ဘယ်လောက်ပဲ ပုထုဇဉ်ဟာ လောကီ အမြင့်တန်းကို ရောက်ရောက် သူ့အဖြစ်ဟာ မြတ်သော အဖြစ် မဟုတ်သေးဘူး ဆိုတာသိ သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ လောကီ အောင်မြင်မှုတွေ အပေါ်မှာ ပြုံးရွှင်ရယ်မော နေသကဲ့သို့ လောကီ ဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ရတဲ့ အခါတုန်လှုပ်ခြင်း များစွာနဲ့ ပူဆွေး ငိုကြွေးတတ် လို့ပဲဖြစ်ပါတယ်။ အချစ်ဆိုတဲ့ တွယ်ညှိတဲ့ သံယောဇဉ် ရမ္မက်တဏှာရာဂ တွေကြောင့် အနတဂ္ဂ သံသရာမှာ ပုထုဇဉ်တို့ ငိုကြွေးခဲ့ရတဲ့ မျက်ရည်ဟာ သမုဒ္ဒရာ လေးစင်းကရေ ထက်တောင်မှ ပိုပြီးပိုပြီးများ နေသေးတယ်လို့ မြတ်စွာဘုရားက ပဋာစာရီ သူဌေးသမီးကို ဆုံးမစဉ်က ဟောကြားတော် မူဖူးပါတယ်။ ဘယ်လိုလဲ သိရအောင် ပဋာစာရီသူဌေးသမီး ရဲ့အဖြစ်သနစ်ကို စူးစမ်း ကြည့်ကြပါစို့။ ပဋာစာရီဟာ သာတ္ထီပြည်က အလွန်အဆင်းလှတဲ့ သူဌေးသမီး ရှုမငြီးမို့ မိဘများက သူ့ကို ဘုံခုနစ်ဆင့်မှာ တင်ပြီး စောင့်ရှောက် မွေးမြူခဲ့ ကြပါတယ်။ ဒါပေမယ့် ဘုံခုနစ်ဆင့်မှာ နေခဲ့ရတဲ့ ပဋာစာရီဟာ အမြတ်တရားကို မမြင်ခဲ့ရရှာပါဘူး။ ဒါကြောင့် ပုထုဇဉ် မျက်ကန်းသဖွယ် ကြီးကျယ်တဲ့ အမှားတွေကို ဆက်တိုက် ပြုလုပ် ခဲ့ပါတယ်။ ဘုံခုနစ်ဆင့်မှာ နေ့စဉ်သူ့ကို အလုပ်အကျွေးပြုတဲ့ ကျွန်ယောင်္ကျားတယောက်နဲ့ မိုက်မှားကျူးလွန်တယ်။ ဒီအဖြစ်ကို မိဘတွေ သိမှာစိုးလို့ မကြာခင်မှာပဲ မိဘများ မသိအောင် ဒီကျွန်ငယ်နှင့် ထွက်ပြေး ကြတယ်။ အတိတ်ဘ၀ကံက ဘယ်လောက်ပဲ အကျိုးပေး ကောင်းခဲ့သော်လည်း ပဋာစာရီရဲ့ ပစ္စုပ္ပန်ကံ နုံချာမှုကြောင့် ဘုံခုနှစ်ဆင့်စံ သူဌေးသမီးဟာ ချက်ချင်း ဘုံလျှောပြီး ပြာပုံပေါ်ကို ရောက်သွားရတဲ့ အဖြစ်ကို လူသားတိုင်း ဆင်ခြင်စေ ချင်ပါတယ်။ ဒီလိုကျွန်ကို လင်လုပ်ပြီး ပဋာစာရီဟာ လင်နဲ့အတူ ရွာတရွာမှာ ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက် နေရရှာတယ်။ နောက်ကိုယ်ဝန်လစေ့ လာတဲ့အခါ သူ့စိတ်မှာ မိဘများထံ ပြန်ပြီး မီးဖွားချင်တဲ့ ဆန္ဒပြင်းထန် လာပြန်တယ်။ ဒီအကြောင်း လင်ကိုပြောတော့ လင်ကသဘော မတူဘူး။ ဒီအခါမှာ ပဋာစာရီဟာ သူလုပ်ချင် တာကို ဇွတ်လုပ်တယ်။ လင်မရှိတဲ့ အချိန်မှာ အိမ်နီးနားချင်း တွေကို ပြောပြီး သူ့သဘောနဲ့ သူ့မိဘများ ရှိရာကို