Subscribe:

Tuesday, April 28, 2009

တွေ့ချင်တဲ့ဆယ်ယောက်

အန်ကယ်လ်ကာကြီးက မက်မက်ရေ သမီးကို တွေ့ဖူးချင်ဆုံး ဆယ်ယောက်မှာ ထည့်ရေးထားတယ်။ ဆိုဒ်ကို လာလည်ဦးတဲ့။ ဟုတ်ကဲ့ ဦးကာ.. လာလည်မယ်...ကိုယ်ကလည်း မက်မက်အပြင် ဘယ်သူများ ပါသေးတာလဲလို့ စပ်စပ်စုစု သွားဖတ်လိုက်ပါတယ်။ဦးကာနော်လို့ မက်မက်ကို တွေ့ရင်တော့ မုန့်မုန့်ဝယ် ကျွေးရမယ်နော်လို့ ...အဟား....ပြောလို့ မှမကြာ... မက်မက်ကိုလည်း တက်ခ်ပါတယ်တဲ့။ ရေးပေးပါတဲ့။ ဟင်... ဦးကာကြီးကလည်း ဘယ်မှာ တက်ဂ်ထားတာလဲ မက်မက်တော့ မတွေ့ပါဘူးလို့ ပြောလိုက်တော့ အခု ဂျီတော့ခ်မှာ ပြောနေတယ်လေတဲ့၊ အခုပဲ တက်ဂ်လိုက်ပါတယ်။ ရေးပေးရမယ်တဲ့။ ဟင့်..ဦးကာကြီးကလည်း ဇွတ်။ စတိုင်အသစ်နဲ့ မလိုင်အနှစ်.. အဲ..လေ.. မှားလို့... စတိုင်အသစ်နဲ့ ဂျီတော့ခ်မှာပဲ တက်ခ်လိုက်ကြောင်း ပြောတာတဲ့။ ဟတ်ဟတ်.. ရယ်ရတာပဲ။

အင်းလေ... ပြောမနာ ဆိုမနာ ကိုယ့်ဦးလေး ဆိုတော့လည်း ရေးပေးပါ့မယ်လို့ ကတိပေးလိုက်တယ်။ ဒီတော့ မက်မက်ကလည်း စဉ်းစားရပါပြီ။ ကိုယ်ကတွေ့ဖူးချင်တဲ့ ဦးဦးတီတီတွေက အများကြီး။ တကယ်ဆို ဖြစ်နိုင်ရင် မက်မက်ဆီ လာလည်တဲ့ အစ်ကို အစ်မ အားလုံးကို တွေ့ဖူးချင်တာပါ။ဒါပေမယ့် သူတို့က ဆယ်ယောက်ပဲ ရေးရမယ်ဆိုလို့ ဆယ်ယောက်ပဲ ရေးလိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် စိတ်ရှိတိုင်းသာ ရေးလိုက်ရရင်တော့ ဘလော့မျက်နှာ သုံးလေးခုလောက် နာမည်လင့်တွေနဲ့ ပြည့်နေမှာ မြင်ယောင်သေး။ တစ်ချို့ဘလော့ကာတွေ တော်တော်များများကို တွေ့ဖူးပေမယ့် မတွေ့ဖူးသေးတဲ့ ဘလော့ကာတွေလည်း အများကြီး ရှိပါသေးတယ်။

အဟား... ဒီတော့ သတ်မှတ်ထားတဲ့ အတိုင်း ဆယ်ယောက်ကိုပဲ ထည့်ရေးလိုက်ပါတယ်။မက်မက်ကို တွေ့ဖူးချင်တဲ့ ဦးကာကြီး ၊တီတီဝါနဲ့ တီတီပယဲ တို့နဲ့ကျိန်းသေ တွေ့ရမယ့်လူဆိုတော့ မက်မက်ရေးမယ့် ဆယ်ယောက်ထဲမှာ ထည့်မရေး တော့ဘူးနော်။ တကယ်တော့ မက်မက်ဘလော့ကို လာလည်သူ မည်သူ့ကိုမဆို မက်မက်က တကယ်တွေ့ချင်တာပါ။ တွေ့ချင်တဲ့ ဆန္ဒကလည်း ပြင်းပြပါတယ်။ကံတရားက တွေ့ဆုံဖို့ အခွင့်အရေး ပေးခဲ့မယ် ဆိုရင်ပေါ့လေနော့်။

၁။စလုံးမရေလို့ အမြဲခေါ်တတ်တဲ့ လေးစားကြည်ညို စရာကောင်းပြီး အမေးအဖြေတွေကို ဒိုင်ခံဖြေပေးတဲ့ ဘုန်းဘုန်းဦးကောဝိဒ(မြိတ်)
၂။ သစ္စာရေစင် အမြဲတိုက် ကျွေးပေးတဲ့ ဦးဝင်းမြင့်နဲ့တီတီမေဟန်
၃။မက်မက်လေးကို မွေးဖွားပေးလိုက်တဲ့ ပျော်ပျော်နေတတ်ပြီး စိတ်မဆိုးတတ်တဲ့ ဦးနော်နဲ့ ချစ်စရာမယ်မယ်
၎။မြန်မာ့သမိုင်းကြောင်းများကို လူငယ်တွေ သိအောင်ဗဟုသုတတွေ မျှဝေပေးတဲ့ တီတီဇင်
၅။မက်မက်လေးရေလို့ အမြဲခေါ်ပြီး ၀လွန်းလို့ မနက်ဖြန်ပေါင်း များစွာနဲ့ အစာလျှော့စား မယ်လို့ပြောတဲ့ BMI 27.1တီတီဆောင်း
၅။ ဒရင်းလေးရေ တီတီကလည်း ချစ်ပါတယ်၊ သတိရပါတယ်လို့ ပြောတတ်တဲ့ မက်မက်ကလည်း ချစ်တဲ့ တီတီမေ
၆။ချစ်မက်ရေလို့ အမြဲခေါ်ပြီး အာဝါးပေးတဲ့ တီတီငွန်
၇။မက်မက် ခွိုက်တရန် ကျောင်ဝ်ကေးဝေါ်လို့ပြောတဲ့ တီတီတင်ချာ
၈။မက်မက်လိုချင်တာကို အမြဲကူညီပေးတတ်တဲ့ မသင်းမေ ယောင်္ကျား ဦးဦးပန်းဂျဂါး
၉။အကြွေးဆပ် ရမှာစိုးလို့ အမြဲတမ်း ပုန်းနေရပြီး လူတွေ့မခံရဲတဲ့ ဦးအိမ်
၁၀။ဇာတ်မင်းသားတွေ ထမင်းငတ် မှာစိုးလို့ ဇာတ်မင်းသား မလုပ်စားတဲ့ ဇာတ်မင်းသား ဦးဦးဖိုးစိန်

