "

သူမနေရာမှ ထထွက်လာခဲ့ လေသည်။ အော်…..ရက်စက်ပါပေ့ ကံတရားရယ် ကိုယ့်ချစ်သူရဲ့ မင်္ဂလာဆောင်မှာ ကိုယ်ကိုတိုင် ကပြဖျော်ဖြေပေး ရမယ်တဲ့လား။ ဘယ်လိုအငြိုးနဲ့ ဒီလောက်ထိ ရက်စက် ရတာလဲ ကံတရားရယ်။ သီချင်းသံကြားမှာ မျက်ဝန်းမှ ပုလဲမျက်ရည် ကျနေပေမယ့် အပြုံးပန်း ပန်ဆင်ကာ ချစ်သူရဲ့ မင်္ဂလာပွဲကို လှလှပပ ဖျော်ဖြေပေး နေတဲ့ ဇာတ်စင်ပေါ်မှ မဗေဒါ ၊ ရင်ထဲမှာ ရှိုက်ငိုနေတာ ဘယ်သူများ သိနိုင်ပါ့မလဲ။

နှလုံးသား တစ်စုံလုံးကို စတေးပြီး ကိုယ်မချစ်တဲ့ မိန်းမတစ်ယောက်နဲ့ လက်ထက်ရလို့ ခံစားရတာထက် ကိုယ့်ချစ်သူ ခံစားနေရပြီး ကပြအသုံးတော် ခံနေတာကို ကြည့်ကာ စိတ်မကောင်းပို ဖြစ်မိလေသည်။ အရက်ကို မူးအောင်သူ သောက်နေလေ လိုက်သည်။ သူတို့သမီး ခင်မမ ကတော့ ပျော်မဆုံးနိုင်ခဲ့ပေ။ ထို့ကြောင့်လည်း မဗေဒါ၏ ကပြ အသုံးတော် ခံမှုကို သဘောကျလို့ သူမ၀တ်ထားတဲ့ စိန်လက်စွပ် တကွင်းကို ချွတ်ကာ ဆုချ လိုက်လေသည်။

~~~~~ဖြောင်း…ဖြောင်း….ဖြောင်း…..~~~~

မင်္ဂလာပွဲလာ ပရိတ်သတ်များ၏ အားပေးလက်ခုတ်သံများ ၊ ရင်ထဲမှာ ငိုကြွေးနေရသူက မဗေဒါနှင့် ကိုရန်နိုင်။

ထိုနေ့မှ စ၍ အသဲကွဲ သမား ကိုရန်နိုင်တစ်ယောက် သူ့ဘ၀ကို မိုးလင်းမိုးချုပ် အရက်နှင့် အဖော်လုပ် နေလေတော့သည်။ ခေတ်ဆန်လွန်းတဲ့ ခင်မမကလည်း မနက်ကတည်းက အပြင်ထွက်ပြီး သူငယ်ချင်း အိမ်မှာ ဖဲကစားလိုက် ၊ ပါတီတက်လိုက် နိုက်ကလပ် တက်လိုက်နှင့် မိန်းမ၀တ္တရား တာဝန်မကျေ၊ ဒါပေမယ့် ကိုရန်နိုင် ဘာမှမပြော၊ အားလုံးကို မသိသလို သည်းခံနိုင် ခဲ့လေသည်။ ခင်မမ ကလည်း ညအချိန် မရှိမှ ပြန်လာ ၊ ခနဲ့တဲ့တဲ့ စကားနဲ့ ကိုရန်နိုင်ကို ရန်လုပ်နဲ့ အိမ်ထောင်ရေးမှာ ကတောက်ကဆ ဖြစ်လေပြီး အဆင်မ ပြေခဲ့ပေ။

"မင်းသမီးရေ…ဒီတစ်ခါ တို့တွေ မြန်မာ့အသံမှာ လွင့်မယ့် အစီအစဉ်အတွက် သွားပြီးက ပြရမယ်ကွဲ့။ မြန်မာအသံမှာ လွင့်တော့ တို့တွေ ဇာတ်အဖွဲ့ကို တစ်နိုင်ငံလုံးက အားပေးလို့ ရတာပေါ့။ ဒီလို အောင်မြင်မှု ရလာတာဟာ မဗေဒါ ရဲ့ကြိုးစား မှုကြောင့်ပါ။ "

