Subscribe:

Wednesday, May 6, 2009

မိဘမေတ္တာ



အသက်၈၀အရွယ် အဘိုးအိုနှင့် အသက်၄၅ နှစ်အရွယ် ပညာတတ် သားဖြစ်သူတို့ ဧည့်ခန်းတွင်းရှိ ဆိုဖာတွင် ထိုင်နေကြစဉ် ရုတ်တရက် ပြတင်းတံခါးပေါက်သို့ ကျီးကန်းတစ်ကောင် လာရောက်နားလေသည်။ အဲဒီအခါမှာ အဖေဖြစ်သူက အဲဒါဘာကောင်လဲ လို့မေးသော အခါမှာ သားဖြစ်သူက အဲဒါကျီးကန်းလေ ဟုဖြေဆိုလေသည်။

နောက်မိနစ် အနည်းငယ် အကြာမှာ အဖေဖြစ်သူ အဘိုးအိုမှ အဲဒါ ဘာအကောင်လဲဟု ဒုတိယအကြိမ် ထပ်မေးလေသည်။ ဒီအခါမှာ သားဖြစ်သူမှ အဖေကလည်း အခုလေးတင်ပဲ ကျီးကန်းပါလို့ သားပြောပြီး ပြီလေဗျာ။

နောက်ခဏနေတော့ အဖေဖြစ်သူ အဘိုးအိုက တတိယ အကြိမ်အဖြစ် အဲဒါဘာ အကောင်လဲ ဟု ထပ်မေးလေသည်။ ဒီတွင်တော့ သားက ဒေါသသံဖြင့် အဖေဖြစ်သူကို အဲဒါကျီးကန်းလို့ ခေါ်တယ် လို့ အသံမာမာဖြင့် ပြောလေသည်။

နောက်ခဏနေတော့ အဖေက သားအား အဲဒါ ဘာကောင်လို့ ခေါ်လဲဟု လေးကြိမ်မြောက် မေးမြန်းလေသည်။ အဲဒီမှာ သားဖြစ်သူက ဒေါသဖြင့် အဖေ၊ ဘာလို့ ဒီမေးခွန်းကိုပဲ ခဏခဏမေးနေတာလဲ။ အဖေ့ကို ကျနော် ဘယ်နှခါ ဖြေရမလဲ ကျီးကန်းလို့ ခေါ်တယ်။ အခုချိန်ထိ အဖေနားမလည်ဘူးလား။ မှတ်မထားဘူးလား စသည်ဖြင့် ဆူပူကြိမ်းမောင်းလေသည်။

ခဏနေတော့ အဖေက အိပ်ခန်းထဲသို့ ၀င်သွားပြီး သားမွေးဖွားလာတဲ့ နေ့မှစပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားတဲ့ ဟောင်းနွမ်းစုတ်ပြဲနေပြီ ဖြစ်တဲ့နေ့စဉ်ရေး ဒဏ္ဍရီ လေးကိုထုတ်လာလေသည်။ စာအုပ်ဟောင်းလေးမှ စာမျက်နှာ တစ်ရွက်ကို ယခု အသက်၄၅ နှစ်အရွယ် သားဖြစ်သူကို ဖတ်ခိုင်းလေသည်။ သားဖြစ်သူ ဖတ်လိုက်တဲ့ စာကတော့...................