ထွက်သွားပါတယ်။ လင်ပြန်လာတော့ အကြောင်းစုံ သိရပြီး သူ့နောက်က လိုက်ပါလာတယ်။ လမ်းမှာတွေ့တော့ ရှေ့ဆက် မသွားဖို့ လင်က အတန်တန် တားတယ်။ သူကတော့ လက်မခံဘူး။ ဒီအချိန်မှာ ကမ္မဇလေက လှုပ်လာတယ်။ ဒါနဲ့ နီးရာချုံထဲကို ၀င်ပြီး သားဖွားခြင်း ကိစ္စပြီး စီးလိုက်ရတယ်။ နောက်တကြိမ် ကိုယ်ဝန် ရင့်မာလာ ပြန်တော့လည်း ပဋာစာရီဟာ မိဘတွေဆီကို သွားချင်တဲ့ စိတ်အပြင်းအထန် ဖြစ်ပေါ်လာ ပြန်တယ်။ ရှေးနည်းအတူ သားငယ်ကို ချီပြီး ထွက်သွား ပြန်ပါတယ်။ လင်ကနောက်က လိုက်သွားပြီး တားလည်းမရပါဘူး။ ဒီလိုတားလို့ မရလို့ ရှေ့ဆက်သွား ကြတော့ မိုးသက်လေပြင်း ကျလာတယ်။ ဒီအခါမှာပဲ ပဋာစာရီရဲ့ ကိုယ်မှာ ကမ္မဇလေ လှုပ်လာပြန်တယ် ။ဒီတော့မှ လင်ကို မိုးလှုံရာကို ပြပါလို့ ဆိုတယ်။ ဒီကွင်း ခေါင်ခေါင်ကြီးထဲမှာ ဘယ်မှာ မိုးလှုံရာ ရှိပါ့မလဲ။ လင်လည်း အနီးအနားကိုကြည့်လိုက်တော့ တောင်ပို့ကလေး တခုပေါ်က ချုံတစ်ချုံကို မြင်တာနဲ့ သူ့လက်ထဲ ပါလာတဲ့ ပဲခွပ်နဲ့ ခုတ်ထွင်ပါတယ်။ အဆိပ်ပြင်းထန်တဲ့ မြွေတကောင်ဟာ တောင်ပို့ထဲက ထွက်ပြီး၊ သူ့လင်ကို ကိုက်လိုက်တာ ပွဲချင်းပြီး အသက်ကုန် ရရှာပါတယ်။ ပဋာစာရီ ခမျာမှာလည်း ဆင်းရဲကြီးစွာ ခံစားရရင်းက လင်ကိုမျှော်နေ တုန်းမှာပဲ သားကိုဖွားပါတယ်။ သားနှစ်ယောက်ဟာ ပြင်းထန်လှတဲ့ လေဒဏ် မိုးဒဏ်ကို မခံနိုင်ဖြစ်ပြီး ငိုကြွေးရှာတယ်။ ပဋာစာရီဟာ သားနှစ်ယောက်ကို ရင်ခွင်ကြားမှာထား၊ ဒူးနှစ်ဖက်ကို မြေမှာထောက်ပြီး တစ်ညလုံး ဒုက္ခကြီးစွာ ခံရရှာတာပေါ့။ နောက်တနေ့ အာရုံတက်ချိန် ရောက်မှ သားငယ်ကို ရင်ခွင်မှာချီ၊ သားအကြီးကို လက်ကဆွဲပြီး လင်ကိုလိုက် ရှာရတယ်။ တောင်ပို့ပေါ်မှာ သေနေတဲ့ လင်ကိုမြင် လိုက်ရတော့ “အမလေး၊ ငါ့လင် ငါ့ကြောင့် သေရပါ ပေါ့လား“လို့် ငိုကြွေး မြည်တမ်းပြီး ခရီးဆက်ခဲ့ပါတယ်။ ညက တစ်ညလုံး မိုးရွာထား တဲ့အတွက် အစိရ၀တီမြစ်ရေ တွေလည်း လျှံနေပါတယ်။ ပဋာစာရီဟာ ဒီမြစ်ကို သားနှစ်ယောက်လုံးကို ချီပြီးဖြတ် မကူးဝံ့ဘူး။ ပထမသားငယ်ကို ချီပြီး တဖက်ကမ်းကို ကူးတယ်။ဟိုဘက်ကမ်းကို