ဟူးးးးးးးး ဆယ်ယောက်တော့ ပြည့်သွားပြီ။ ဦးဦးကာကြီးလဲ ကျေနပ်လိမ့်မယ် ထင်ပါတယ်။ တကယ်တော့ ဒီဆယ်ယောက်အပြင်ကို တစ်ခြားအစ်ကို ၊အစ်မ ဘလော့ကာ တွေကိုလည်း တွေ့ဖူးချင် ပါတယ်လို့ ရေးသားရင်း....... အားဝါးးးးးးးးးးးးးးးးးးးးး အမြှောက်တစ်သိန်း... ခစ်ခစ်... ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။ :P

Friday, April 24, 2009

ဘ၀သင်ခန်းစာ


ပျော်စရာကောင်းတဲ့မိသားစု

လက်ထပ်ပြီး ၁၁နှစ်အကြာမှ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်မှာ ယောကျာင်္းလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ တစ်ဦးတည်းသော သားလေးဖြစ်တဲ့အတွက် သူတို့အတွက်တော့ သားလေးဟာ တန်ဖိုးဖြတ်မရတဲ့ ရတနာ တစ်ပါးပါပဲ။ ရှိသမျှ အချစ်တွေက သားလေးဆီမှာ ပုံနေတော့ တာပါပဲ။

ဒီလိုနဲ့ သားလေးနှစ်နှစ်သား ရောက်လာခဲ့ပါတယ်။ တစ်နေ့မနက်ခင်းမှာ ယောင်္ကျားဖြစ်သူက အဖုံးဖွင့်ထားတဲ့ ဆေးပုလင်းကို တွေ့ပါတယ်။ ဒါပေမယ့် အလုပ်သွားဖို့ နောက်ကျနေတဲ့အတွက် အဖုံးပွင့်နေတဲ့ ဆေးပုလင်းကို မပိတ်တော့ပဲ ဇနီးဖြစ်သူကို ဆေးပုလင်း အဖုံးပိတ်ပြီး ဆေးသေတ္တာထဲ သိမ်းလိုက်ဖို့ ပြောပြီး အလုပ်ကို အလောတကြီး ထွက်သွားလိုက်ပါတယ်။ ဇနီးဖြစ်သူကလည်း အိမ်နောက်ဖေးမှာ ဟင်းချက်နေတော့ ပုလင်းကို သိမ်းဖို့မေ့သွား ခဲ့တာပေါ့။

အဲဒီမှာ သားလေးက ဆေးပုလင်း ကိုတွေ့တော့ ကလေးတို့ ထုံးစံအတိုင်း ဆော့ကစား တော့တာပေါ့။ ဆော့ရင်းနဲ့ ဆေးပုလင်းထဲက ဆေးတွေကို အကုန်သောက် ပစ်လိုက်ရော။ အရွယ်ရောက်နေတဲ့ လူကြီးတွေအတွက် ဆေးတစ်ခွက်စာဟာ ကလေးတွေ အတွက်မှာတော့ အဆိပ်ဖြစ် လာခဲ့ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူက ဆေးတွေသောက်လို့ မကြာခင်မှာ လဲကျသွားတော့ အမေလုပ်သူက ပြေးထွက်လာပြီး ကလေးကို ဆေးရုံတင် ပို့ရတာပေါ့။ မကြာခင်မှာပဲ သားဖြစ်သူ ကလေးက ဆေးရုံမှာပဲ အသက်မဲ့ သွားရပါတယ်။

ဒီတော့မှ သေသွားပြီ ဖြစ်တဲ့ သားလေးကို ကြည့်ပြီး အမေလုပ်သူက သတိလစ် သွားခဲ့ပါတယ်။ ယောင်္ကျားဖြစ် သူကိုလည်း ဘယ်လိုမျက်နှာ ပြရမလဲ ဆိုတာတွေးပြီး အင်မတန် ကြောက်ရွံစိုးရိမ် နေပါတယ်။ ဒါပေမယ့် ယောင်္ကျားဖြစ်သူ ဆေးရုံကို ရောက်ရှိလာတဲ့ အခါမှာ သူတို့ရဲ့ သားလေးအလောင်း ကိုမြင်တော့ မိန်းမဖြစ် သူကိုကြည့်ပြီး စကားလေး လေးလုံးပဲ ပြောလိုက်ပါတယ်။ ကဲ.. အဲဒီလေးခုသော စကားလုံးက ဘာဖြစ်မလဲ မသိဘူးနော်။ ဘာလို့ထင်လဲ?

တကယ်တော့ ယောကျာင်္းဖြစ်သူ ပြောလိုက်တဲ့ လေးလုံးသော စကားက " I LOVE YOU DARLING"တဲ့။ ယောင်္ကျားဖြစ်သူ ရဲ့တကယ့် ရင်ထဲက ဖြစ်ပေါ်လာတဲ့ အပြုအမူနဲ့ မမျှော်လင့်ထားတဲ့ အားပေးနှစ်သိမ့် တုံပြန်မှု စကားလေးပါ။ ကလေးက တကယ်ကို သေဆုံးသွား ခဲ့ပါတယ်။ ကလေးအသက် ပြန်ရှင်ဖို့ သူလည်းမလုပ်ဆောင် နိုင်တော့ပါဘူး။အကယ်၍သာ သူကလည်း အချိန်လေး နဲနဲပေးပြီး ဆေးပုလင်းကို သိမ်းခဲ့လိုက် မယ်ဆိုရင် ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အခုချိန်မှာမှ အပြစ်တင်ဖို့လည်း မလိုအပ်ပါဘူး။ ဒီအချိန်မှာ အမေဖြစ်သူကို အပြစ်ရှာ နေလို့လည်း ဘာမှထူးမလာ တော့ပါဘူး။ သူမလည်း သားလေးကို ဆုံးရှုံးခဲ့ ရသူပါပဲ။ အခုချိန်မှာ သူမတကယ် လိုအပ်နေတာက ယောင်္ကျားဖြစ်သူရဲ့ အားပေးနှစ် သိမ့်မှုပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် သူလုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော လက်ဆောင်ပါပဲ။

တစ်ခါတစ်ရံမှာ မိသားစုမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ အသိမိတ်ဆွေကြား မှာပဲဖြစ်ဖြစ် ကျွန်မတို့တွေဟာ မည်သူ့မှာ တာဝန်ရှိတယ်၊ မည်သူ့မှာ အပြစ်ရှိတယ် ဆိုပြီး အချိန်ကုန်ခံကာ ပြောဆိုကြပါတယ်။တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ ကူညီမှုမှာ လူသားတွေရဲ့ ခင်မင်မှု ချစ်ခင်မှုမှာ နွေးထွေးမှုတွေ လုံးဝလျှော့ နည်းနေပါတယ်။

