Subscribe:

Saturday, March 28, 2009

ဘီယာနှင့်ကျန်းမာရေး






ဘီယာဟာ အရက်တော့ မဟုတ်ပါ။ တစ်ငွေ့ငွေ့လေးနဲ့ အတော်လာတာ...အဟား.. ဒီသီချင်းလေးကို ကြားဖူးကြ မှာပါနော်။ ဘယ်သူဆိုတာလဲတော့ မမှတ်မိတော့ဘူး။ အဟဲ.. :P တစ်နေ့ က RAFFLES PLACE ကိုရောက်တော့ ဟန်နီကယ်လ် ဘီယာပိုစတာ ကြောငြာကို တွေ့လိုက်မိပါတယ်။ဒါနဲ့ GHOBY GHAUT ကိုရောက်တော့လည်း တစ်ခါ တိုက်ဂါးဘီယာကို ပရိုမိုရှင်းလုပ်တာနဲ့ ကြုံခဲ့ပြန်ရော။

ဒါနဲ့ ဘီယာနဲ့ ပတ်သတ်တဲ့ အကြောင်းလေး ရေးမယ်ပေါ့ဆိုပြီး စိတ်ကူးနဲ့ ဓာတ်ပုံလေးပဲ ရိုက်လာလိုက်တယ်။ ဒါပေမယ့် သိတဲ့အတိုင်း အခုတစ်လော အလုပ်တွေက ရှုတ်နေရယ်၊ ကွန်နက်ရှင် အခက်အခဲ ရယ်ကြောင့် ဘယ်လိုမှ ပို့စ်အသစ်တင်ဖို့ မရဘူး ဖြစ်နေတယ်လေ။တစ်ခါတစ်ခါ ကိုယ့်အိမ်ကို ကိုယ်ဝင်လို့ တောင်မရတဲ့ အခြေအနေ နဲ့တိုးတိုးနေတာလေ။ အဟဲ..အဲလိုနဲ့ အကြောင်းပြပြီး ပျင်းနေတာလည်း ပါပါတယ်။ ဒါကြောင့် ပင်လယ်ရေ ခမ်းရင်ခမ်း ပါစေကွာ ဘာဖြစ်လဲဆိုပြီး ဆားချက်လိုက်ပါတယ်။ :P :P အားနာပါးနာနဲ့ ဖတ်လိုက်ပါဦးနော်။

ဒါကတော့ ဖော်ဝပ်မေးထဲက ဘီယာနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးလေးပါ။ အားလုံးသိရအောင် ပြန်လည်ဖော်ပြ ပေးပါတယ်။ ဘီယာကြိုက်တဲ့ ဦးဦးတို့ ကိုကိုတို့၊ မောင်မောင်တို့ မမတစ်ချို့တို့လည်း တန်ဆေးလွန်ဘေး မဖြစ်အောင် ရှောင်လို့ရတာပေါ့နော်။

ဘီယာ တပိုင့်(နှစ်ခွက်စီ) မျှ နေ့စဉ် နေ့တိုင်း သောက်သုံးခြင်းသည် ဆီးကြိတ် ကင်ဆာကို ဖိတ်ခေါ်သလို ဖြစ်လာစေကြောင်း ပညာရှင်များက တွေ့ရှိ ခဲ့ကြသည်။ဗြိတိန် ကျန်းမာရေး ၀န်ကြီးဌာနသည် ဘီယာ၊ အရက်တို့ နှင့်ဆီးကြိတ် ကင်ဆာ ဆက်နွယ်မှုကို လေ့လာသည့် စစ်တမ်း (၃၅)ခုကို စုစည်းပြီး လေ့လာမှုများ ပြုလုပ်ကာ နောက်ဆုံး ရလဒ်အဖြစ် နေ့စဉ် ဘီယာတပိုင့် သောက်ပါက ဆီးကြိတ် ကင်ဆာ ဖြစ်လာနိုင်ခြေ (၂၀)ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။

တစ်ပါတ်အတွင်း ဘီယာ(၁၄)ခွက် ထက်မနည်း သောက်လေ့ ရှိသူများတွင် ထိုအချက်မှာ ပိုမို သိသာကြောင်း သုတေသီများက ဆိုသည်။ ဗြိတိန် နိုင်ငံတွင် အရက်နှင့် ဘီယာ နှစ်ခြိုက်စွာ သောက်သုံးလေ့ရှိသူ (၉၀၀၀) မျှနှစ်စဉ် ကင်ဆာဖြင့် သေဆုံး လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။

Thursday, March 19, 2009

အတာနှင့်သုရာ



အင်မတန် နားဝင်ချိုတဲ့ သင်္ကြန်တေးသံပါ



(မြူမှောင် ဝေကင်းငွေ အဆင်းဆန္ဒ ပြည်ထောငတိုင်းမြန်ပြည် ငြိမ်းချမ်း အောင်ဆု သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ ထူးထူး ကဲကဲ လှကြပါစေ အဆင်ပြေ မြင်ရသူ ကည်နူး လောက်ပေ သံသာ ချိုမြမြ ဆိုတေး လေးတွေ မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ ယဉ်ကျေး သူတွေ မနှစ်ကပဲ လောင်းခ့ တာတွေ အေးအေး မြမြ မမေ့တဲ့နိုင်ပေ သင်းပျံ့ပေ ရွှေပန်း ပိတောက်တွေ ရွဲရွဲနဲ့လေ အဆင်မြဲ မြန်းကာ လှတဲ့မေ ငွေငန်း မောင့်ကို လောင်းတဲ့ရေ ဘေးဘရာ ဝေးကွာ ကင်းစင်ပမယ် လေ ဒီရေ ပွဲ သင်္ကြန်ရေ)



သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ သင်္ကြန်ဆိုတာ ဗြဟ္မာဏ ၀ါဒကနေ ဆင်းသက် လာတာပါ။ နှစ်အားဖြင့် တစ်နှစ်မှ တစ်နှစ်သို့ ကူးပြောင်းခြင်း လဲမှန်ပါတယ်။ကဲ....ဒါဆို ဘယ်လို ကူးပြောင်းတုန်းလို့ မေးရမယ် ဆိုရင်တော့ နေရွာကနေ သေရွာသို့လို့ အဖြေထွက်ပါတယ်။ ကောင်းရာမှ မကောင်းရာသို့ ကူးပြောင်းခြင်း ၊ မကောင်းရာမှ ကောင်းရာသို့ ကူးပြောင်းခြင်း လို့လည်း သတ်မှတ်ပါတယ်။