ဒီနေ့ သုံးနှစ်အရွယ် ကျနော့သားငယ်လေး နဲ့ကျနော် ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်းတစ်ကောင် ပြတင်းမှာ လာနားနေတယ်။ကျနော့သားက အဖေလို့ခေါ် ပြပြီး အဲဒါဘာကောင်လဲ ဖေဖေလို့ ၂၃ ခါတိတိ မေးပါတယ်။ ကျနော်ကလည်း ၂၃ ခါလုံးကို ဖြေလိုက်တယ်။ သားစကား သံလေးနဲ့ ပီတိဖြစ် ၀မ်းသာကြည်နူး နေရတဲ့ ကျနော်လေ သားမေးတာကို မမောမပန်း ၂၃ ခါလုံးလုံး ဖြေကြားလိုက်တယ်။ပြီးတော့ စကားအလွန် တတ်လှတဲ့ သားလေးမေး သမျှကို စိတ်ဆိုးခြင်း စိတ်မရှည်ခြင်း မဖြစ်ဘဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ သားငယ်လေးကို ပိုက်ထွေးလိုက်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ၂၃ခါလုံး အဲဒါ ဘာအကောင် လို့ခေါ်လဲ ဆိုတဲ့ မေးခွန်းကို မိဘဖြစ်သူမှ စိတ်တိုခြင်း ကင်းပြီးဖြေကြား ခဲ့ပေမယ့် အခုဒီနေ့တော့ အဖေဖြစ်သူက တူညီတဲ့ မေးခွန်းကိုပဲ ၄ကြိမ်လောက်လေး မေးတာကို သားဖြစ်သူက ဘာကြောင့်စိတ်ဆိုး စိတ်ကတိ ကအောက် ဖြစ်ရသနည်း။

အကယ်၍များ မိဘများ အသက်အရွယ် အိုမင်းလာချိန်မှာ သူတို့ကို မလိုလား မနှစ်မြို့ခြင်း မဖြစ်ဘဲ ၀န်ထုတ်တစ်ခုကို စောင့်ရှောက်သကဲ့သို့ သူတို့ကို ပြန်လည် စောင့်ရှောက်သင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့ အခါမှာလည်း ငြိုငြင်ခြင်း ကင်းပြီး ချစ်ခင်ဖွယ် သာယာဖွယ် စကား၊ စိတ်ချမ်းသာ ဖွယ်စကား၊ ရိုသေကျိုးနွံခြင်း၊ နှိမ့်ချခြင်း၊ ကြင်နာခြင်း အပြည့်နဲ့ ပြောဆိုသင့်ပါတယ်။ မိဘများဟာ သားသမီးတွေ ငယ်စဉ်ထဲက အခုချိန်ထိ ဂရုစိုက်မှုတွေ မပြတ်ကြ သေးပါဘူး။ သူတို့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ သားသမီးတွေ အပေါ်မှာ မေတ္တာတွေ စီးဆင်းဆဲ စီးဆင်းလျှက်ပါ။

မက်မက်ဆိုရင် မိသားစုမှာ ကိုယ်ကအငယ်ဆုံး၊ အငယ်ဆုံးဆိုတော့ နဲနဲလေး မဆိုစလောက် လေးတော့ဆိုးပါတယ်။ ဟတ်... ဟတ်.. ကိုယ့်ကိုကိုယ် ကြော်ငြာက ၀င်ရသေးတယ်နော်.. :P

ငယ်ငယ်လေးထဲက စိတ်ကဆတ်၊ ထစ်ကနဲဆို စိတ်ကတို တတ်တဲ့သူပါ။ စကားပြောရင်လည်း စကားလုံး တစ်ခုကို ထပ်ခါထပ်ခါ ပြောတာကို မကြိုက်ခဲ့သလို နားလည်းမထောင် ချင်ခဲ့တဲ့သူပါ။ ထပ်ခါထပ်ခါ မေးမြန်းတာကိုလည်း မကြိုက်ခဲ့သလို ထပ်ခါထပ်ခါ ဖြေရတာကိုလည်း မကြိုက်ခဲ့ တဲ့သူပါ။စကားပြောရင်လည်း တစ်ခါဆို တစ်ခါပဲ ၊ နှစ်ခေါက်ဆို စိတ်က မရှည်ချင်ဘူး။ နှစ်ခွန်းပြောရပြီ ဆိုရင် စိတ်က နဲနဲ မရှည်ချင်တော့ဘူး။ အဲလိုမျိုး မကောင်းတာပါနော် :(