ဒီတော့ ခွင့်မလွတ်သင့်တဲ့ သူတွေကို ခွင့်လွတ်ရင်း ချစ်ပြလိုက်ခြင်းဖြင့် ကမ္ဘာမှာ အလွယ်ဆုံး အလုပ်ကို လုပ်ဆောင်ပြလိုက်ပါ။ ဒါကြောင့် မည်သည့်အရာ ကိုမဆို တန်ဖိုးထားပါ။ ခွင့်လွတ်နားလည် ပေးခြင်းဖြင့် နာကျင်မှုတွေ၊ စိတ်သောက ရောက်မှုတွေ၊ ၀မ်းနည်းပူဆွေး ရမှုတွေကို မတိုးပွားပါစေနဲ့။

ကမ္ဘာမှာ လူသားတိုင်း ဒီလိုပြသနာ ဖြစ်ရပ်မျိုး လေးတွေနဲ့ ကြုံဆုံနေရ တတ်ပါတယ်။ ဒါကြောင့် မနာလိုခြင်း၊ မနာဖြစ်စေသော အရာများ၊ ခွင့်မလွတ် တတ်မှုတွေ ၊ တကိုယ်ကောင်း ဆန်မှုတွေနဲ့ ကြောက်ရွံ့စိုးရိမ် တတ်မှုတွေကို ခ၀ါချလိုက်ပါ။ ဒါဆိုရင် ပျော်ရွှင်ခြင်းနဲ့ စိတ်ချမ်းသာခြင်းစတဲ့ အရာအားလုံးကို သင်ထင်သလောက် မခက်ခဲဘဲ လွယ်လွယ်ကူကူ ရှာဖွေတွေ့ ရှိလာပါလိမ့်မယ်။

ဒီပို့စ်လေးကိုတော့ A LESSON FOR LIFE ဆိုတဲ့ ပုံပြင်လေးကနေ ဘာသာပြန် ပေးထားတာပါ။ မူရင်း အင်္ဂလိပ်ဘာသာရဲ့ ဆိုလိုရင်း အနှစ်ကို ထိရောက်အောင် အနီးစပ်ဆုံး ရေးပေးတာပါ။ လိုအပ်ချက်များ ရှိရင်မက်မက်ရဲ့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။ အခုလို ဖတ်ပေးတာလည်း ကျေးဇူးတင်ပါတယ်။ :) အာဝါးးးးးးးးးးးး :P


Sunday, April 19, 2009

The Wife and The Window


မောင်နှင့် ကျွန်မတို့ ပတ်ဝန်းကျင် အသစ်နဲ့ အိမ်အသစ်ကို ပြောင်းလာခဲ့တယ်။ တစ်ခုသော မနက်ခင်းမှာ မောင်နှင့်ကျွန်မ နံနက်စာ စားသောက်နေရင်း အိမ်နီးချင်း မိန်းမတစ်ယောက်က အ၀တ်ထုတ်လှန်း နေတာကို တွေ့လိုက်ရတယ်။

မောင်ရေ ကြည့်စမ်းပါဦး။ ဒီမိန်းမ အ၀တ်လျှော်တာလဲ မဖြူဘူး။ သူမအ၀တ်ကို ဖြူအောင် ဘယ်လိုလျှော်ရမလဲ ဆိုတာ မသိဘူးနဲ့ တူပါတယ်။ ဖြစ်နိုင်ရင် ဆပ်ပြာမှုန့် ကောင်းကောင်းလေး သုံးသင့်တယ်နော်။ ဒီအခါမှာ မောင်က တချက်လှမ်းကြည့်ပြီး ဘာမှမပြောဘဲ နှုတ်ဆိတ် နေခဲ့ပါတယ်။

အိမ်နီးချင်း မိန်းမက နေ့တိုင်းနေ့တိုင်း အ၀တ်ထုတ် လှန်းနေတာကို ကျွန်မတွေ့တိုင်း အထက်ပါ အတိုင်းပဲ မှတ်ချက်ပေး ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်လလောက် ကြာတော့ ကျွန်မအရမ်းကို အံ့သြခဲ့ ရပါတယ်။ ဘာကြောင့်ဆိုရင် အဲဒီမိန်းမ ထုတ်လှန်းနေတဲ့ အ၀တ်တွေက အရမ်းကို ဖြူဖွေးသန့် ပြန့်နေတာ တွေ့လိုက်ရတယ်လေ။

မောင်ရေ လာကြည့်ပါဦး ။ သူမအခုတော့ အ၀တ်အစားတွေ့ ဘယ်လိုဖြူအောင် လျှော်ရတယ်ဆိုတာ သိသွားပြီနဲ့ တူတယ်နော်မောင်။ သူ့ကို ဘယ်သူက သင်ပေးလိုက်တာလဲ မသိဘူးနော်။ ဒီတော့ကျွန်မ ချစ်တဲ့မောင်က

မောင်မနက်က အစောကြီး ထပြီး အိမ်ပြူတင်းပေါက် မှန်တံခါးတွေ သုတ်ပြီး သန့်ရှင်းရေး လိုက်တာလေ။

ကဲ..ဒီဇာတ်လမ်းကို ကြည့်ခြင်း အားဖြင့် မက်မက်တို့ နေ့စဉ် လူနေမှု ဘ၀မှာ….

ဘာအရာကိုပဲ ကြည့်ကြည့် သန့်ရှင်းတဲ့ မှန်ပြတင်းမှ တစ်ခြားသူ ဘာလုပ်တယ် ဆိုတာကိုပဲ ကြည့်သင့်ပါတယ်။ သူတစ်ပါးကို အပြစ်ရှာ ဝေဖန်မှု မပြုခင် အကောင်းဆုံးကတော့ မိမိရဲ့ အခြေအနေမှန်ကို ပြန်လည်ဆန်းစစ်ပြီး ကိုယ့်ကိုကိုယ် မေးမြန်းသင့်ပါတယ်။ ထို့နောက်မှသာ ပြောဆိုဆက်ဆံ ဝေဖန်မှု ပြုသင့်ပါတယ်။

အကယ်၍ တစ်စုံတစ်ယောက် အပေါ်မှာ မိမိက အကောင်းမြင်တတ်တဲ့ စိတ်ထားရှိ ခဲ့မယ်ဆိုလျှင် သင်ဟာဒီလောကမှာ အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦး ပါပဲတဲ့။ ရိုးသားကြင်နာခြင်းက လူတစ်ယောက်အတွက် အရေးပါ အဖိုးတန်တဲ့ အရာဆိုရင် တရားမျှ တခြင်းက ဒီလောကအတွက် ပိုမြင့်မြတ်၊ ပိုလိုအပ်ပါတယ်။ အများအားဖြင့် လူတွေမှာ ရိုးသားကြင်နာမှုတွေ စာနာထောက်ထားမှုတွေ မကင်းမဲ့ ခဲ့ပေမယ့် တရားမျှတမှု ကင်းမဲ့ခဲ့ကြတယ်။ ဒါကြောင့် မိမိကိုယ်မိမိ တရားမျှတတဲ့ တရားသူကြီး အဖြစ်ခံယူဖို့ သူတစ်ပါးအပေါ် အကောင်းမြင် တတ်အောင် ကြိုးစားကြပါစို့။