ကဲ....ဒါဆို သင်္ကြန်မှာ ဘာလို့ ရေလောင်းကြတာလဲ။ ရေပတ်ကြတာလဲလို့ မေးစရာ ရှိပါတယ်နော်။ သင်္ကြန်ပွဲတော်မှာ မြန်မာတိုင်းရင်းသားများ အားလုံးတို့ဟာ ပျော်ရွှင်စွာ ရေပက်ကစားကြပါတယ်။ သင်္ကြန်ရေပက် ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရရှိပါတယ် ။ ရေသည် မေတ္တာဓာတ်ကို တင်စားတာပါ။ ရေကစား ကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသော မေတ္တာဓာတ်ဖြင့် ကစားခြင်း ဖြစ်ပါတယ်။



သင်္ကြန်ရောက်ရင်တော့ သင်္ကြန်သီချင်း လေးတွေနဲ့ စိတ်ကကိုယ့် မြန်မာလူမျိုး တွေရဲ့နှစ်သစ်ကူးဆိုတော့ ပျော်ကြပါတယ်။ အဲ.. တစ်ချို့ကလည်း အဲဒီလို အကူးအပြောင်းလေးမှာ တရားဘာဝနာ အားထုတ်ရင်း ကောင်းမူကုသိုလ် ယူကြပါတယ်။ တစ်ချို့ကျတော့လည်း အရက်သေစာ သောက်စားမူးယစ်ကြပြီး အပျော်လွန်ကုန်ကာ မဖြစ်သင့် တာတွေဖြစ် ကြပါတယ်။အရက်ကို လူတော်တော် များများ သင်္ကြန်ရက်မှာ ဘာကြောင့် ယောကျာင်္းမိန်းမ အရက်သောက်ကြတာလဲ၊ ဆင်ခြေကတော့ အချမ်းပြေတဲ့။ အရက်ဆိုလို့ အရက်အကြောင်းလေး နဲနဲလောက် အတိုချုပ် ပြောပြမယ်နော် ။



ဟိုးတစ်ခါ တုန်းကပေါ့ ကြီးမားတဲ့ တောကြီးမျက်မည်းထဲမှာ ရှိတဲ့သစ်ပင်ကြီး တွေကနေ သစ်သီးတွေ ကြွေကျတာပေါ့။အဲ...အချိန်ကြာ လာတာနဲ့အမျှ အဲဒီအသီး တွေကနေပြီး အရည်ဖောက်လာတော့ ကျေးငှက် တိရစ္ဆာန်တွေက လာရောက် သောက်စားပြီး တိရစ္ဆာန်စိတ်တွေ ပျောက်ကုန်ခါ မူးယစ်နေ ကြတာပေါ့။ ဒီလိုနဲ့ ကာသိတိုင်းက တောလိုက်မုဆိုးကြီး သုရာကနေပြီး တောထဲမှာ အမဲပစ်ထွက်ရင်း ကျေးငှက်တိရစ္ဆာန်တွေ မြောက်များစွာ လဲကျနေ တာကိုတွေ့တော့ အလွယ်တကူပဲ ဖမ်းယူခဲ့တယ်။ နောက်တော့ သူစဉ်းစားတယ် ကျေးငှက်တွေ ဘာကြောင့် ဒီလိုဖြစ်တာလဲပေါ့ အဲဒီမှာ ယစ်ရည်တွေကို တွေ့တော့ မြည်းစမ်းသောက် ကြည့်တာမှာ အင်မတန် နှစ်သက်သွားတယ်။အဲဒီမှာ အနီးအနားမှာ တရားကျင့် ကြံနေတဲ့ ၀ရုဏ ရသေ့ကို တွေ့တော့ ယစ်ရည်တွေ ဆက်ကပ်လိုက်ပါတယ်။ အဲဒီမှာ ရသေ့ကလည်း နှစ်ချိုက်သွားတော့ လူထွက်လိုက်ပါတယ်။



သုရာမုဆိုးက တွေ့ရှိလို့ ယစ်ရည်ကို သုရာရည်လို့ ခေါ်ဆိုလိုက်ပါတယ်။ဒါနဲ့ ယစ်ရည် ဖြစ်လာပုံကို သိသွားတော့ ကိုယ်တိုင်လုပ် ယူပါတယ်။ ဒီလိုနဲ့ သုရာနဲ့ ၀ရုဏ တို့နှစ်ဦးက သာကေတ တိုင်းကိုသွားရောက်ပြီး သုရာရည်တွေကို ရောင်းချပါတယ်။ ဘုရင်အပါအ၀င် သာကေတ တစ်တိုင်းပြည်လုံး အရက်ရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်ကြတာပေါ့။တိုင်းပြည် တပြည်လုံးလဲ ပျက်စီး ကုန်ပါတယ်။ ဒီလိုနဲ့ စီးပွားရေး မကောင်းတော့ သာကေတ တိုင်းပြည်ကနေ သာတတ္ထိမြို့လေးကို ရောက်ရှိလာပါတယ်။ ထုံးစံအတိုင်း ဘုရင်ကို ဆက်သတာပေါ့။ ဘုရင်က အရက်ကို သူ့နိုင်ငံမှာ စမ်းသပ်ချက်ဆိုပြီး ခွင့်ပြုထား လိုက်ပါတယ်။ ကြွက်အန္တာရာယ်တွေက ကင်းဝေးအောင် ကြောင်တွေကို အစောင့်ထားခဲ့ရာ ကြောင်တွေက သုရာရည်တွေကို သောက်သုံးပြီး စဥ့်အိုးနားမှာ မူးမေ့နေတော့ ဘုရင်က သူတို့နိုင်ငံကို သေကြောင်းကြံတယ်၊ အရက်ထဲမှာ အဆိပ်ခတ် ထားတယ်ဆိုပြီး သုရာနဲ့ ၀ရုဏတို့ နှစ်ယောက်ကို သေဒဏ် ပေးလိုက်ပါတယ်။