ရောက်တော့ သစ်ခက်ချိုးခင်းပြီး သားငယ်ကို သိပ်ထားခဲ့တယ်။ ပြီးမှဒီဘက် ကမ်းကို ပြန်ကူးလာတယ်။ ပြန်ကူးနေစဉ် မြစ်လယ်ရောက်တော့ စိတ်မချလို့ သူ့ခမျာ သားငယ်ရှိရာ ဘက်ကိုပြန် ကြည့်ပြန် ကြည့်နှင့်ပေါ့။ ဒီအချိန်မှာ စွန်ကြီး တစ်ကောင်ဟာ မွေးကင်းစ ကလေးကို မြင်တဲ့အခါ သားတစ် ထင်ပြီး ထိုးသုတ်ဖို့ ကောင်းကင်က ဆင်းလာပါတယ်။ ပဋာစာရီဟာလည်း မြစ်လယ်ကနေ လက်နှစ်ဖက်ကို မြှောက်ပြီး အားကုန် အော်ဟစ်ပါတယ်။ ဒါပေမယ့် ဝေးတော့ စွန်က မကြားဘူး။ သူအော်တာကို တဖက်ကမ်းမှာ ထားခဲ့တဲ့ သူ့သားအကြီးကောင် ကကြားတယ်။ သူ့မိခင် သူ့ကိုခေါ်တယ် ထင်ပြီး ကလေးက မိခင်ရှိရာ ရေထဲကို ဆင်းလိုက်လာတယ်။ ရေစီးသန်တဲ့ အစိုးရ၀တီ မြစ်ထဲမှာ ဒီကလေး မျှောပါသွား ပါတော့တယ်။ ပဋာစာရီ ဘ၀မှာလည်း လင်လည်း သေပြီ၊ သားနှစ်ယောက်လည်း ဆုံးပြီဖြစ်လို့ ယူကြုံးမရ အပူလုံး ကြွပြီး ဆောက်တည်ရာမဲ့ တစာစာ ငိုကြွေးသွား နေစဉ်မှာ ရှေ့ကလာတဲ့ ယောက်ျား တယောက်ကို တွေ့တော့ သာဝတ္တိပြည်မှာ ရှိတဲ့ သူ့မိဘများ အကြောင်းကို မေးတယ်။ ဒီယောင်္ကျားက ညကရွာတဲ့ မိုးသက်လေပြင်း ကြီးကြောင့် သူဌေး လင်မယားနဲ့ သားသုံးယောက် စလုံးဟာ အိမ်ပြိုပြီး ဆုံးရှာပြီ၊ ထင်းပုံတစ်ခုတည်းမှာ မီးသဂြိုလ်လိုက်ရပြီ“ လို့ပြောတဲ့ စကားကို ကြားရပြန်တယ်။ ဒီတင် ပဋာစာရီဟာ လုံးလုံးဆောက် တည်ရာမဲ့ ဖြစ်ပြီး သွက်သွက်ခါ ရူးသွားပါတော့တယ်။ သူ့ကိုယ်က ထဘီကျွတ်ကျ သွားတာကိုတောင် သူမသိတော့ပါဘူး။ ၀တ်လစ်စလစ်နဲ့ပဲ ငိုကြွေးရင်း ချာချာလည် သွားနေပါတော့တယ်။ လူတွေကတော့ သူ့ကို အရူးမကြီးလို့ ခေါ်ပြီးဝိုင်းဝန်း ပုတ်ခတ်ကြတာပေါ့။ ဒီလို ဆောက်တည်ရာမဲ့ ၀တ်လစ်စလစ်နဲ့ပဲ အရူးမဘ၀နဲ့ ယောင်လည်လည် သွားနေတုန်း မြတ်စွာဘုရား တရားပွဲ ကျင်းပရာ ဇေတ၀န် ကျောင်းတော်ရှေ့ကို ရောက်သွားပါတယ်။ ပရိသတ်က ၀တ်လစ်စလစ်နဲ့ လူကြားထဲ ၀င်လာတဲ့ သူမကို မြင်တော့ အရူးမ မလာစေနဲ့ လို့ဆိုကြတယ်။ ဒီအခါ မြတ်စွာဘုရားက ဒီအရူးမကို မတားကြနှင့်လို့ မိန့်ကြားပါတယ်။ပဋာစာရီလည်း ၀င်လာပါတယ်။ မနီးမဝေး ရောက်တော့ ဘုရားရှင်က `နှမ!သတိကို ရစေတော့“လို့ မိန့်တော်မူ လိုက်ပါတယ်။ ပဋာစာရီဟာ ဘုရားရဲ့ အာနုဘော်ကြောင့် ချက်ချင်း သတိရ သွားပါတယ်။ သူ့မှာ ထမီမပါတဲ့ အဖြစ်ကို သိပြီး ရှက်စိတ်လည်း ၀င်လာပါတယ်။ ရှက်ပြီး ကျုံကျုံထိုင် လိုက်တဲ့အခါ အနီးက ယောင်္ကျားတစ်ဦးက အပေါ်ရုံ အ၀တ်ကို ပစ်ပေးလိုက်တယ်။ ပဋာစာရီလည်း အ၀တ်ကို ၀တ်ပြီး ဘုရားထံ ချဉ်းကပ်လျှောက်ထားပါတယ်။`တပည့်တော်