The Wife and the Window ဆိုတဲ့ Story လေးကို မတောက်တစ်ခေါက် ဘာသာပြန် ရေးသားလိုက်ရခြင်းပါ။ မူရင်းအင်္ဂလိပ် ပုံပြင်ရဲ့အဓိပ္ပါယ် ဆိုလိုရင်းကို အတတ်နိုင်ဆုံး ရေးသားလိုက် ရပေမယ့် ဆိုလိုရင်း မထိရောက်ခဲ့ရင် မက်မက်၏ စာအရေးအသား ညံဖျင်းမှုကြောင့်ပါ။

Thursday, April 16, 2009

အမှတ်တရ




Sembawang သင်္ကြန်


ပျိုမေတို့ကလည်း မောပါဘူးတဲ့


မမတို့ကလည်း ကမှာပဲတဲ့


ဦးလေးကြီးကလည်း ဆိုချင်တာပေါ့လို့


တရုတ်သီချင်းနဲ့ အပီဟဲနေတာ


လည်ချောင်းကွဲရင်ကွဲပါစေ ဆိုမှာပဲတဲ့


ပျော်ပျော်ပါးပါး အားပေးနေတာ


တပျော်တပါးအားပေးနေတာ


မြိန်ရေရှက်ရေဆွဲနေတာ


သက်ကြီးပူဇော်ပွဲပါ


သက်ကြီးရွယ်အိုတွေကို ပူဇော်နေတာပါ


ချစ်စရာ သားတို့သမီးတို့ရဲ့ ကဗျာရွတ်ပွဲပါ


သားငယ်သမီးငယ်တို့ ၃၈ဖြာ မင်္ဂလာကဗျာရွတ်ဟန်ပါ


၃၈ဖြာမင်္ဂလာကဗျာရွတ်ဆိုနေတာပါ


သင်တန်းကဆရာဆရာမတွေကို လက်ဆောင်ပစ္စည်းပေးနေတာပါ


ချစ်စရာသမီးငယ်ကပုံပြင်ပြောပြနေတာပါ


ကမှာပဲကမှာပဲ


မမတို့ကလဲမမောနိုင်မပန်းနိုင်ပါပဲ


မောင်ဆိုတော့မယ်ကမှာပေါ့


မယ်သီတာ


ချစ်ရေးဆိုနေတဲ့ ဒဿဂီရိ


ဒဿနဲ့သီတာ


သူတို့ကလည်း အတွဲညီနေတာ


ဒီပုံတွေကတော့ ၁၂.၄.၂၀၀၉ရက်နေ့ တနင်္ဂနွေနေ့ မနက်၉နာရီက စင်္ကာပူ နိုင်ငံမှာရှိတဲ့ ဆမ်ပါဝမ်း ဓမ္မဥယျာဉ် ဘုန်းကြီးကျောင်းက ကြီးမှုးကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲလေးပါ။ ဆန်ပါဝမ်းပါ့ခ်မှာ မြန်မာ့ဓလေ့ ထုံးစံမပျက် သင်္ကြန်ပွဲကို ပျော်ရွှင်စွာ ကျင်းပပါတယ်။ အဲဒီမှာ မြန်မာများရဲ့ မြန်မာရိုးရာ အစားအစာတွေကို လာသမျှ လူများကို စတုဒီသာ လှူဒါန်း ကျွေးမွေးပါတယ်။ ဆိုင်းဝိုင်းအဖွဲ့ သားများနဲ့ ၀ါသနာရှင်တွေ သီချင်းဆိုပါတယ်။ ဘိုးဘွားသက်ကြီး ပူဇော်ပွဲကိုလည်း ကျင်းပတယ်။ ပြီးတော့ချစ်စရာ သားလေးတွေ သမီးလေးတွေက ၃၈ဖြာ မင်္ဂလာကဗျာ ရွတ်ဆိုကြတယ်။ ဓမ္မဥယျာဉ် ဘုန်းကြီးကျောင်းရဲ့ ဘာသာစကား ပြောသင်တန်းမှ ကျောင်းသားကျောင်းသူ တွေကလည်း ၀ါသနာအရ သီချင်းလေးတွေနဲ့ လာရောက်ကြတဲ့ ပရိသတ်ကို ဧည့်ခံဖျော်ဖြေ ပေးကြပါတယ်။ ပြီးတော့ သင်တန်းမှ ဆရာ၊ဆရာမများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပါတယ်။ ဒီလိုနဲ့ ညနေလေးနာရီမှာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းလိုက်ပါတယ်။ ဒါကတော့ စင်္ကာပူ နိုင်ငံရဲ့ တစ်ရက်တည်းသော သင်္ကြန်ကာလလေးကို မြန်မာရိုးရာ ယဉ်ကျေးမှုနဲ့ အညီ ကျင်းပပြုလုပ်ခဲ့တာပါ။

ရေခြားမြေခြား နိုင်ငံခြားမှာ ကျင်းပတယ် ဆိုပေမယ့်လည်း အခုလို မြန်မာ့ရိုးရာ ယဉ်ကျေးမှုမပျက် အောင်မြင်စွာ ကျင်းပပေးနိုင် ခဲ့တဲ့အတွက် ဘုန်းဘုန်းအပါအ၀င် ကော်မတီဝင်မှ လူကြီးများ အားလုံးကို ကျေးဇူးလည်း တင်ပါတယ်။နောင်နှစ် နောင်နှစ်တွေမှာလဲ ဒီလိုအောင်အောင် မြင်မြင်စည်စည်ကားကား ကျင်းပပေးနိုင် ပါစေလို့ မျှော်လင့်ပါတယ်။ (ဗီဒီယို ဖိုင်ကိုတော့ နောက်နေ့မှ ဆက်လက် တင်ပေးပါ့မယ်)

Sunday, April 12, 2009

မင်္ဂလာပါ


၁၃.၄.၂၀၀၉ သင်္ကြန်ရက်မြတ်ကို အတာပန်းအိုးနဲ့ ကြိုဆိုပါတယ်...