အဲဒီလိုနဲ့ မူမေ့နေတဲ့ ကြောင်လေးတွေ သတိရလာတော့ ဘုရင်က အံသြပြီး ချက်ထားတဲ့ အရက်အိုးကို မြည်းခိုင်းစေပါတယ်။ ဒီအခါမှာ ပစ်ဒဏ်ပေးလိုက်တဲ့ သုရာနဲ့ ၀ရုဏတို့ကို နှမြောတသ ဖြစ်တာပေါ့။ ဒါနဲ့ သူ့တိုင်းပြည်မှာ အရက်ဆက်လက် ချက်လုပ်စေတော့တယ်။ နေ့နေ့ညည သောက်စားမူးယစ်ပြီး တိုင်းပြည်က ပျက်စီးစ ပြုတော့မှာကို သိတော့ သိကြားမင်းက လူယောင် ဖန်ဆင်းပြီး ဘုရင်ဆီမှာ အရက်လာ ရောင်းပါတယ်။ ဒီလိုရောင်း တဲ့အခါမှာ အရက်၏ ဆိုးကျိုး၂၆မျိုးကို ကြော်ငြာကာ ပြောရောင်းပါတယ်။ ဒါကို ဘုရင်က အရက်၏ ဆိုးကျိုးတွေကို သိသွားပြီး အမြင်မှန် အသိတရား ရရှိပြီး အရက်ချက်ခြင်း ရပ်ဆိုင်းလိုက်ပါတယ်။



မြန်မာမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ခိုးခံရတာ ကြာပါပြီ။ အတာသင်္ကြန်ကို မူးယစ်သောက်စား ပြီးဆင်နွဲ မယ့်အစား မြန်မာတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသော အားဖြင့် ကုသိုလ် ဘာဝနာ ပွားများရင်း အတာသင်္ကြန်ကို ဆင်နွှဲနိုင် ကြပါစေ။ ထေရ၀ါဒဗုဒ္ဓ တရားသည် စွန့်လွတ်ခြင်းကို အခြေခံပါတယ်။ဒါကြောင့် မြန်မာဗုဒ္ဓဘာသာဝင် တွေဟာလည်း ဆိုးကျိုးပဲ ပေးတတ်တဲ့ အရက်ကို မသောက်ဘဲ စွန့်လွတ်ရင်းဖြင့် ကျန်းမာရေးနဲ့ လည်းညီညွှတ် သီလကုသိုလ်လည်း ရမှာမလွဲပါဘူးနော်။သင်္ကြန်မှာ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ကိုစောင့်ထိန်းရင်း အတာသင်္ကြန်မှာ ယဉ်ကျေးမှု နဲ့အညီ မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို ပျော်ရွှင်စွာနဲ့ ဆင်နွှဲနိုင်ကြပါစေ လို့ဆုမွန်ကောင်း တောင်းပေးပါတယ်။


Saturday, March 14, 2009

ပြန်ဆုံခွင့်


လေသင့်ရာလွင့်သွားတဲ့သစ်ရွက်ဟာလည်း
လေအပင့်မှာပြန်ဆုံခွင့်တွေနဲ့ ။
ရေစုန်မျောသွားပြီးသစ်ရွက်ဟာလည်း
ရေဆန်မှာဆုံဆည်းခွင့်တွေနဲ့ ။
ဝေးကွာမူ့ တွေကြားက
မိုးနဲ့ မြေဟာလည်း
တနေရာမှာပြန်ဆုံခဲ့ကြတယ်။
သို့ သော်လည်း-------- သို့သော်လည်း----- သို့သော်လည်း--- :)

တို့ နှစ်ယောက်ဟာ
သစ္စာတရားတွေနဲ့ ပေါင်းစည်းခဲ့ပြီးမှ
သည်းခံခွင့်လွတ်ခြင်းကင်းမဲ့မူ့ တွေကြောင့်
ပြန်ဆုံခွင့်ဆိုတာ-------
ဘယ်တော့မျှ------

အားပေးတာ ကျေးဇူးနော် ။ ဟတ်ဟတ်....အထင်တွေ ကြီးနေမှာ စိုးလို့ တခါတည်း ပြောလိုက်မယ်.....နော်... မက်မက်ရေးတာ မဟုတ်သလို တီတီဒွင်း ရေးသာလည်း မဟုတ်ဘူး...ခစ်ခစ်.... တော်နေ အထင်တွေ ကြီးနေမှာစိုးလို့...တခါတည်း ပြောလိုက်တာ။ :P ရေးသား သူကတော့ မောင်မြတ်ပါ။ ကျေးဇူးပါ မောင်မြတ်ရေ :)


Wednesday, March 11, 2009

သတင်းကောင်းပါးအပ်ပါတယ်


မင်္ဂလာပါ။ ဓမ္မမိတ်ဆွေ အပေါင်းတို့အား သတင်းကောင်းလေး တခုပေးပါရစေ။ မြန်မာနိုင်ငံ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ၄၅လမ်း တရားရိပ်သာနှင့် သန်လျင်ဘုရားကုန်း ရိပ်သာမှ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ဆူနာမီ ဆရာတော် ဦးဥတ္တမသာရသည် စင်္ကာပူနိုင်ငံသို့ သာသနာပြုရန် ခေတ္တခဏ ရောက်ရှိလာပါသည်။ ယခုကဲ့သို့ ခေတ္တခဏ လာရောက်နေစဉ်တွင် Block 310 Camberra Road #14-143 Sambawang Dr.S-750310 နေအိမ်တွင် 12.3.2009 မှ 21.03.2009 ထိ ၁၀ ရက် အချိန်ပြည့် တရားပွဲ ကျင်းပပေးမည် ဖြစ်ပါသောကြောင့် တရားအား ထုတ်လိုသူ ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့အား သတင်းကောင်းပါး ပေးလိုက်ပါတယ်နော်။ တပိုင်တနိုင် မိမိ အားလပ်သည့် အချိန်တွင် တရားဘာဝနာ အားထုတ်ချင်လျှင် လာရောက်တရား အားထုတ်ရန် ဖိတ်ခေါ်ပါတယ်။ ဒါ့အပြင် အားလပ်သည့် အချိန်တွင်လည်း သိချင်သည့် အရာများနှင့် မရှင်းလင်းသည်များ ရှိခဲ့ပါက ဆရာတော်နှင့် ဆွေးနွေးမေး မြန်းနိုင်ပါတယ်။

ထို့နောက် ဆရာတော်သည် စင်္ကာပူမှတဆင့် မလေးရှားနိုင်ငံ ကေအယ်လ်တွင် 24.03.09 ကနေ 2.04.2009 အထိ သာသနာပြု သွားရောက်မှာဖြစ်ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် 4.04.09 မှ 8.04.2009 အထိသာသနာပြု သွားရောက်မည် ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ အပေါင်းတို့အား မင်္ဂလာသတင်း ဖြန့်ပွားပေးပါတယ်။

Saturday, March 7, 2009

မြန်မာနိုင်ငံထေရ၀ါဒအစ


(ရှင်အရဟံအား အနော်ရထာမင်းမှ ပိဋကတ်တော်များ ဆက်သနေပုံ)