မ၏မှီခိုရာ ဖြစ်တော် မူပါဘုရား၊ တပည့်တော်မမှာ သားတစ်ယောက်ကို စွန်ချီသွားပါပြီ၊ ကျန်သား တယောက်က ရေထဲမျော သွားပါပြီ၊ လင်လည်း သေဆုံးသွားပါပြီ၊ မိဘနှင့် မောင်သုံးဦး စလုံးလည်း ထင်းပုံ တစ်ခုတည်း အပေါ်မှာ မီးသဂြိုလ်လိုက် ရပါပြီဘုရား“လို့ လျှောက်ထားတယ်။ဒီအခါ မြတ်စွာဘုရားက ချစ်သမီး ပဋာစာရီ မစိုးရိမ်ပါနှင့်၊ စောင့်ရှောက် မှီခိုအားထား နိုင်သူထံကို သင်ချစ်သမီး ရောက်ပြီပဲ၊ သင့်သား၊ သင့်လင်၊ သင့်မိဘ၊ သင့်မောင် များလိုပဲ သံသရာ တလျောက်လုံးမှာ ချစ်သူ ခင်သူတွေ သေဆုံးတုန်းက သင်ငိုကြွေး ခဲ့ရတဲ့ မျက်ရည်တွေဟာ သမုဒ္ဒရာ လေးစင်းမှာ ရှိတဲ့ရေတွေ ထက်တောင်များ ပါသေးတယ်“လို့ မိန့်တော် မူလိုက်ပါတယ်။ မြတ်စွာဘုရား တရားစကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ပဋာစာရီရဲ့ ရင်ထဲမှာ စိုးရိမ်ခြင်း သောကတွေ လျော့နည်း ကျဆင်းသွားတယ်။ ဒီလို သူ့ရင်ထဲက အပူမီး လျော့ကျသွားတဲ့ အချိန်မှာ မြတ်စွာဘုရားက ထပ်ပြီး ဟောတော်မူတယ် ။တမလွန် ဘ၀ကို ရောက်သွားတဲ့ လူတွေကို စောင့်ရှောက်ပြီး နိဗ္ဗာန်ရောက်ကြောင်း လမ်းခရီးကိုသာ သုတ်သင်သင့်တယ်။“ ဆိုပြီးဟော တော်မူပါတယ်။မြတ်စွာဘုရား ရဲ့တရားအဆုံးမှာ ပဋာစာရီဟာ သောကကင်းပျောက်ပြီး သောတာပန်အဖြစ်ကို ရောက်သွား ပါတော့တယ်။ နောက်ပဋာစာရီဟာ ဘုရားရှင် ထံပါးမှာ ရဟန်းပြုခွင့်ကို တောင်းပါတယ်။ ရဟန်းပြုပြီး နောက်တနေ့မှာ ပဋာစာရီဟာ ရေအိုးနှင့် ရေကိုယူပြီး ခြေဆေးနေစဉ် ပထမ လောင်းလိုက်တဲ့ ရေဟာ နည်းနည်းသာ စီးသွားပြီး ပြတ်သွားတယ်။ ဒုတိယ လောင်းလိုက်တဲ့ အခါ ရေဟာနည်းနည်း ပိုဝေးတဲ့အထိ စီးသွားတာကို မြင်လိုက်တယ် ဆိုရင်ပဲ ရေကို အာရုံပြုပြီး သူဟာ အရွယ်သုံးပါးကို ပိုင်းခြား ထင်ထင်ဆင်ခြင် နေပါတော့တယ်။ မြတ်စွာဘုရားဟာ ဒီအချိန်မှာ ဂန္ဓာကုဋိတိုက် တော်တွင်းမှာ နေလျက်ပင် ရောင်ခြည်တော်ကို ပျံ့နှံ့တော်မူပြီး ရှေ့ မှာ ကိုယ်တော် ထင်ရှားပြလျက် မိန့်တော်မူတယ်။ “ချစ်သမီး ပဋာစာရီ သင် ယခု ဆင်ခြင်တဲ့ အတိုင်း မှန်တယ်။ ခန္ဓာငါးပါးတို့ရဲ့ အဖြစ်အပျက်ကို မမြင်ဘဲနှင့် အနှ်တစ်ရာ သက်ရှင်ပြီး နေရတာထက် အဲဒီခန္ဓာ ငါးပါးတို့ရဲ့ အဖြစ်အပျက်ကို သိမြင်တဲ့သူ အနေနှင့် တရက်တည်း အသက်ရှင်ပြီး နေရခြင်းက ပိုမြတ်တယ်“တဲ့။ ပဋာစာရီဟာ ဒီတရားကို ကြားပြီး မကြာခင်မှာ ရဟန္တာဖြစ် သွားပါတယ်။