ကဲ..ရောက်ရှိလာကြတဲ့ အစ်ကို အစ်မများ အားလုံး သင်္ကြန်ကို ကြိုဆိုသော အားဖြင့် မက်မက်က မုန့်လုံးရေပေါ် နဲ့ ဧည့်ခံလိုက်ပါတယ်.. ဘူဖေးနော်.. ဟဲ...ဟဲ.... အ၀စားနော်.. စားလည်းစား..သတိလည်းထားနော်.... ငရုပ်သီး ပါတဲ့ အလုံးလဲ ရှိတယ်.. ခစ်ခစ်.. :P ရူး... တိုးတိုး..နော်... အဲဒါ မက်မက် လုံးတာမဟုတ်ဘူးနော်.. ဖိုတိုဖူးခပ်ကနေ သယ်လာတာ.. ဟတ်ဟတ်... :P

Friday, April 10, 2009

စလယ်ဝင်အိုး

အခုရက်ပိုင်းမှာ လူမှုရေး ပြသနာတွေရယ် မိသားစု ပြသနာတွေရယ် ဖြေရှင်းနေရတဲ့ အခါ မက်မက်ရဲ့ ဖေဖေနဲ့မေမေ့ကို အရမ်းကို သတိရမိတယ်။ သတိရတိုင်းလည်း ငိုနေခဲ့ရတယ်။ ပြသနာတွေ နဲ့ ရင်ဆိုင်နေ ရတဲ့အခါ ငါ့ဖေဖေနဲ့ မေမေသာ ငါ့အနားမှာ ရှိရင်ဆိုတဲ့ အတွေးတွေနဲ့ မျက်ရည်အိုင် ခဲ့ရတယ်။

ဒီရက်ပိုင်းမှာ မက်မက်ဘယ်လိုမှ မအားတာရယ်၊ ပြသနာတချို့ကို ဖြေရှင်းနေတာရယ်၊ အင်တာနက် အခက်အခဲ ဖြစ်နေတာရယ်ကြောင့် ဘယ်လိုမှ ဘလော့ဘက်ကို မလှည့်နိုင် သေးတာကို ကျေးဇူးပြု၍ နားလည်ပေးပါနော်။ အားလုံးကို သတိရပါတယ်။ အိမ်တွေကို လာလည်ပြီး စာတွေ ဖတ်ဖို့လည်း အကြွေးတွေ တင်နေပါတယ် ။ အဆင်ပြေတဲ့ အခါ မရောက်ရောက်အောင် လာခဲ့ပါ့မယ်နော်။ အခုတော့ မက်မက် ဆိုထားတာ မဟုတ်တဲ့ “စလယ်ဝင်အိုးလေး “ဆိုတဲ့သီချင်းလေးကို နားထောင်လိုက်ပါနော်။




ဖေဖေရယ် မေမေရယ် ကြင်စတုန်းက စလယ်ဝင် အိုးလေးကိုသုံးကာ ထမင်းချက်ပြုတ် စားသောက်လို့ နေလာခဲ့တယ် ရက်တွေလတွေ ကုန်လွန်ကာ သွားတော့ သားတွေ သမီးတွေ အချစ်တွေရယ် တိုးပွားခဲ့လေတယ် စလယ်ဝင် ဒီအိုးကလုံလောက်မှုကို မပေးစွမ်းနိုင်တယ် သားတွေ သမီးးတွေ အကုန်လုံး စားနိုင်ရေးအတွက် ရည်မှန်းကာ အိုးကြီးဝယ်။တပျော်ပါးကွယ် စားလာတဲ့အခါ ပျော်မြူးစရာ လူ့ဘုံခန်းဝါ အဖေအမေ မေတ္တာ ပေးဝေနှီးကာ အတောင်စုံတဲ့အခါ တလမ်းစီ ခွဲခွာ ကိုယ်ပိုင် အသိုက်အမြုံ လွှမ်းခြုံတဲ့ အခါ အဖေအမေများမှာ ကြည့်ကာ ၀မ်းသာ ဒီတော့မှ အဘိုးအဖွား အဖြစ်နဲ့ စလယ်ဝင် ဒီအိုးလေး ပြန်သုံးစွဲ ကြပြန် မရိုးနိုင်တဲ့ မေတ္တာတွေပါ စလယ်ဝင်အိုးလေး ဇာတ်လမ်းစမှ ဇာတ်လမ်းဆုံး တိုင်ပါ

Monday, April 6, 2009

ဘာလဲ?



မက်မက်ပြောပြချင်တဲ့ စကားလုံးတွေ ဒီပုံလေးထဲမှာ ရှိပါတယ်။ မက်မက်လေး တစ်ယောက် သူမဘာတွေ ပြောချင်နေတာလဲ ဘာတွေ စိတ်ကူးနေတာလဲ ဆိုတာ စဉ်းစားကြည့် ရအောင်နော်။ စာဖတ်သူတွေက ဒီပုံလေးကို ကြည့်ပြီး ကိုယ်ကလည်း ဘယ်လိုမျိုး အတွေးအမြင်လေးတွေ ဖြစ်ပေါ်တယ်၊ ဘယ်လိုထင်မြင် တယ်ဆိုတာကို မက်မက်ကလည်း သိချင်ပါတယ်။ တစ်ယောက်စီရဲ့ အတွေးလေးတွေ ထင်မြင်ပုံ လေးတွေကိုလည်း မှတ်တမ်း တင်ထားပါ့မယ်။ ဟဲ...ဟဲ :P (ဆားချက်တာ)

Thursday, April 2, 2009

တစ်ဦးမေတ္တာတစ်ဦးမှာ

တစ်နေ့တစ်နေ့ ပို့စ်အသစ် တင်မယ်တင်မယ်နဲ့ တကယ်တမ်း မအားတာနဲ့ မတင်ဖြစ်ဘူး။ အပျင်းကြီး နေတာလဲ ပါတာပေါ့လေ။ အဟား.. အဲဒါနဲ့ ဦးနော်နဲ့ မယ်မယ်တို့က တက်ဂ်မယ်လို့ ပြောတော့ ကိုယ်ကလန့်နေတာ ဘာများ ခက်ခက်ခဲခဲ တက်ဂ်ခံ ထိမလဲပေါ့၊ ဘယ်လိုအကြောင်းအရာလဲလို့ မေးတော့လည်း ကြိုမပြော ပြဘူးတဲ့ မနက်ဖြန်မှ ကြည့်တဲ့။ ဦးနော်နဲ့ မယ်မယ်တို့က ခက်ခက်ခဲခဲ မတက်ဂ်ခိုင်း ပါဘူးတဲ့။ ၅မိနစ် အတွင်းမှာတောင် တင်လို့ရေးလို့ ရပါတယ်တဲ့။ ကဲ... ဒါဆိုလည်း ပြီးရောပေါ့နော့။ ဘာပဲ တက်ဂ်ခိုင်းတက်ဂ်ခိုင်း ကိုယ်ကရေး ပေးရမှာပဲလေ၊ ဒီတော့ ဟုတ်ကဲ့၊ ရတယ်ပေါ့၊ ရေးပေးမယ် လို့ပြောလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဆားချက်ခွင့် ရသွားတာပေါ့။ ဆားချက်ခွင့်ပေးတဲ့ ဦးနော်နဲ့ မယ်မယ် ကျေးဇူးပါနော့်။ ကဲ.. ဒါလေးကတော့ တကယ့်အဖြစ် အပျက်လေးကို ရေးထားတာပါ။ ဖတ်ပြီးသားဆိုလည်း ပြန်အားပေး ခဲ့လေနော့်။ :) အပျင်းပြေ ဆားလေးတော့ တို့သွားနော်။ တစ်တို့နော် တစ်တို့... :P