နမော ၀ိဘဇ္ဇ၀ါဒိနော မဟာ ကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာ ကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
မဟာကာရုဏိကဿ-ကြီးကျယ်များပြား ကရုဏာတရားကို၊ ဝေနေယျ သတ္တ၀ါတို့ အပေါ်၌ ထားတော်မူ ပေထသော၊ မဟာကာရုဏိကဿ- အောက်သံသရာ သက္ကာယ၊ အထက်သံသရာ သက္ကာယဟု ဆိုအပ်သော သက္ကာယ နှစ်ဌာနသို့၊ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူ ပေထသော၊ မဟာကာရုဏိကဿ- ဒုဂ္ဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာတရားတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူ ပေထသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဝေဖန်ပိုင်းခြားကာ ဟောကြားတော် မူလေ့ရှိ တော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော-ဤကား သဿတ လမ်းစဉ်၊ဤကား ဥစ္ဆေဒ လမ်းစဉ်ဟူ၍၊ အယုတ်တရား နှစ်ပါးတို့ကို ရှောင်ရှားကာ၊ မဇ္ဈိမပဋိဒါ အကျင့်မြတ် လမ်းစဉ်ကိုသာလျှင် ဝေဖန်ပိုင်းခြားကာ ဟောကြားတော် မူလေ့ရှိ တော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော-ဤကား ပယ်သတ်ရမည့် အကြောင်းတရား၊ ဤကား သိရုံသာ သိရမည့် အကျိုးတရားဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗခန္ဓာ တို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ ရှိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ-သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင် ပြည့်စုံစွာ သိမြင်တော် မူပြီးထသော၊ ကိုယ်တော်တိုင် ပြည့်စုံစွာ သိမြင်တော်မူပြီး သည့်အလျောက်၊ ဝေနေယျ သတ္တ၀ါတို့ကို ကိုယ်တော်နှင့်မခြား တစ်မူအလား တူသာလျှင်၊ သိမြင်တော်မူ စေတတ်သော သဗ္ဗညုတ ဥာဏပိုင်ရှင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား၊ နမော- ဦးခေါင်းညွှတ်ကျိုး လက်စုံမိုး ၍၊ ရှိခိုးကန်တော့ လိုက်ရခြင်းသည်၊ အတ္ထု- စင်စစ်မသွေ ဖြစ်ပါစေသတည်း။သာဓု..သာဓု..သာဓု

ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ)၏ ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး စာတမ်းလေးပါ။ဆရာတော် ဦးကောဆီကို သွားရောက်ခဲ့တုန်းက ဆရာတော့်ကျောင်းမှာ သွန်းလုပ်ထားတဲ့ သာသနာ့ ကျေးဇူးရှင် ရှင်အရဟံနဲ့ အနော်ရထာ မင်းကြီးရဲ့ ရုပ်ထုတော်တွေကို စိတ်ဝင်စားတာနဲ့ သမိုင်းကြောင်းကို ပြန်ရှာလိုက်တဲ့ အခါမှာတော့ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ပြန်လည်တည်တံ့ လာခဲ့ရ ပုံကတော့….ဒီလိုပါ


မြန်မာနိုင်ငံတော်ကို သာသနာ သက်ဆင်းလာပုံကို ပြောရမယ်ဆိုရင် ရှင်အရဟံက စရပါလိမ့်မယ်။ရှင်အရဟံ၏ ဘွဲ့တော်က အရှင်ဓမ္မဒဿီ ဖြစ်ပါတယ်။ သထုံပြည်က အရှင်သီလဗုဒ္ဓိ မည်သော ရဟန္တာ အရှင်မြတ်ရဲ့ တပည့်အရင်းပါ။ ပုဂံပြည်မှာ သမုဒ္ဒရာဇ်မင်းစပြီး အနော်ရထာမင်းစော တိုင်အောင် မင်းအဆက်ဆက် တို့သည် သမထီး အရပ်၌ နေစမှတ်ပြု နေကြတဲ့ အရည်းကြီး ၃ကျိပ်နဲ့တပည့် အရည်းကြီး ၆သောင်းကျော်တို့ အဆုံးအမ ကိုခံယူ၍ အယူမှား ကိုးကွယ်နေတဲ့ အချိန်ပါ။ အရည်းကြီးတွေရဲ့ သိမ်းသွင်းထားတဲ့ အယူတွေကတော့-

၁။ သူ့အသက်ကို သတ်မိသော သူသည် ဤပရိတ်ကို ရွတ်သော် ကမ္မပထမှ လွတ်မြောက်၏။ ၂။ မိဘကို သတ်မိသော သူသည် ဤပရိတ်ကို ရွတ်သော် ပဉ္စာနန္တရိယကံမှ လွတ်မြောက်၏ စတဲ့ မဟုတ်မလျားတဲ့ အဓမ္မကို ဓမ္မဆိုပြီး လုပ်ကြံဟောကြား နေပါတယ်။ ပြီးတော့ မင်း၊ အမှူး၊ အမတ်၊ ကလန်၊ သံပျင်၊ သူဌေး၊ သူကြွယ်၊ ပြည်သူ၊ ပြည်သားတို့က သားသမီးကို ထိမ်းမြားမင်္ဂလာ ပြုတဲ့အခါမှာလည်း ဆရာအရည်း ကြီးတို့အား ပန်းဦးဆက်သ ပေးရပါတယ်။ ပန်းဦးဆက်သ ရသည်ဆိုပြီး သူတို့သမီးကို ညဥ့်ဦးကတည်းက သူတို့ထံ ပေးပို့ရပါတယ်။ မိုးသောက်နံနက် ရောက်လို့ လွှတ်လိုက်မှ ထိမ်းမြားခြင်း ပြုရပါတယ်။ ဆရာက ပန်းဦးမဆွတ်ဘဲ ထိမ်းမြားခဲ့ရင် အစဉ်ကို ဖျက်သည်ဟု ဆိုပြီး မင်းပြစ်၊မင်းဒဏ်ကို ခံရပါတယ်။

သက္ကရာဇ် (၄၀၆) ခုနှစ် ပုဂံပြည်မှာ အနော်ရထာမင်း နန်းတတ်စ ကာလမှာပါ။ ပုဂံပြည်မှာ အရည်းကြီးတွေ မင်းအဆက်ဆက် အဓမ္မ၀ါဒ ဖြန့်ခဲ့တော့ အနော်ရထာမင်းကြီး စိတ်ညစ်ဒွဟ ဖြစ်နေတာပေါ့။ အရည်းကြီးတွေရဲ့ အကြောင်းကို ကြားသိရတယ် ဆိုရင်ဖြင့် ပါရမီ ရင့်မာတဲ့သူ ဖြစ်တဲ့အတွက် နှစ်သက်တော် မမူပါဘူး။ မှားသော အယူဖြစ်သည် ဆိုပြီး ထိတ်လန့်ခြင်း ပြင်းပြစွာ ရှိတော်မူပါတယ်။