တကယ်ဆိုတော့ ပဋာစာရီဆိုတာ အလွန်အဆင်း လှတဲ့ မိန်းကလေးရဲ့ သူဌေးသမီး ဘုံမြင့်စံ ဘ၀ဟာ မြတ်သောဘ၀ မဟုတ်ပါဘူး။ ဒါကြောင့် လည်းသူဟာ မိုက်တွင်းကြီး နက်ခဲ့တာပေါ့။ ဒီလောက် ပြင်းထန်လှတဲ့ ဆင်းရဲ ဒုက္ခ ပရိဒေ၀မီး လျှံတွေရဲ့ ဒဏ်ချက်တွေကို ပဋာစာရီ ဘ၀မှာ မရှုမလှ ခံစားခဲ့ ရတာဟာ ဘယ်သူ လုပ်တာလဲ၊ စဉ်းစား နေစရာတောင် မလိုပါ။တကယ်တော့ သတ္တ၀ါတွေ ဒုက္ခဆင်းရဲဖြစ်နေကြ တာတွေဟာ ဘယ်သူမပြု မိမိမှုပါပဲ။ ကိုယ့်ဒုက္ခ ကိုယ်ရှာတယ် ဆိုတဲ့စကား အတိုင်းသာ ဖြစ်နေကြတာပါ။ အန္ဓ ပုထုဇဉ်ဟာ ရုပ်တရားနာမ် တရားတွေရဲ့ ဖြစ်ပျက်နေမှု အမှန်ကိုလည်း မြင်နိုင်တဲ့ ဥာဏ်မျက်စိ မရှိဘူး။ ဒီတော့ မြင်မြင်သမျှကို အရှိတရား တွေလို့မှတ်ပြီး စွဲလမ်းကြတယ်။ သံယောဇဉ်တွေ တွယ်နေကြတယ်။ ကိုယ်ခင်တွယ် တက်မက် နေတာတွေဟာ ကိုယ့်ရှေ့တင် ရုတ်တရက် ပျက်စီးဆုံးရှုံးပြီး ကွယ်ပျောက်သွားတာ လည်းကြုံရရော ပုထုဇဉ်လည်း ရင်ကွဲနာကျရော၊ အပူလုံးကြွ ယူကျုံးမရဖြစ်ပြီး ငိုကြွေးပူဆွေး ကြပါရော။ ဒါဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ ရုပ်နာမ်နှစ်ပါးခ န္ဓာငါးပါးရဲ့ အမှန်ဖြစ်တတ်တဲ့ သဘောတွေကို အမှန်အတိုင်း မမြင်လို့ပေါ့။ တလွဲထင် တလွဲမြင် နေလို့ပေါ့။ခန္ဓာငါးပါး အစုအဝေးတွေကို ငါလို့စွဲတယ်။ ငါ့လင် လို့စွဲတယ်။ ငါ့သားလို့ စွဲတယ်။ ငါ့မိဘလို့ စွဲတယ်။ အဲဒီလို ထင်ရှားရှိတဲ့ ခန္တာငါးပါးတရား (သက္ကာယ) ကိုတလွဲ တမှားမြင်နေတာ၊ ငါ၊ ငါ့လင် လို့မှတ်ပြီး စွဲလမ်းယုံမှား နေတာက ဒိဠိပဲ၊ ဒီလို ထင်ရှားရှိတဲ့ တရားတွေကို လွဲမှားစွာ ထင်မြင်မှု(သက္ကာယဒိဠိ) ကြောင့်သတ္တ၀ါ တွေဟာ အနမတဂ္ဂသံသရာ ခရီးမှာ အပူမီးတွေ လောင်ကျွမ်းပြီး ငိုကြီးချက်မ ဖြစ်ခဲ့ရတယ် ဆိုတာကိုပဋာစာရီအမြင်ပေါက်ခဲ့သလိုအမြင်ပေါက်ထားသင့်ပါတယ်။ဒါကြောင့် အန္ဓပုထုဇဉ် အဖြစ်နှင့် အသက်တစ်ရာ ရှင်နေရ သော်လည်း အပိုပဲ၊အချည်း နှီးပါပဲ။ အဲဒီ ဘ၀ဟာ မိုက်တွင်း နက်နေဆဲ ဘ၀သာ ဖြစ်သေးလို့ မမြတ်ပါဘူး။
ဆရာဆန်းလွင်၏စာအုပ်မှမှီငြမ်းပါသည်။

မထင်ရဘူးနော်.............