ဆောင်းဥတုရဲ့ ညနေခင်း တစ်ခုမှာ အမည်မသိ အမျိုးသမီးတစ်ဦး အထုတ်ကလေး တစ်ထုတ်ပိုက်ပြီး ကျွန်မဆီ ကိုတည့်တည့် လျှောက်လာ နေသည်။ ကျွန်မကကို တွေ့တော့ အမျိုးသမီးက ၀မ်းသာအားရနဲ့

“ညီမလေး...အစ်မကို တစ်ခုလောက် ကူညီပါလားဟင်၊ အစ်မသမီးလေးကို ညီမလေးဆီမှာ စောင့်ရှောက် ထားပေးပါလား၊ အစ်မှာ ကလေးတွေက များတော့ သူတို့ကို တစ်ယောက်ချင်း စောင့်ရှောက် ပေးဖို့က အဆင်မပြေလို့ပါ ညီမလေးရယ်။ ညီမလေးက ကလေးချစ် တတ်တော့ အကူအညီ တောင်းကြည့်တာပါ။ အားလည်း နာတယ် ညီမလေးရယ်၊ ကူညီပေးပါနော်။

"အော်.. ဟုတ်ကဲ့၊ ရပါတယ်အစ်မရဲ့။"

အမျိုးသမီးမှ ပြောပြောဆိုဆို အထုတ် ကလေးအား ကျွန်မကို ပေးလေသည်။ ကျွန်မကြည့် လိုက်တော့အို...၀၀ကစ်ကစ်နဲ့ ချစ်စရာ ကောင်းတဲ့ ကလေးလေးပါလား။ ကလေး ချစ်တတ်တဲ့ ကျွန်မသူ့ကို မြင်မြင်ချင်း ချစ်မိသွားတယ်လေ။ ဒါကြောင့် အဲဒီ အမျိုးသမီးကို ကတိပေး လိုက်လေသည်။

“စိတ်ချအစ်မ။ ဒီသမီးလေးကို သေသေချာချာ စောင့်ရှောက်ပါ့မယ်”

“၀မ်းသာလိုက်တာ ညီမလေးရယ်။ အစ်မလည်း မကြာမကြာ ညီမလေး ဆီကိုလာလည်ပါ့မယ်။”

“ညီမလည်း သမီးလေးကို မြင်မြင်ချင်း ချစ်မိသွားလို့ပါ။ဘာမှ စိတ်မပူ နဲ့နော်အစ်မ၊ သူ့ကို သမီလေး တစ်ယောက်လို သေသေချာချာ စောင့်ရှောက်မှာပါ။”

ဒီလိုနဲ့ သူမဘ၀ရဲ့ တစ်စိတ်တစ်ဒေသကို ဒီသမီးလေးက နေရာ ယူလာလေသည်။ သမီးလေး ကြောင့်လည်း သူမဘ၀ ပိုစိုပြေလာ ခဲ့တယ်လေ။ သူမရဲ့ မိသားစုကတော့ ကန့်ကွက်တာပေါ့။ ဒါပေမယ့် အားလုံးနဲ့ အတိုက်အခံ လုပ်ပြီး သမီးလေးကို မွေးစား လိုက်လေသည်။ သမီးလေးကိုလည်း မေစီရတနာ လို့နာမည် ပေးထားလိုက်သည်။ မေစီလေးဟာ သူမရဲ့ အချိန်တွေ အားလုံးကို အပိုင် သိမ်းထားလေသည်။မေစီလေးကြောင့် သူမအထီးကျန် ဆန်ခြင်းမှ ကင်းဝေးသွားလေသည်။ မေစီလေးကလည်း သူမကို တော်တော်ခင်တွယ်သည်။ သူမကလည်း သမီးလေး မေစီမှ မေစီ ဖြစ်နေခဲ့သည်။

တစ်နေ့တစ်နေ့ ဒီကလေး နဲ့ပဲ အချိန်ကုန် နေတော့ သူမမိသားစုရဲ့ ငြိုငြင်ခြင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းကို သူမခံရလေသည်။ သူမကို ကလေးရူးလေး ရူးနေတာတဲ့။ပတ်ဝန်းကျင်က ဘယ်လို ဝေဖန် နေပါစေ။ သူမဂရုမစိုက်ခဲ့။ နှလုံးသားထဲက စီးဆင်းလာတဲ့ မေတ္တာတွေကို သူတို့မှ မသိတာ ပဲလေ၊သူတို့မှာ ချစ်တတ်တဲ့ နှလုံးသားမှ မရှိတာပဲလေ။ ဒါကို သူမနားလည် ပေးရတာပေါ့။

သမီးလေး မေစီကလည်း ကျွန်မကို ချစ်၊ ကျွန်မကလည်း သမီးလေးကို ချစ်ဆိုတော့ လူတွေရဲ့ မနာလိုမှုကို ခံရတယ်လေ။ သမီးလေးက အင်မတန် သိတတ်၊အလိုက် အထိုက် ကလည်း သိဆိုတော့ ကျွန်မအသဲ တုန်ရတာပေါ့ရှင်။

သမီးကလည်း အိပ်ရင် ကျွန်မနဲ့ပဲ အိပ်တာလေ။ မနက်ဆိုရင် ကျွန်မအလုပ် သွားဖို့ သမီးလေးက အမြဲနိုးပေးရတယ်။ကျွန်မကလည်း သမီးလေးနိုးမှ အိပ်ရာက ထတာလေ။ တစ်ခါတစ်ခါ နိုးနေပေမယ့် သမီးလေးကို စချင်နောက်ချင် နေတော့ အိပ်ရာမထသေးပဲ သမီးလေး အနိုးကို စောင့်နေတာ။အချိန်တန်ပြီ ဆိုရင် သမီးလေးလာ နိုးပါပြီ၊ သူမအိပ်ရာက မထမချင်းကို နိုးနေတော့တာ။ အသံကုန် အော်ပြီး နှောင့်ယှက် တော့တာပဲ။ ချစ်စရာ အလွန်ကောင်းပြီး အပြစ်ကင်းတဲ့ သမီးလေးကြောင့် သူမအိပ်ရာကထရပါပြီ။

အလုပ် သွားဖို့ ပြင်ဆင်တော့လည်း ကျွန်မအနားမှာ ထိုင်စောင့် နေတာလေ။ ပြီးရင် အိမ်ပေါက်ဝ ရောက်တဲ့ အထိ လိုက်ပို့ပေး ပြီးတာနဲ့ ကလေးသဘာဝ သူ့ဟာသူ ဆော့နေတော့ တာပေါ့။ အလုပ်က ပြန်လာခါ နီးပြီဆိုရင်လည်း အိပ်ပေါက်ဝမှာ ထိုင်စောင့်နေပြီး ကျွန်မကို တွေ့တာနဲ့ ပြေးလွှား ခုန်ပေါက်ပြီး ရင်ခွင်ထဲကို တိုးဝင်လို့ ချွဲနွဲ့ နေတော့တာပေါ့။