ကိုယ့်ကိုကိုယ်လည်း တခါတခါ စိတ်မရှည်ပါဘူး ။ မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာလဲ စိတ်မရှည်ခဲ့ဘူး။ တခါတခါ ကိုယ့်မိဘ အပေါ်တောင် အဲလို စိတ်မရှည်တော့ ပြန်လည်းပြောမိပါတယ်။ တခုခုဆိုရင်.... ဟာ.. မေကြီးကလည်း ၊ ဟာ... ဖေကြီးကလည်း ဆိုပြီးစိတ် မရှည်သလို ဖြစ်ခဲ့မိပါတယ်။ မိဘအပေါ် ရိုင်းဆိုင်းတာ မဟုတ်ပါဘူးနော်။ ဆိုးလို့ရလို့သာ ဗိုလ်ကျခဲ့တာပါ။

ကြီးလာတဲ့ အခါကြတော့ အသိတရားနဲ့ ပြည့်စုံလာ တဲ့အခါ အရာရာ ပြောင်းလဲသွား ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဆိုးခဲ့တဲ့ ကလေးက ကြီးလာတဲ့အခါ သူမတူအောင် လိမ္မာသလိုပေါ့(ဟိဟိ... ကိုယ်ကိုကိုယ် အဲလိုလေးလဲ ပြန်ပြောပေးဦးမှ...နော်.. :P ) ပြောချင်တာက ပြောင်းလဲသွား၊ ပြုပြင်ယူလို့ ရတာကိုပါနော်။

ကဲ..မိတ်ဆွေ!! သင်ရော..... သင့်မိဘ အပေါ်မှာ စိတ်တိုခြင်း၊ စိတ်မရှည်ခဲ့ခြင်း ဖြစ်ခဲ့ဖူးပါသလား? ဖြစ်ခဲ့ဖူးရင် နောက်မကျ သေးပါဘူး မိတ်ဆွေ။ သင်သိတဲ့ အချိန်က စပြီးပြန်လည် ပြုပြင်လို့ အချိန်ရနေ ပါသေးတယ်။

ဒါကြောင့် အခုပဲ ငါသည် ယခုအချိန် မှစ၍ ငါ့မိဘများကို စိတ်ချမ်းသာ ပျော်ရွှင်စေရမည်၊ ငါ့မိဘများ ဘယ်လောက်ပဲ အိုမင်းမစွမ်း ရှိနေပါစေ ငါ့မိဘကို တစ်ဖန်ပြန်လည် ပြုစုလုပ်ကျွေး စောင့်ရှောက်ကာ ကောင်းမွန် မြင့်မြတ်သောလမ်းကို ငါလျှောက်ခြင်းဖြင့် သားလိမ္မာ၊ သမီးလိမ္မာ ဘ၀ကို ဖြစ်စေမည်ဟု မိမိကိုယ်မိမိ ကျယ်ကျယ် လောင်လောင်နှင့်သာ ကတိပေးလိုက်ပါ။ သင်... အချိန်မီ ပါသေးတယ်။

အားလုံးပဲ ဒီပုံပြင်လေး အတိုင်း အတုယူ နိုင်ကြပါစေ........လို့...........

17 comments:

  1. ကျနော်ကငယ်ငယ်တုန်းကတော့တော်တော်ဆိုးခဲ့တယ်
    စိတ်လဲမရှည်ဘူး သည်းသီးလဲမခံဘူး
    ဒေါသလဲကြီးသေးတယ်
    အခုတော့ အဝေးရောက်တော့လဲ
    မိဘကိုပိုပြီးသိတတ်လာတယ်လို့ခံစားမိတယ်
    ကြိုးစားနေဆဲကာလထဲမှာပါ
    အတုယူစရာပုံပြင်လေးနဲ့အတူ
    မက်မက်ဆိုးကြောင်းတွေကိုမှတ်သားသွားပါတယ်
    နောက်တစ်ခါကြုံရင်စကားကိုထပ်ခါထပ်ခါမပြောမိအောင်
    နေပါမယ်..တော်ကြာစိတ်ကထစ်ကနဲ လက်ကပါလာရင်..
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  2. ဟုတ်ကဲ့ ကျွန်တော်လဲယူတုသွားပါတယ်အစ်မ
    အခုခေတ် ခေတ်ကာလသားသမီးတွေကလဲ အဲဒီလို ဒဏ္ဏာရီစာအုပ်လို့မျိုး လက်စုတ်လက်ကိုင်နဲ့ ပြမှမြင်ကြမှာ
    အစ်မကြီးလဲဒီနေ့ကစ ဒဏ္ဏာရီစာအုပ်နဲ့မှတ်ထားတော့ပေါ့ :P