ReplyDeleteDREAM ကဒီလို ဘာသာရေးပါ
လေ့လာလိုက်စား တယ်ဆိုတော့
ချီးကျုးပါတယ်.........
ဟုတ်တယ် ဒီလိုသမုဒယသစ္စာကြောင့်
ဒုက္ခသစ္စာကို အကြိမ်ကြိမ်ခံစားရတာပဲ
ရှာဖွေတတ်မယ်ဆိုရင်လေ
ဝေဒနာဆိုတဲ့ခံစားမှုကို
တဏှာဆိုတဲ့ တပ်မက်မှုဆီ
ကူးစက်ခြင်းမခံရအောင်
ကြိုးစားနိုင်ရင် ဒီခံစားမှုတွေ
လုံးဝမရှိတော့တဲ့ နိရောဓသစ္စာကို
ဆိုက်ရောက်မှာ အသေအချာပဲ........
Dream ရေ.. ဒီလိုဘာသာရေးပို့စ်လေးတင်ပေးတာကျေးဇူးပဲ..
ReplyDeleteငါ့လင် ငါ့သား ငါ့မယား ငါ့ဥစ္စာဆိုပြီးး
အရာရာကို ငါအစွဲကြီးစွဲနေတတ်ကြတာ..
အဟက် ကိုယ်လည်းပါတာပဲ.. အသိနဲ့ဖျောက်ဖို့တော့ကြိုးစားနေတုန်းးး :)
တော်တယ် Dream ရေ..
အဲ..ကလေးက ဒါလည်းတတ်တာပဲလား ။
ReplyDeleteဒီနေ့ တော့ တရားတွေ ရလို့ပါလား။
ReplyDeleteကျေးဇူးတင်ပါတယ် ။ တရားတောင် ပေါက်ချင်သွားတယ်။
ReplyDeleteစာကောင်းပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ။
အားပါး ရှယ်ပါလား Dream က ဒါတွေလည်း တတ်တာပဲ ... ကောင်းတယ် ဆက်ကြိုးစားထား :)
ReplyDeleteကောင်းတယ်ညီမလေးရေ...ဒီတရားတွေက တော်တော်များများစွဲလမ်းနေတဲ့ သက္ကာယဒိဋ္ဌိကို ပျောက်စေဖို့ အကောင်းဆုံးသောတရားတွေပဲ..သံဝေဂ ရင့်သန်ဖို့ ရေးသားနိုင်လေကောင်းလေပါပဲ။ ငါ့ညီမလည်း ဒီတရားရဲ့သဘောတွေကို ပိုင်ပိုင်နိုင်နိုင်သိပြီး ငြိမ်းအေးရာအမှန် အမတနိဗ္ဗာန်ကို ယခုဘ၀မှာတင် မျက်မှောက်ပြုနိုင်ပါစေဗျာ........
ReplyDeleteDream လေး...