ကျွန်မ အလုပ်မသွားခင် ဆိုရင် သမီးလေးကို မေမေတို့နဲ့ အပ်ထားရတာလေ။ ကျွန်မမရှိရင် မေမေတို့ စကားကို သမီးလေး မေစီ နားထောင် ရတာပေါ့။ အမေက စည်းကမ်း အရမ်းရှိတာ။ သူဆိုးလို့ မရဘူးလေ၊ သူ့အတွက် ဒုတ်တောင်မှ သီးသန့် ထားတာလေ၊ကျွန်မမရှိရင် သမီးလေး မေစီက မီးကို သေနေတာပဲ။ ကျွန်မပြန်လာ ပြီဆိုရင်တော့ ဆိုးတော့တာပဲ၊သူက ဘယ်သူ့ကိုမှ လူလို့မထင်တော့ဘူး၊

ကျွန်မကလည်း ပြန်လာရင် သမီးလေးကို တစ်ခုချင်း မေးတယ်၊ မာမီ့သမီးလေး ကိုဘယ်သူက အနိုင်ကျင့်လည်းပေါ့။ ကျွန်မမေး သမျှကိုလည်းသူကပြန်ဖြေပြီးကျွန်မကို ပြန်တိုင်တာပေါ့။ အဲလို အရွယ်နဲ့ မလိုက်အောင် သိတတ်လွန်းတော့လည်း ရှိသမျှ အချစ်တွေကို စုပုံခဲ့ ရတာလေ။ ကျွန်မရဲ့ အစ်မက ဆိုရင် ဟဲ့.. နင့်သမီး ကလေ နင်မရှိရင် ငါတို့ စကားတစ်ခွန်း ထဲပဲသိလား၊ မီးကို သေနေတာပဲ ၊နင်ရှိရင် အဲဒီကလေး အရမ်း လူပါးဝတယ်။ အမြင်ကတ်ဖို့ ကောင်းတယ် ဆိုပြီး အမြဲပြောတယ်လေ။

ကျွန်မ သမီးမေစီ ကလည်း သူတို့ပြော သလိုမျိုးပါပဲ၊ ကျွန်မပြန်လာရင် နင်းပေးရတာနဲ့၊နှိပ်ပေးရတာနဲ့၊ သူတို့ မနာလို ချင်စရာလည်း ကောင်းနေတာကိုး။အင်မတန် ချွဲတတ်တာလေ၊ ကျွန်မကလေ အလုပ်မှာ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ ဘယ်လောက်ပဲ STRESS များများ အိပ်ပြန် ရောက်လို့ သမီးလေးရဲ့ မျက်နှာများ မြင်လိုက်ရရင် ကိုအိုအေစစ် ကမ္ဘာထဲ ရောက်သွားသလိုပဲ၊ ရှိသမျှ အမောတွေ ပြေသွားတာ၊ ကျွန်မ ရှာသမျှ ကျွန်မမိဘနဲ့ ကျွန်မရဲ့ ချစ်စရာ ကောင်းတဲ့ သမီးလေး မေစီအတွက်ပဲလေ။ သမီးလေးရဲ့ အရွယ်နဲ့ မလိုက်အောင် သိတတ်မှုနဲ့၊ ချစ်စရာ အပြုအမူ တွေကြောင့် မိသားစုတွေရဲ့ အရေးပေးမှု့ ကိုရရှိ နေပြီလေ။အခုဆိုရင်ကျွန်မ မိသားစုကလည်း သမီးလေးမှ သမီးလေး ဖြစ်နေပြီ။

ဒီလိုနဲ့ ကျွန်မ သမီးလေး အရွယ်ရောက်လို့ ကြီးပြင်းခဲ့ပါပြီ၊ ကျွန်မသမီးလေးက ချစ်စရာ ကောင်းတော့ ဘေးမှာ လိုချင်သူ ကာလသားတွေက ၀ိုင်းဝိုင်းလည် နေတာပေါ့၊ ဒီလို သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ကျွန်မ အရင်က ထက်ပိုလို့တောင် သမီးလေးကို စိတ်မချ ဖြစ်ရတာပေါ့။

တစ်နေ့တော့ ကျွန်မ သမီးလေး အစာမစား၊ တစ်မှိုင်မှိုင် တစ်တွေတွေ ဖြစ်နေတော့ အမြဲတမ်း အရိပ်လို လိုက်ကြည့်နေတဲ့ ကျွန်မ ရင်မှာ သောကမီးတွေ လောင်ရပါပြီ၊ ကံကြမ္မာ မုန်တိုင်းထန် လာလိမ့်မယ်လို့ ဘယ်သူတွေများ ထင်မိမှာလဲ၊

သမီးလေး နေမကောင်းတော့ ဆရာဝန်နဲ့ ပြနေရတယ်လေ။ ဆေးခန်းကို နေ့တိုင်းသွား နေရပေမယ့် သမီးလေး မသက်သာဘူး၊ ဒါနဲ့ အထူးကု ဆရာဝန် ဆီမှာ သွားပြတော့ သမီးလေးမှာ ကိုယ်ဝန်ရှိ နေပြီတဲ့။ အဲဒါ ကိုယ်ဝန်ပျက်ကျပြီး ဗိုက်ထဲမှာ ကလေးသေ နေတယ်တဲ့။ ဆရာဝန်မကြီးက သမီးလေးကို ခွဲစိပ်ရမယ်၊ ဒါပေမယ့် သမီးလေးမှာ နှလုံးက အရမ်းအားနည်း နေတော့ ချက်ချင်း ခွဲစိပ်လို့မရဘူး၊ အသက် အန္တာရယ် ကလည်း စိုးရိမ်နေရတော့ အချိန်စောင့် ရဦးမယ်တယ်တဲ့။ ဒါကြောင့် သမီးလေးကို ဆေးထိုးပြီး အားမွေး နေရတယ်လေ။ မိသားစုဝင် တွေကလည်း အင်္ဂုလိမာလသုတ် ရွတ်ပေးတဲ့ လူနဲ့ ပရိတ်ရည် တိုက်တဲ့သူနဲ့ သမီးအတွက် စိုးရိမ်နေ ရပြီလေ။