    ReplyDelete
  3. မိဘကျေးဇူး မြင်းမိုရ်ဦး အထူးသိလျက် အဆပ်ခက်၏။ တဲ့ မက်မက်ရဲ့ ။ မိဘကျေးဇူးကို အတူနေကြရင် သိပ်တန်ဖိုးမထားတတ်ကြဘူးလေ။ အဝေးရောက်မှဘဲ တမ်းတတ်ကြတာ သဘာဝပါ။ ကျနော်ကိုယ်တိုင်လဲ ဒီလိုပါဘဲ။ မိဘမရှိတော့မှ စဉ်းစားရင်း ပိုပိုပြီး ကျေးဇူးတွေ သိသိလာတယ်။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  4. ပုံပြင်လေးကတော်တော်ကောင်းတာပဲ
    ပညာလဲရတယ်
    မက်မက်ဘယ်လိုဆိုးခဲ့တာလဲပါ သိရတယ် ဟီး
    မိဘကိုအကောင်းဆုံးကျေးဇူးဆပ်နိုင်တဲ့သမီးလိမ္မာ
    တစ်ယောက်ဖြစ်နိုင်ပါစေဗျား

    ReplyDelete
  5. မမကတော့ မဆိုးဘူး..
    ငယ်ငယ်ကတည်းက လိမ်လိမ်မာမာနေခဲ့တာ..ဟဟ
    စိတ်တော့ရှည်ဘူးရယ်...
    ဒါပေမယ့် ဖေဖေ နဲ့ မေမေအပေါ်တော့ ချစ်လည်းချစ်၊
    ကြောက်လဲကြောက်၊ ရိုလည်းရိုသေဆိုတော့ အတတ်
    နိုင်ဆုံးစိတ်ရှည်ခဲ့ပါတယ်...

    ပို့စ်လေးကောင်းတယ် ညီမလေးရေ.

    ReplyDelete
  6. အရမ်းကောင်းတာပဲဗျာ...မိဘကို စကားချိုချိုသာသာနဲ့ 
    မုန့် ဖိုးတောင်းရအုံးမယ်(ဟဲဟဲ စတာ) ကျနော်လည်း ဟို
    တုန်းက ဆိုးခဲ့ဖူးတရ်။ အသက်လေးလည်း ရလာတော့ သိတတ်လာပါပြီး။ မိဘအပေါ် စကားကိုလည်း ချိုချိုသာသာပြောတတ်လာသလို စိတ်ရှည်အောင်လည်း ကြိုးစားနေပါတရ်။

    “ငါ့မိဘများ ဘယ်လောက်ပဲ အိုမင်းမစွမ်း ရှိနေပါစေ ငါ့မိဘကို တစ်ဖန်ပြန်လည် ပြုစုလုပ်ကျွေး စောင့်ရှောက်ခြင်းဖြင့် ကောင်းမွန် မြင့်မြတ်သောလမ်းကို ငါလျှောက်ခြင်းဖြင့် သားလိမ္မာ၊ သမီးလိမ္မာ ဘ၀ကို ဖြစ်စေမည်ဟု ကျယ်ကျယ် လောင်လောင်နှင့်သာ ကတိပေးလိုက်ပါ။”
    ဒီစကား အရမ်းတန်ဖိုးရှိတရ် မမက်မက်ရေ။ ကျေးဇူး။။။။။။။။။။။။

    ReplyDelete
  7. မက်မက် ဒီ တန်ဖိုးရှိတဲ့ အသိ ပေး စာ အတွက် ကျေးဇူး ပါ၊ ပြီးတော့ ဘာ သာ ပြန် ထား တာ ဆို တာ က လည်း တကယ့် ဆ၇ာကြီးတွေ လို ညက် အောင် ပြန် တဲ့ အတွက်း လေး စားနေရ ပါသည်။