ReplyDeleteညီမလေး ကဒါလည်းတော်ပြန်တာပဲနော်။
မမ သိပြီးသားလေးဖြစ်ပေမယ့် ညီမလေးရေးထား
တာလေးကို အစအဆုံး သေခြာပြန်ဖတ်သွးတယ်
ညီမလေးရေ...ဖတ်လို့ အလွန်ကောင်းပါတယ်ကွယ်။
တစ်ခေါက်ထပ်ဖတ်ရင် တစ်ခေါက် အသိဥာဏ်ပိုရ၊
ပိုမှတ်မိတာပေါ့။ ဝေမျှပေးတာ ကျေးဇူးပဲ ခလေးရေ။
တီတီဝါ၀ါ
မက်မက်ရယ် တော်လိုက်တာ...
ReplyDeleteအင်းးးးး
စိတ်တွေ.. စိတ်တွေ....
Dreamလည်းဒီစွဲလမ်းမှု
ReplyDeleteတဏှာတောထဲကရုန်းထွက်နိုင်အောင်
ကြိုးစားနေပါတယ်...
ဒါပေမယ့်.........ပုထုဇဉ်လောကီသား
ဆိုတော့လည်း....ဟီးဟီး..
အစွဲအလမ်းကတော်တော်ကြီးတယ်။
ဦးရှင်ကြီးပြောသလိုပါပဲ..သမုဒယ
သစ္စာကြောင့်ဒုက္ခသစ္စာကိုအကြိမ်ကြိမ်
ခံစားခဲ့ရပါတယ်။ :'(
တီတီ60ပြောသလိုပဲငါစွဲစွဲတဲ့ထဲမှာ
Dreamလည်းပါတယ်။ :D
တီတီတွန်းတွန်းကလည်း..တာမီးကို
နောက်တယ်.. :P
ဟုတ်တယ်တီတီကွန်းရေ..မီးလေ
လောကကြီးကိုစိတ်ကုန်နေပြီ။ :P
ကျေးဇူးပါပဲဦးငယ်နဲ့ဦးမိုးသောက်ရေ။ :)
ဦးဦး light of Buddhism
ပေးတဲ့ဆုကိုရရပါစေ။အစအဆုံးကို
သေသေချာချာပြန်ဖတ်သွားတဲ့တီတီဝါ
ကိုလည်းကျေးဇူးတင်ပါတယ်။အာဝါးနော
တီတီ.. :P
လာလည်ကြတဲ့ဦးဦးတီတီတို့ကိုကျေးဇူး
အထူးပါပဲနော်... :D :D
ဟမ်...ဘယ်လိုဖစ်သွားရတာလဲ..
ReplyDeleteဘာပဲဖြစ်ဖြစ်လေ... ကောင်းတာပဲဟာ
သာဓု သာဓု ...
သံသရာတလျောက်လုံးမှာချစ်သူခင်သူတွေသေဆုံး
ReplyDeleteတုန်းကသင်ငိုကြွေးခဲ့ရတဲ့မျက်ရည်တွေဟာသမုဒ္ဒရာလေးစင်းမှာရှိတဲ့
ရေတွေထက်တောင်များပါသေးတယ်. . .
အဲဒီဘ၀ဟာမိုက်တွင်းနက်နေဆဲဘ၀သာဖြစ်သေးလို့
မမြတ်ပါဘူး။ ..
ကျေးဇူးပါ Dream ရေ.. စာရေးရင် တချို့  စာလုံးတွေ မမြင်ရဘူး.. ရှုပ်နေတယ်.. space ခြားပြီးရေးပေးပါနော်
တရားနာလာတယ် Dreamရေ.... ပဋာစာရီဇာတ် ဖတ်ရတော့ မန္တလေးတောင်ပေါ်က ဦးခန္တီပြန့်က ရုပ်ထုတွေ သတိရမိတယ်။
ReplyDeleteကောင်းလိုက်တဲ့ပို့စ်လေးပါ.. ဒါမျိုးလေးတွေ များများတင်ပေးပါ.. ကျနော် .. dhammafocus.myanmarbloggers.org ဆိုတဲ့ ဆိုက်လေးတည်ဆောက်နေပါတယ်.. အဲလို အနှစ်သာရပြည့်ဝတဲ့ ပို့စ်လေးတွေ ကူးတင်ဖို့ ရည်ရွယ်ပါတယ်.. ခွင့်ပြုစေချင်ပါတယ်..