ဒီလိုနဲ့ ခွဲစိပ်ရမယ့်နေ့ကို ရောက်ရှိလာပါတယ်။ သမီးလေးကို ခွဲစိပ်ခန်းထဲ ခေါ်သွားပါတယ်။ သမီးလေးကလေ ကျွန်မရှိနေတော့ ကျွန်မကို ချွဲလိုက်တာမှ တကယ့် ကလေးငယ်လေး တစ်ယောက်အတိုင်းပါပဲ။ လူနာကိုယ်တိုင်ကိုလည်း ခွဲစိပ်တာ ပေးမမြင်ချင်တော့ လူနာကို ကန့်လန့်ကာ အစိမ်းရောင်လေးကို ကာပေးထားတယ်လေ။ အခန်းထဲမှာ ခွဲစိပ်ခန်း ၀တ်စုံလေးနဲ့ သမီးလေး မေ့ဆေးကြောင့် မေ့နေပါပြီ။ အပြင်ကနေတော့ လူနာရှင်တွေက အဂုင်္လိမာလသုတ် ကိုရွတ်ပေးကြပါတယ်။ သမီးလေးကို အောင်မြင်စွာ ခွဲစိပ်နိုင်အောင် ဆုတောင်းနေ ကြတာပေါ့။ ဒီလိုနဲ့ ၁နာရီ ကျော်ကျော်လောက်မှာ သမီးလေးကို အောင်မြင်စွာနဲ့ ခွဲစိပ်နိုင်ခဲ့ပြီး ခွဲစိပ်ခန်းထဲကနေ ဆရာဝန်ကြီးက သမီးလေးကို ခေါ်ထုတ်လာပါတယ်။

သတိမေ့ နေသေးတဲ့ သမီးလေးကို ဆေးရုံမှာ မထားပဲ အိမ်ကိုပဲ တန်းခေါ် လာခဲ့ကြတယ်။ အိမ်မှာတော့ ဆရာဝန်ကြီးရဲ့ မှာကြားချက်နဲ့ ကြပ်ကြပ်မတ်မတ်နဲ့ ဂရုတစိုက် ပြုစုခဲ့ကြတယ်။ ဆရာဝန်နဲ့ လည်းတစ်ပတ်ကို ၃ကြိမ် ထပ်ထပ် သွားပြရသေးတယ်။ ချုပ်ရိုးဖြည်တော့လည်း ချုပ်သားတွေက သူများတွေနဲ့ လုံးဝမတူပဲ အရမ်းလှလို့ ဆရာဝန်ကတောင် ချီးကျူးရတယ်လေ။ အဲလိုနဲ့ ဆရာဝန်ကြီး မိသားစုတွေရဲ့ အချစ်တော် သမီးလေး ဖြစ်လာရ ပြန်တယ်လေ။ ဆရာဝန်ကြီး ကလည်း သမီးလေး မေစီမှ မေစီဖြစ်နေတာ။

ကြည့်စမ်းပါဦး။ ချစ်စရာ အရမ်းကောင်း၊ ချောလည်းချော၊ လှလည်းလှ၊ အရာရာကို သိတတ် နားလည်လွန်းတော့လည်း လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစား နေတာလေ။ ဒီလိုနဲ့ သမီးလေးလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီး မိသားစုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ချစ်ခင်မှုတွေရဲ့ အောက်မှာ ပျော်ရွှင်စွာနဲ့ သူဘ၀ကို ယခုအချိန်ထိ ဖြတ်သန်း နေပါတယ်။

အခုပြော ချင်တာက မေတ္တာ ရောင်ပြန်ဟပ်မှု ကိုပြောချင်တာပါ။ တစ်ဦးမေတ္တာ တစ်ဦးမှာ ရောင်ပြန် ဟပ်တယ်ဆိုတာ လူသားတွေမှာမှ မဟုတ်ပါဘူး၊ မည်သည့် သတ္တ၀ါမဆို ဖြစ်ပေါ်တယ် ဆိုတာပါ ။သမီးလေးမေစီဟာ သေးငယ်တဲ့ တိရစ္ဆာန် ကြောင်မလေး ပင်ဖြစ်လင့်ကစား သူ့ကို တိရစ္ဆာာန် အရာမှာ မထားပဲ လူသားတစ်ဦး အသွင်ပြုမူ ဆက်ဆံတဲ့ အတွက် မေတ္တာ ရောင်ပြန် ဟပ်တာကို ပြောချင်တာပါ။

မက်မက်ရဲ့ အဖေက အသက်အရွယ် အိုမင်းမှုကြောင့် လမ်းမလျှောက် နိုင်ပါဘူး၊ ခြေလေးချောင်း ထောက်တန်နဲ့ သွားရတာပါ။ အမြဲတမ်း လူအကူ ဘေးမှာရှိရတယ်။ တနေ့တော့ အဖေနဲ့ မိသားစုဝင်တွေ သတိမမူ မိကြတဲ့ အချိန်မှာ မြွေတစ်ကောင် ဘယ်ကနေ ၀င်လာမှန်း မသိပဲ အဖေ့ကုတင်နားကို ရောက်လာပါတယ်။ အဖေကလည်း မြွေကိုမတွေ့ပါဘူး။ ဒါကိုသမီးလေး မေစီ တစ်ယောက်ပဲ မြင်တယ်လေ။ အဲဒီအချိန်မှာ အဖေ့အနားမှာ အိမ်သားတွေ ဘယ်သူမှ မရှိဘူး။ အဲဒီမှာ သတ္တိခဲမလေး မေစီက အဖေ့အသက်ကို သူ့အသက်နဲ့ လဲပြီး ကာကွယ် ပေးပါတယ်။

မြွေကိုခဲ ထားပြီး မြွေနဲ့ ရန်ဖြစ်နေတာပေါ့။ အသံကြားတော့မှ အဖေက အိမ်သားတွေကို အော်ခေါ်တော့ အားလုံးက ထိတ်ထိတ်ပြာပြာနဲ့ ပြေးလာကြပြီး မြွေကို ခြောက်လွတ်ပြီး သမီးလေး မေစီလေးကို လည်းဆွဲထား ရတာပေါ့။ တကယ်ဆို အဖေ မမြင်တဲ့မြွေ၊ အိမ်သားတွေ သတိမမူ မိတဲ့မြွေ အဖေ့အနားမှာ လူရှိမနေ တဲ့အချိန်၊ သမီးလေး မေစီသာ အနားမှာ မရှိခဲ့လျှင်.....??????

ဒီပို့စ်လေး နဲ့အတူ အင်မတန် ချစ်စရာ ကောင်းပြီး အရမ်းချောလှတဲ့ ကြောင်မလေး မေစီရတနာ လေးကိုဂုဏ်ပြုပါတယ်။ မေစီရတနာလေးကို ချွေးမတော် ချင်ရင်ပြောနော်၊ဟီးဟီး.. :P :P

ဦးနော်နဲ့ မယ်မယ်ရေ စီလေး ရေးပြီးပြီနော်...ကျေနပ်တော့နော့်...စာဖတ်သူ တွေလည်း သွေးတိုး ကုန်တော့မယ်.. ခစ်ခစ်... :)