ပုဂံပြည်မှာ ရှင်ယောင် အရည်းတို့ဟာ သံဃာတော်-၃၀စီ အစုအသင်းဖွဲ့ နေကြပါတယ်။ အဲလို အစု ၁၀၀၀ ရှိတယ်တဲ့။အနော်ရထာ မင်းစောလည်း အရည်းကြီးတို့၏ အာဂါရိယ၊ အဗြဟ္မစရိယ အမူအကျင့်များကို မကြည်ဖြူ၊ မပေးကမ်း၊ မလှူဒါန်းတော့ ကောက်ကျစ်စဉ်းလဲ ဥာဏ်များတဲ့ အရည်းကြီး တစ်ယောက်က သူတို့ အပြုအမူ ကျင့်စဉ်တွေကို ကျမ်းစာလုပ်ပြီး သရေခေတ္တရာ ရသေ့ပြည်တွင် ရှိသော သခွတ်ပင်ကြီး အခေါင်း၌ ထည့်သိမ်းထားလေသည်။ ၃-နှစ်ပြည့်တော့ ပုဂံပြည်ကို လာရောက်ပြီး အနော်ရထာ မင်းစောကို ဤသို့ပြောကြား လာပါတယ်။

အကျွန်ုပ်တို့အား ကျမ်းစာမရှိလို့ တောင့်တကြတော့ ဘေးလောင်းတော် ဒွတ္တပေါင်မင်းကြီး မြို့တော်ရသေ့ပြည်မှ သခွတ်ပင်ကြီး အတွင်းမှာရှိတဲ့ ကျမ်းစာကို ဖော်ယူသင်ကြား ကျင့်ဆောင်ရမည်လို့ နတ်တို့ အိပ်မက် ပေးတယ်လို့ လျှောက်တင်တော့ မင်းကြီးလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ပြီး ရသေ့ပြည်တွင်းသို့ စစ်အင်္ဂါ လေးပါးနှင့် ချီတက်ခဲ့သည်။ လုံးပတ် (၃၂) တောင်ရှိတဲ့ သခွတ်ပင်ကြီးကို ထွင်းဖောက်ပြီး ကျမ်းစာများကို ရယူကာ မင်းကြီးသဘောမကျ မဟုတ်မမှန် သိတော်မူသဖြင့် အဲ့ဒီနေရာမှာပဲ မီးရှို့စေ ခဲ့ပါတယ်။

သတင်းတွေကို တဆင့်စကား တဆင့်နားနှင့် ရှင်အရဟံ ကြားတဲ့အခါ သထုံပြည် ကနေပြီး သရေခေတ္တရာ ကိုကြွခဲ့ပါတယ်။ ရှင်အရဟံကို တောင်တွင်းကြီးမြို့ရှေ့ ကုန်းခေါင်တောင်ရိုးမှာ ကျက်စားနေတဲ့ မုဆိုးက တွေ့တော့ လူရိုင်းမှတ်ပြီး အနော်ရထာ မင်းကြီးဆီ ဆက်သဖို့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အရည်းကြီးတွေက ဆံလက် ၄-သစ် ၁-၀ါး ထားပြီး ဖန်ရည်စွန်း မ၀တ်၊ ပလောင်ရဟန်း၊ တရုတ်ရဟန်းများလို မဲထည်၊ မဲပြာ၊ အနက်၊ အမည်းကိုသာ ၀တ်ဆင်လေသည်။ အရှင်အရဟံကတော့ ဆံ၂-သစ်ထက်မလွန်၊ ပရိက္ခရာ ၈ပါး၊ စမ္မခဏ်များပါပြီး အရည်းများနှင့် အသွင်မတူတော့ မုဆိုးက လူရိုင်းမှတ်ပြီး ဖမ်းသွားတာပါ။

လူရိုင်းဆိုပြီး မုဆိုးက ဆက်သလာတဲ့ ရဟန်းကို အနော်ရထာ မင်းကြီးမြင်တော့ ဤသူကား လူရိုင်းလက္ခဏာ မရှိ၊ သူမြတ် လက္ခဏာ ရှိပေသည်လို့ ဆင်ခြင်ပြီး နေရာမှထကာ တင့်သင့်လျောက်ပတ်ရာ နေတော်မူပါလို့ သဘောစမ်း၍ ဆိုလိုက်ပါတယ်။ ရှင်အရဟံလည်း မင်းကြီးနဲ့ မဝေး မနီးလွန်းက ရာဇပလ္လင် ပေါ်တက်၍ စမ္မခဏ် ကိုခင်းကာ ထက်ဝက်ဖွဲ့ နေတော်မူပါတယ်။ဒါကို မင်းကြီးက ဤသူကား သူတော်သူမြတ် အစစ်တည်းလို့ နေရာယူပုံကို ကြည့်ပြီး ပီတိဖြစ် တော်မူပါတယ်။ ပြီးတော့ ရှင်အရဟံကို အရမ်းကြည်ညို သွားပြီး ဤသို့မေးမြန်း ပါသေးတယ်။

မင်းကြီး။ ။ အရှင်ကား အဘယ်အမျိုး အနွယ်တည်း။ အဘယ်အရပ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံး အမကို ခံယူသနည်း။

မထေရ်။ ။ အသင်မင်းကြီး ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် (၉)ပါး ဘုန်းတော်(၆)ပါး အစိန္တေယျ(၄)ပါး နှင့်ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရား အနွယ်တည်း။ ငါ၏ ဆရာနှင့် သီတင်းသုံး ဖော်များရှိရာ သထုံပြည်မှ လာခဲ့သည်။ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။

မင်းကြီး။ ။သမ္မာသမ္ဗုဒ္ဓဘုရား အမျိုးအနွယ်တည်ကား အဘယ်သို့သောဂုဏ်၊ အဘယ်သို့သော အကျင့်ရှိ ပေသနည်း။