ReplyDeleteဒီပို့ စ်လေးအတွက် ကျေးဇူး ညီမလေးရေ့ မထင်ရဘူး ဒါမျိုးလေးတင်မယ်လို့း) အခုမှဖတ်ဖူးတာ နောင်လည်းတင်ပေးအုံးနော့် ။
ReplyDeleteမီးမီး ဒရင်းက တော်လိုက်တာ။ သိပြီးသား အကြောင်းအရာကိုပဲ ဖတ်ချင်အောင်ေ၇းတတ်တယ်။
ReplyDeleteဖတ်ပြီးတော့မှ ကိုယ်အခု ပူပင်နေတာတွေဟာ ဘာမှ မဟုတ်သေးပါလားလို့ အသိရသွားတယ်။ ကျေးဇူး Dream ရေ။
မမ အိမ်မက်ရေ
ReplyDeleteတရားပေါက်သွားပြီလား
မမ ဟောတဲ့တရားနာသွားပါတယ် :P
ကောင်းပါတယ်။ အဲဒါကြောင့် တက်လိုက်တာ။ ရေးပေတော့။
ReplyDeleteအစ်မရဲ့ ဓမ္မဒါန တရားအလှူပေးရေးသားမှုအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုပါတယ်။ နောက်လည်း ရေးသားပါလို့ ဆန္ဒပြုပါတယ်။
ReplyDeleteလူတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်၊
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်၊
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရသည်၊
တကယ့်အရေး တကယ့်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ၊
( ဆရာတော် အရှင် ဇနကာဘိဝံသ)
အထက်ပါစာပိုဒ်ထဲမှာ ဆရားတော်ရေးသားထားသလိုပါဘဲ ကျနော်တို့နေတဲ့ ပတ်ဝန်းကျင်မှာ ငါ့ကိုယ်၊ ငါ့ဟာ ဆိုပြီးစွဲလန်းနေတဲ့ တဏှာကြောင့် ပူပင်သောကတွေရောက်ရ၊ ငိုကြွေးနေကြရတာပါ။ တဏှာကို ပယ်သတ်နိုင်မှ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။ ပဋာစာရီလို ပါရမီရင့်နေတဲ့သူတောင် တဏှာကို မသိဘဲ ငိုကြွေးပူဆွေး နေအုံးမယ်ဆိုရင် တရားရမှာမဟုတ်သေးပါဘူး။ ဒါကြောင့် ကျနော်တို့တွေလည်း ကိလေသာအနှောင်အဖွဲ့မှ ရုန်းထွက်ဖို့အတွက် ကြိုးကုတ်အားထုတ်သင့်ပါပြီ။ အခုလို သူတပါးကို ဉာဏ်အလင်းရအောင် ရေးသားပေးတယ်ဆိုတာ နိဗ္ဗာန်အလှူပေးတယ်လို့ ခေါ်ပါတယ်။ ရေးသူရော၊ စာဖတ်သူပါ အမြင်မှန်စိတ်ဖြစ်တဲ့အတွက် အင်မတန်မှ အဖိုးရှိလှပါတယ်။
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
အရသာအားလုံးကို ဓမ္မအရသာက အောင်နိုင်ရာ၏။
ကွက်စိပ်ဆရာမလေးရေ ဖတ်သွားတယ်ဗျို့ အဟား
ReplyDeleteဒီလိုတန်ဖိုးရှိတဲ့ စာလေးတွေ မျှဝေပေးလို့ သာဓုခေါ်ပါတယ် ညီမလေးရေ... နောင်လည်း အများကြီး မျှဝေနိုင်ပါစေ...
ReplyDeleteခန္ဓာငါးပါးတို့ရဲ့အဖြစ်အပျက်ကိုမမြင်ဘဲနှင့်
ReplyDeleteအနှ်တစ်ရာသက်ရှင်ပြီးနေရတာထက်အဲဒီခန္ဓာငါးပါးတို့ရဲ့အဖြစ်အပျက်ကို
သိမြင်တဲ့သူအနေနှင့်တရက်တည်းအသက်ရှင်ပြီးနေရခြင်းကပိုမြတ်တယ်“
တဲ့။....
အနှစ်တစ်ရာ....မှာ အနှ်တစ်ရာ ဖြစ်နေလို့...ပြင်ရရင်ပြန်ပြင်လိုက်လေ..ဖတ်လို့ကောင်းလွန်းလို့ သုံးခေါက်တောင်ဖတ်သွားတယ်...ဒါမျိုးတင်ရင်လာပြောပြနော်...
ဘာသာရေး post တွေ များများရေးပါဗျို့
ReplyDeleteဖတ်ချင်လို့ပါ။