    ReplyDelete
  8. တစ်သက်လုံးလိမ္မာလာခဲ့တာ ခုမှဆိုးချင်နေတာ ... ဟိ ... မက်မက်ပြောလို့ ပြန်လိမ္မာပါတော့မယ်ချင့် ;)

    ReplyDelete
  9. ငယ်၂တုံးက စိတ်တော်၂တိုခဲ့ဘူးတယ် ခုတော့ အသက်တွေရလာတော့ ပြောင်းလည်းကုန်ပါပြီ..
    ညီမလေး စေတနာနဲ့ သတိပေးပို့စ်လေးကို ဖတ်ရင်း ၀မ်းသာပီတိဖြစ်ရပါတယ်

    ReplyDelete
  10. ဒီပို့ စ်လေးဖတ်ပြီးတော့ သဘောကျမိပါတယ်.. ကိုယ်လည်း တစ်ချိန်ချိန်မှာ ဒီနေရာ ရောက်ချင်ရောက်ရမယ်.. အခုဒီနေရာမှာ ရောက်နေတဲ့ မိဘတွေကိုလည်း နားလည်ပေးတတ်ဖို့ အများကြီးအရေးကြီးပါတယ်...
    တန်ဖိုးရှိတဲ့ ပို့ စ်လေးတစ်ခုပါပဲ..
    မမက်မက်လည်း မိဘကျေးဇူး နားလည်သိတတ်ပြီး မိဘကို စိတ်ချမ်းသာအောင် ထားနိုင်တဲ့ သားသမီး တစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

    ReplyDelete
  11. စိုင်းစိုင်းလားရှိုးMay 7, 2009 at 5:47 AM

    သာဓုခေါ်ပါတယ် မက်မက်ရေ မိဘအပေါ်သိတတ် လိမ်မာသူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျာ...

    ReplyDelete
  12. တခါမှ မလာရောက်ဘူးပါ...ဒီတစ်ခါပဲ ရောက်ဘူးတယ် .....ရေးထားတာလေးတွေ တော်တော်ကောင်းတာပဲ ....
    အောင်မြင်ပါစေ အစစအရာရာ...

    ReplyDelete
  13. အင်း ဖတ်ပြီး ခံစားရပါတယ်
    တစ်နေ့ ကိုယ်လည်း ဒီလိုအိုမင်းမစွမ်းဘဝရောက်ရင်
    ကိုယ့်သားသမီးလည်းသိတတ်ပါ့မလားလို့ လေ
    ဘာမှတော့မပြောတော့ပါဘူးနော်
    ထပ်တူထပ်မျှခံစားသွားပါတယ် မက်မက်

    ReplyDelete
  14. ပို့စ်လေးကောင်းတယ် မက်မက်ရေ။

    အင်း...ဒီတခါ စိတ်မရှည်လို့ ပြန်ပြောမိရင် တို့ရဲ့ ဖေဖေနဲ့မေမေများ ဒီလို ဒဏ္ဏာရီစာအုပ်လေး ပြ မလားလို့ စောင့်ကြည့်အုန်းမှ..... ;-)

    ReplyDelete
  15. နေ့အိပ်မက်တော့ မေမေတို့ကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားပြီး မေးသမျှ ရှင်းပြပါတယ်.. ကိုယ်မသိတာတွေ တပုံကြီးကို ခုထိသူတို့ကို မေးနေရတုန်းလေ....

    ReplyDelete
  16. ဟုတ်တယ် မက်မက်ရေ
    တစ်ခါတစ်လေ နည်းနည်း ဒေါသသံလေးနဲ့
    ပြန်ပြောမိတာတွေရှိခဲ့တယ်....
    အခုချိန်ကစပြီး သတိထားပြီး ဆင်ခြင်တော့မယ်....။

    ReplyDelete
  17. မှတ်သားစရာပါပဲဗျာ.... ဟုတ်တယ်ဗျ စုန်ရေပဲ
    ရှိတာ ဆန်ရေဆိုတာ ရှာတယ်

    ReplyDelete