"ဆရာ…ကျွန်မ ဒီတစ်ခေါက် စာချုပ်ပြည့်ရင် လုံးဝမ ကတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အမေနဲ့ မွေးရပ်ဇာတိ ပြန်ပြီး ခြံလုပ်ငန်း ကိုပဲဦးစီး လုပ်ကိုင်တော့မယ် ဆရာ။ ဒီတစ်ခေါက် ကပြီးရင် မဗေဒါ ဆိုတာ ဒီဇာတ်လောကမှာ ပျောက်ကွယ်တော့မှာပါ။"

"အော်..မင်းသမီးရယ်"

မဗေဒါနှင့်ကိုရန်နိုင်တို့ အကြောင်းကို သိထားတဲ့ ဇာတ်ဆရာ ကိုဘသောင်း တစ်ယောက် သက်ပြင်းရှည် အခါခါချလို့ မဗေဒါ အတွက် စိတ်မကောင်းဖြစ် နေရလေသည်။

ကိုရန်နိုင် တစ်ယောက် အရက်ပုလင်းကို အဖော်ပြုလို့ သူချစ်တဲ့ မဗေဒါ ကပြနေတဲ့ မြန်မာ့အသံမှ အစီအစဉ်ကိုကြည့်ရင်း ပါးပြင်ပေါ် မျက်ရည်များ တလိမ့်လိမ့်ဆင်းကာ အရက်ကိုကြီး ဖိသောက်နေ လေတော့သည်။

(ညို…ပြာ..ပြာ…လသာပြင်…ခြေရင်း…လှိုင်းတက်ရာ…...ဗေဒါတက်…လှိုင်းတက်ရာဆင်း…)2

(ဆင်းရလည်း မတတ်သာ…အုန်းလက်ကြွေ…ရေပေါလော မျောစုန်လို့...လာ..)2

(အဆင်းနှင့် အလာ…ဗေဒါမှအတွေး…အုန်းလက်ကြွေ…သူ့နဘေး…စောင့်ခဲ့ရသေး…) 2

(စောင့်ခဲ့လည်း မတတ်သာ…. နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ။ မြုပ်လေပေါ့…ပေါ်မလာ…..မဗေဒါ အလှတစ်လှံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ) 2

ပေါ်ပြန်လည်း မတတ်သာ….ချောင်းအစွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ…ဘဲအုပ်က တစ်ရာ၊ နှစ်ရာ မဗေဒါက တစ်ပင်တည်း။ အယက်အကန်ခံလို့ ဗေဒါပြန် အံကိုခဲ…ပန်းပန်လျှက်…ပဲ….)

စားပွဲမှ အရက်ခွက်အား ခင်မမ ယူလိုက်ကာ ကိုရန်နိုင် ခေါင်းပေါ်သို့ လောင်းချလိုက်ပြီး

"မဗေဒါက အချစ်မိုးတွေ ရွာချ မမက အရက်မိုးတွေ ရွာချ …. ဟား..ဟား…"

"ဟန်နီ…..မင်း…ဒါဘာလုပ်တာလဲ……"

"ဟား…ဟား… အချစ်မိုးတွေ ရွာချပေး လိုက်တာလေ။ ဒီဘာမဟုတ်တဲ့ အငြိမ့်သမ ကိုအခုထိ မေ့မရနိုင် ဖြစ်နေတာ ဒါလင် သိပ်လွန်တာပဲကွယ်…."