မထေရ်။ ။ သမ္မာသမ္ဗုဒ္ဓဘုရား ဟူသည်ကား သစ္စာလေးပါး မြတ်တရားကို ဆရာမရှိဘဲ မဖောက်မပြန် သိတော်မူ၍ မင်းထက်မင်း၊ နတ်ထက်နတ်၊ ဗြဟ္ဗာထက် ဗြဟ္ဗာဖြစ်သော ဂုဏ်ကျေးဇူး သူခပ်သိမ်းတို့၏ ဆင်းရဲခြင်းကို ပယ်သတ်ပေး နိုင်သောအကျင့် ရှိတော်မူ၏ဟု မိန့်တော်မူလေလျှင်

မင်းကြီး။ ။ မင်းကြီးလည်း အားရ၀မ်းသာ တော်မူ၍ ဘုရားရှင် ဟောကြားသော တရားဒေသနာ တို့ကို အကျွန်ုပ်အား တစ်စိပ်တစ်ဒေသမျှ ဟောကြားတော် မူပါလို့ တောင်းပန်လျှောက် ထားသည်တွင်

မထေရ်။ ။ (သီရိဓမ္မာသောက မင်းကြီးအား နိကြောဓ သာမဏေ ဟောသကဲ့သို့ ) ဒါန သီလ ဘာဝနာ တရားတို့၌ မမေ့မလျော့ရန် အပ္ပမာဒ သတိတရားကို အကျယ်ဟောတော် မူလေသည်။

မင်းကြီး။ ။ ဘုရားရှင် ယခုဘယ်မှာ ရှိသနည်း။ တရားတော်ကား မည်မျှများ ပါသနည်း။အရှင်မှ တစ်ပါး အခြားသော ရဟန်းတပည့် သံဃာများ ရှိပါသေး သလောဟု ၀မ်းမြောက်ဝမ်းသာ မေးမြန်းလေသည်။

မထေရ်။ ။ ဘုရားရှင်ကား ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတ်တော်များသာ ရှိပါတော့သည်။ ပိဋက သုံးပုံ ၊ဓမ္မက္ခန္ဓာ (၈၄၀၀၀) ရှိပေသည်။ သထုံပြည်၌ ပိဋကသုံးပုံ အစုံ သုံးဆယ်ပင် ရှိလေသည်။ ငါမှတစ်ပါး အခြား ရဟန်းတော် များစွာလည်း ရှိပေသည်။

မင်းကြီး။ ။ ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှ တစ်ပါးအခြား ကိုးကွယ်အားထားရာ မရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အတိုင်း ခံယူပါမည် ဘုရား ဟု လျှောက်ထား လေသည်။

နေပြည်တော် အရှေ့ဘက် အရပ်၌ ဇေတ၀န်မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းလေသည်။ မင်းကြီးသည် ရေကိုထမ်း၊ မိဖုရားသည် ဆွမ်းကိုရွက်ကာ နေ့စဉ်သွားရောက် လှူဒါန်းလေသည်။ သာသနာနှင့် ပတ်သက်သည် များကိုလည်း လျှောက်ထားမေးမြန်း လေသည်။ အရည်းကြီး တို့အားလည်း ပူဇော်ပသမှုကို ရပ်စဲလိုက်လေသည်။ ထို့ကြောင့် အရည်းကြီးတို့သည် ရှင်အရဟံကို ရန်ငြိုးထား ကြလေသည်။ မင်းကြီးကလည်း အရည်းကြီး တို့လက်မှ ကာကွယ်ပေးရန် ဆင်ခြင်ပြီး အရည်းကြီး သုံးကျိတ်နှင့် တပည့်လက်သား ၆သောင်းကျော်တို့ကို လူဝတ်လဲစေပြီး အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချီးကျုံး၊ မြင်းချီးကျူံး အမှုတော်ထမ်း စေလေသည်။ ရှင်အရဟံ၏ သာသနာ၌ ကြည်ညိုသူ တို့ကိုလည်း ရဟန်းပဉ္စင်း ပြုပေးပြီး သာသနာ တော်မြတ်ကို သန့်ရှင်းထွန်းလင်း စေလေသည်။ ဤသို့ မင်းနှင့်ဆရာ ပူးပေါင်းတိုင်ပင်၍ သာသနာကို သန့်ရှင်းစေလေသည်။

အနော်ရထာ မင်းကြီးသည် ရှင်အရဟံ၏ တိုက်တွန်းချက်အရ သာသနာတော် ပြန့်ပွားစေရန် စကားပြောကျွမ်းကျင် လိမ္မာသော အမတ်တစ်ဦးကို တန်စိုးလက်ဆောင် များပေး၍ သထုံပြည်၌ ရှိသော ပိဋကတ်သုံးပုံနှင့် ဓာတ်တော်၊ မွေတော်များကို ပင့်ဆောင်ခိုင်း လိုက်လေသည်။ ထိုအခါ သထုံပြည်ကို အုပ်စိုးသော မနူဟာမင်းက မိစ္ဆာာဒိဋ္ဌိတို့နှင့် တန်ရာလောဟု ပြောဆိုခံရကာ ဆက်ဆံရေး မပြေပြစ်မှုကြောင့် အနော်ရထာမင်း အမျက်ထွက်တော် မူလေသည်။ ထို့ကြောင့်ကိုယ်တော်တိုင် ရေကြောင်းမှာ လှေရှစ်သိန်း၊ သူရဲကောင်း ရှစ်ကုဋေ ၊ကြည်းကြောင်းမှာ စစ်သူကြီး လေးယောက်နှင့် ဆင်ရှစ်သိန်း၊ မြင်းရှစ်သိန်း၊ သူရဲကောင်းကုဋေရှစ်ဆယ် တို့နှင့် ချီတက်လေသည်။ ရေကြောင်းစစ်ဦး ပဲခူး တို့ရောက်၍ ပုဂံက လှေတပ်မကုန်သေး၊ ကြည်းကြောင်း စစ်ဦး သထုံကျေးစပ်သို့ ရောက်၍ပုဂံက ကြည်းတပ် မကုန်သေးချေ။ ထိုစစ်ရေး ချီလာသော သတင်းကို မနူဟာမင်းကြီး ကြားလျှင် လွန်စွာ ကြောက်ရွံ၍ မြို့ကိုပရောဂ စီမံထားလေသည်။ ထို့ကြောင့် အနော်ရထာ မင်းကြီးသည် ကြိမ်ဖန်များစွာ လုပ်ကြံသော်လည်း အောင်မြင်မှုကို မရခဲ့ချေ။

ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးသောအခါ ဇော်ဂျီတစ်ကောင်ကို ဖုတ်ကင်၍ စားသောကုလားငယ်၏ ဦးခေါင်း၊ ပေါင်၊ လက် တို့ကို မြို့ရိုးအနှံ မြုပ်နှံထားကာ ပရောဂ စီမံထားကြောင်း သိရလေလျှင် အနော်ရထာ မင်းကြီးသည် နေရာအနှံ ရှာဖွေတူးဖော်ကာ သမုဒ္ဒရာတွင် စွန့်ပစ်ကာမှ အနိုင်တိုက်ယူကာ အောင်မြင်ခြင်းကို ရရှိလေသည်။ ထို့နောက် သထုံပြည်ကို အောင်မြင်ကာ သထုံမင်း အဆက်ဆက် ရတနာ ပန်းတောင်းတွင် ထား၍ကိုးကွယ်သော ဓာတ်တော်၊ မွေတော်များ၊ ပိဋကတ် သုံးပုံအစုံ သုံးဆယ် တို့ကိုလည်း သထုံမင်း၏ ဆင်ဖြူ(၃၂)စီးတွင် တင်၍ပင့်ဆောင် လာခဲ့လေသည်။ မနူဟာမင်းကြီး နှင့်တကွ ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ် တစ်ထောင် တို့ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်ခဲ့လေသည်။

ထိုအခါမှစ၍ စစ်မှန်စင်ကြယ်သော သာသနာတော်သည် ပုဂံပြည်၌ ထွန်းကားခဲ့လေသည်။ အနော်ရထာ မင်းကြီးလည်း အရည်းကြီးတို့၏ မိစ္ဆာအမှောင်တွင်း၌ နေခဲ့ကြ ရရှာသော ခေတ်အဆက်ဆက် မင်းပြု အုပ်စိုးလာကြသော ဘိုးလောင်းတော် ဘေးလောင်းတော်တို့အား သတိရ ကြေကွဲဝမ်းနည်းကာ ပါရမီကုသိုလ် ရစေခလိုဟု တမ်းတမြည်ကြွေးလေသည်။

ရှင်အရဟံသည် အလောင်းစည်သူ နန်းစံ၂-နှစ် သက်တော်၈၁တွင် ပရိနိဗ္ဗာန် ပြုလေသည်။ မင်းနှင့်ပြည်သူတို့ ၇ရက်ပတ်လုံး ပူဇော်ပွဲကြီး ကျင်းပ၍ မီးသဂြိုလ် ကြလေသည်။ ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေ၌ ဂူတည်ထား ကိုးကွယ်လေသည်။ ရှင်အရဟံ၏ ပုံတူကိုလည်း ထုလုပ်ပူဇော် ကြလေသည်။ (ယခုထိတိုင် အာနန္ဒာဘုရား အတွင်းမှာ ရှိလေသည်)။မြန်မာပြည်သူပြည်သား အဆက်ဆက်၏ ကျေးဇူးရှင်၊ ဘုရားရှင်၏ သားတော်ကြီး ရဟန္တာ ရှင်အရဟံ၏ သာသနာပြု လုပ်ငန်းကား မြန်မာပြည် သာသနာဝင်တွင် အမြင့်မားဆုံး ဖြစ်ပေလေတော့သည်။

အမတ်ကြီး မဟာဓမ္မသင်္ကြံ ရေးသားပြုစုသော သာသနာ လင်္ကာရစာတမ်း သုံးကျမ်းတွဲ THE HISTORY OF THE BUDDHIST’S RELIGION စာအုပ်နှင့် ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသားသော ရဟန္တာများ စာအုပ်မှမှီးငြိမ်းပြီး အတိုချုံးကာ ဖော်ပြလိုက်ပါသည်။


ဟုတ်ကဲ့..ကျေးဇူးပါပဲနော်။

Monday, March 2, 2009

တီတီဒွင်းပြောတဲ့အချစ်အကြောင်း


တီတီဒွင်းရေ… စိတ်ညစ်တယ်.. စိတ်ညစ်တယ်… ဟင့်…

ဟော… ဒီတစ်ခါလည်း ဘာဖြစ်လာရ ပြန်တာတုန်း… သမီးလေးမက်မက်ရဲ့။

ဟို ကပေါက်တိ ကပေါက်ချာ တွေလုပ်ပြီး အလေအလွင့် ဖြစ်နေတဲ့ အော်…မှားလို့ လေလွင့်နေတဲ့ အန်ကယ်လ်ရဲကို သိလားတီတီဒွင်း၊ ဟို…သူ့ကိုယ်သူ အလေအလွင့် ဆိုလား လေလွင့်သူ ဆိုလား ဘာလား မသိဘူးလေ၊ သိလားတီဒွင်း။

အင်း.. သိတယ်လေ။ဟိုကောင်လေး မဟုတ်လား။ ကပေါက်တိ ကပေါက်ချာ ကောင်လေးလေ။

အင်းလေ၊ တီဒွင်းရဲ့။ သူ့အိမ်ကိုလေ ဟိုနေ့က မက်မက်က မျက်စိလည်ပြီး ရောက်သွားတာ တီဒွင်းရယ်။ အိမ်လည်လာတဲ့ သူကိုလေ ကော်ဖီလေးနဲ့များ ဧည့်ခံမလား မှတ်တယ်။ သူကလေ ကော်ဖီမတိုက် တဲ့အပြင် မက်မက်ကို အချစ်အကြောင်း ရေးပေးရ မယ်ဆိုပြီး တက်ဂ်လိုက်တယ် တီတီဒွင်းရဲ့။ ဂယ်ပါဖဲ.. တီဒွင်းရယ်..တမီးဂ ချိတ်ညစ်ဒါပေါ့ယို့။ အထုမှ ထရေးဂ နယ်နယ်ဖဲ ချိတေးဒါဂို လူဂျီးဒွေက အရှစ်အကျောင်း ရာရာမေး နေဒေါ့… ထရေးဒေါင် ရင်ဒွေထုန် တွားတာပေါ့ယို့…. အဟီး.. :P

တယ်..ဒီကောင်မလေး….ဒါမျိုးကျ တတ်တယ်။ ဟွန်း….ငါလုပ်လိုက်ရ…. နာတော့မယ်…

အဟဲ… တီဒွင်းကလည်း ။ဒါဆို တီဒွင်းရဲ့ အချစ်ခံ ယူပုံလေး ကိုပဲပြောပြ…. နော်… အဲဒါလေးကိုပဲ မက်မက် သူ့ကိုပြန်ပြော လိုက်မယ်လေ…နော်.. တီတီနော်… ပြောပြနော်…နော်..လို့…နော်လို့ဆိုနေ…. တီဒွင်းဂရဲ… :P

အင်း..ဒါဆို တီတီဒွင်း ပြောပြမယ်.. နားထောင်…..