"ဘာပြောတယ် ဟန်နီ။ ဟန်နီ..ဒါလင့်ကို ပြောချင် သလို ပြောပါ။ မဗေဒါကိုတော့ မပြောပါနဲ့ကွာ။ "

"ဘာလဲ ဒါလင်က မဗေဒါကို ထိလို့ နာနေတာလား။ "

"ဟန်နီ…မင်းလွန်လာပြီနော်။ မင်းအပြင်မှာ ယောင်္ကျားတစ်ကာ နဲ့တွဲပြီး နိုက်ကလပ် တက်တာတွေ ဖဲရိုက်တာတွေကို တစ်ခုမှ မပြောခဲ့ဘူးနော်။ အေး…အခုတော့ ပြောရလိမ့်မယ် ခင်မမ။ မင်းကိုလဲ ငါဆက်ပြီး သည်းခံပေါင်းလို့ မရတော့ဘူး ။ ဒီတော့ တို့တွေ ကွာရှင်းလိုက် ကြရအောင်။ "

ခင်မမ တစ်ယောက် ဒေါသငယ်ထိပ် ရောက်ကာ

"အိုကေလေ… ဒီလိုဆိုလည်း ကွာရှင်းလိုက် ကြတာပေါ့။ "

ခင်မမ အရက်ကို အလွန်အကျွံ သောက်၍ ဆိုဖာခုံ ပေါ်မှာပဲ မှောက်သွားလေတော့သည်။

ယခုမှ လှောင်အိမ်မှ လွတ်လာတဲ့ ငှက်လေးကဲ့သို့ ကိုရန်နိင် တစ်ယောက် ပေါ့ပါးလွတ် လပ်စွာ မဗေဒါ တို့ဇာတ်အ ဖွဲ့ရှိရာ မြို့လေးဆီသို့ ရောက်လာခဲ့ လေတော့သည်။

"ဗျာ…ဘယ်ကိုပြောင်းသွား ရတာလဲဗျာ။ "

"ဟုတ်တယ် မောင်ရန်နိုင် မဗေဒါ တို့သားအမိ မွေးရပ်ဇာတိကို ပြန်သွားကြပြီ။ အငြိမ့်လည်း မကတော့ဘူး ။ "

"ကျေးဇူးပါပဲ ဦးဘကောင်း။ ကျွန်တော့ကို ခွင့်ပြုပါဦး။ ကျွန်တော့ မဗေဒါဆီ လိုက်သွားလိုက်ပ့ါမယ်။ "

"အေး…အေး…"

ထို့နောက် အလျှင်မြန်ဆုံး နှုန်းထားနှင့် ကားကိုမောင်း ထွက်လာခါ သူချစ်သော မဗေဒါ ရှိရာသို့ ခရီးနှင် ခဲ့လေသည်။

"ဒေါ်ဒေါ်…"

"ဟေ..မောင်ရန်နိုင် ဘယ်ကိုလာ တာလဲကွဲ့ မောင်ရင်ရဲ့။ "

"ကျွန်တော် ဒီကိုပဲ လာခဲ့တာပါ ဒေါ်ဒေါ်၊ ဒါနဲ့ မဗေဒါ တစ်ယောက်ရော ခင်ဗျာ။ "

"အေး…..မဗေဒါက အခုနကပဲ ပန်းခူးဖို့ ခြံထဲဆင်း သွားလေရဲ့။ တွေ့ချင်ရင်တော့ ခြံထဲလိုက်သွား မောင်ရင်။ "

"ဟုတ်ကဲ့..ဒေါ်ဒေါ် ဒါဆိုကျွန်တော် လိုက်သွားလိုက် ဦးမယ်နော်။ "

ပြောပြောဆိုဆို ရန်နိုင်တစ်ယောက် မဗေဒါ ရှိရာသို့ အပြေးလေး ထွက်လာခဲ့သည်။

"…..မဗေဒါ…."

"ဟယ်…ကိုရန်နိုင်"

အံသြခြင်း များစွာနဲ့ မဗေဒါ ကိုရန်နိုင်ကို ကြည့်ပြီး

"ဘယ်ကနေ လိုက်လာတာလဲ ကိုရန်နိုင်

"ကျွန်တော် ဦးဘကောင်း ဆီကလိပ်စာယူပြီး လိုက်လာတာပါ။ မဗေဒါဆီကိုပဲ ပြန်လာခဲ့တာပါ။မဗေဒါ ရဲ့ရင်ခွင်မှာ ထာဝရ နားစက်ပါရစေ။ မဗေဒါ သဘောတူ မယ်ဆိုရင်ပေါ့။ "

"ကျွန်တော့ရဲ့ အမည်ခံ ပဲရှိပြီး မလှပတဲ့  အိမ်ထောင်ရေးကိုလဲ ကျွန်တော်ဖြေရှင်း လိုက်ပါပြီ။ ခင်မမနဲ့လည်း တရားဝင် ကွာရှင်းခဲ့ပါပြီ မဗေဒါ။ မဗေဒါ အနားမှာ ကျွန်တော့ကို နားခိုခွင့် ပေးပါ။ ကျွန်တော့ဘ၀မှာ မဗေဒါပဲ ရှိပါတော့တယ်။ မဗေဒါကသာ ကျွန်တော့ကို ရက်စက်….ခဲ့....."

မဗေဒါ တစ်ယောက် သူမရဲ့ ဖော့ဖယောင်းလို သွယ်လျတဲ့ လက်ချောင်း လေးတွေနဲ့ ကိုရန်နိုင်ရဲ့ နှုတ်ခမ်းအစုံကို ဆက်မပြောဖို့ တားလိုက်ပြီး ကိုရန်နိုင်၏ ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ခါ

"မဗေဒါ နားလည်ပါတယ် ကိုရန်နိုင် မဗေဒါလည်း ကိုရန်နိုင်ကို ချစ်ပါတယ်။"

ကိုရန်နိုင်တစ်ယောက် တင်းကျပ်စွာ မဗေဒါအား ဖက်ထားလိုက် လေတော့သည်။ အချစ်စစ်တို့ရဲ့ နောက်ဆုံးလမ်းကာ ပေါင်းသင်းရခြင်းပါပဲ။

(ဒီဇာတ်လမ်းလေးကို ဗေဒါလမ်း သီချင်းနား ထောင်ရင်းမှ လွန်ခဲ့တဲ့ 12 နှစ် 13 နှစ် သမီးအရွယ် လောက်တုန်းက ကြည့်ခဲ့ဖူးတဲ့ မဗေဒါ ဇာတ်ကားလေးမှ ကျော်သူ ၊ မို့မို့မြင့်အောင် နှင့် စန္ဒယားခင်နုနု တို့၏ သရုပ်ဆောင် ချက်များကို ပြန်လည် စဉ်းစားရင်း ရေးသားလိုက်တာပါ။ ဟိုး...အရင်တုန်းကတော့ အမေကြည်ကြည်ဋ္ဌေး ကိုယ်တိုင် သရုပ်ဆောင် ထားပါတယ်။ အဲဒီနေရာမှ မမမို့က ထပ်ဆင့်သရုပ်ဆောင် ပြန်ရိုက်ထားတာပါ။ မက်မက်က မို့မို့မြင့်အောင်ဆို အရမ်းကြိုက်တော့ သူ့ကားဆိုရင် ဘယ်ကားမှ အလွတ်မပေး ခဲ့ဘူးလေ။ သူ့ကို အရူးအမူး ဖြစ်ခဲ့တာ။ ဟိုးငယ်ငယ် ပိစိလေး ထဲကပဲ။ အခုချိန်မှာ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ အဲဒီမဗေဒါ ဇာတ်ကားကို ပြန်လည်ကြည့်ချင် ပါသေးတယ်။

ကြည့်ခဲ့ဖူးတာ ကြာပြီဆိုတော့ တစ်ချို့နေရာမှာ မေ့နေပါတယ်။ ၀တ္ထု မရေးတတ်တော့ မို့မို့မြင့်အောင်ရဲ့ ကြည့်ဖူးတဲ့ အကြိုက်ဆုံး ဇာတ်လမ်းကို ကြိုးစားပြီး အတတ်နိုင်ဆုံး ပြန်လည်ရေးသား ကြည့်တာပါ။ ဟိဟိ…ဖတ်မကောင်းပဲ ဟာသဖြစ် သွားရင်တော့ ဆောရီးပါနော်။ (မက်မက်မို့မို့ ကိုယ်တိုင် အကယ်သမီ ရခဲ့တဲ့ ကားလေးတစ်ကားပေါ့။ ဟိဟိ… :P
) အားလုံးကို ကျေးဇူးတင်ပါတယ်...အာဝါးးးနော်

ဗေဒါလမ်း