ဟေး…ဒါမှ တို့တီတီဒွင်းကွ… အာဝါးးးးးးးးးးးးးးးးးးးးး အဟီး.. တီတီ့ကို ဒါကြောင့် မက်မက်က ချစ်တာ… သိလား….

ဒီလိုသမီးရဲ့။ တီဒွင်း ဖတ်ရတဲ့ စာအုပ်တွေထဲက သိသလောက် ပေါ့လေနော်။ တကယ်တော့ အချစ်သဘောမှာ စိတ်မချမ်းမသာ ဖြစ်ကြရ တာတွေက သုံးပွင့်ဆိုင် ဇာတ်လမ်း အခြေအနေ မျိုးမှာပဲ ဖြစ်တည်ရတာ များကြတယ် သမီးလေးရဲ့။ အဲ့ဒီ သုံးပွင့်ဆိုင် ဆိုတဲ့ အခြေအနေ မျိုးတွေမှာ ပြိုင်ဘက်တစ်ဦးဦးဟာ အချစ်ဇာတ်လမ်းရဲ့ အစပိုင်းမှာ ဖြစ်ပေါ်တတ်တာလည်း ရှိသလို အဆုံးပိုင်း ရောက်မှ ဖြစ်ပေါ်တတ် တာလည်း ရှိတယ် သမီးမက်မက်ရဲ့။

ဟုတ်ကဲ့..တီတီဒွင်း။

အေး….အဲဒီလို ဖြစ်ပေါ်ပြီ ဆိုရင် သမီးရေ သုံးဦးသုံးဖလှယ် အခက်ကြုံရ ၊ ဒုက္ခရောက်ရတာပေါ့။ အဲလို ဒုက္ခရောက် အခက်ကြုံရပြီ ဆိုရင် ကာယကံရှင် တစ်ဦးဦးက ၀မ်းနည်းကြေကွဲ မှုကိုတော့ မလွဲမသွေ ခံစားရမှာပဲ သမီးလေး။ အဲ.. တစ်ခါတစ်ရံမှာတော့ သုံးယောက်လုံး ထိခိုက်ခံစား ရတတ်တာပေါ့လေ။

ဟုတ်ကဲ့ ..တီတီဒွင်း။ ဒါဆို အချစ်မှာ အနှောင့်အယှက် ကင်းအောင်နေတာက အကောင်းဆုံးပဲပေါ့။ ဟုတ်လား တီဒွင်း

ဒါပေါ့ သမီးရ။ စိတ်ကူးယဉ်ဆန်ဆန် အချစ်မျိုးမှာတော့ တစ်ဦးတစ်ယောက်ကိုပဲ စွဲလမ်းမှုနဲ့ စွဲစွဲမြဲမြဲ ချစ်ခင်မြတ်နိုး မှုအပေါ်မှာ အခြေခံတာပေါ့ သမီးရ။ဒါပေမယ့် ရိုမန့်တစ် ဆန်ဆန် ရေးသားထားတဲ့ အချစ်စာအုပ်တွေ စာပေတွေမှာတော့ အချစ်တွေမှာတော့ သုံးပွင့်ဆိုင် ဇာတ်လမ်းတွေက တော်တော်စိုးမိုး နေတတ်တာလေ။ အဲဒီမှာ အချစ်ဆရာကြီးတွေ ဖြစ်နေကြတယ် ဆိုတာက သုံးပွင့်ဆိုင် ဖြစ်လာမှ သူတို့ရဲ့ အချစ်အင်အား အတွေ့အကြုံတွေ တိုးပွားလာတတ်တာ။ ဟယ်…. သူက ငါ့ကိုမှ အမှန်တကယ် ချစ်ရဲ့လား ဆိုတဲ့ စိတ်မတင်မကျ ဖြစ်နေရတတ်တယ်။

အာသာဘုရင် နဲ့ သူ့မိဖုရား ဂွင်နီဖာ ရယ် ၊ ဆာလန်းစလော့ လို့ခေါ်တဲ့ သူ့ရဲ့ အယုံကြည်ရဆုံး သူငယ်ချင်း စစ်သူရဲကောင်းတို့ ရဲ့ဇာတ်လမ်းဟာလည်း သုံးပွင့်ဆိုင် ဇာတ်လမ်းဆိုတာ သမီးအသိပဲလေ

တစ်ခါတစ်ခါမှာ လူတွေဟာ သုံးပွင့်ဆိုင် ဇာတ်လမ်းဖြစ်လာရင် သူတို့တွေ အတွက်က ချစ်ရမ္မက် ပိုမိုပြင်းထန် လာသလို ခံစားရတတ်တယ်။ အဲ....တချို့ကျတော့ အဲလိုမျိုး သုံးပွင့်ဆိုင် လို့ခေါ်တဲ့ ချစ်တြိဂံ ဇာတ်လမ်းကို တမင်တကာ ထားတာကို တွေ့ရတယ်။ ဘာလို့လဲ ဆိုရင် သူတို့ဟာ အဲလိုထားခြင်း အားဖြင့် အန္တရယ် ကြီးမားလှတဲ့ စိတ်တတ်ကြွ လှုပ်ရှားမှုကို လက်ခံထားရာ ရောက်တာပေါ့လေ။ စိတ်တွင်းခံစားမှု၊ လှုံခြုံမှု မရှိတာတွေ ကို အသိအမှတ် မပြုချင်တဲ့ သဘောပေါ့လေ။ အဲလို သုံးပွင့်ဆိုင် အခြေအနေ မျိုးကိုလက်ခံ ထားမိတဲ့ ချစ်သူများ အနေဖြင့် တစ်ဦးတစ်ယောက်ထဲ ကို ပုံ၍ချစ်ဖို့ မဆုံးဖြတ် တတ်အောင်လည်း ဖြစ်စေတတ်တယ် သမီးရဲ့။

ဟင်..ဘာလို့လဲ တီတီဒွင်း။

တစ်ဦးတစ်ယောက်ထဲကို ပုံပြီးချစ်လိုက်ရင် သူတို့ရဲ့ အဖိုးတန်လှတဲ့ တစ်ကိုယ်ရေ လွတ်လပ်မှု ဆုံးရှုံးနစ်နာ စေနိုင်တယ်လို့ ယူဆကြတယ်တဲ့ သမီးလေးရဲ့။

အမှန်အားဖြင့် သုံးပွင့်ဆိုင် မတည်မြဲမှု ဖြစ်ပေါ်စေခြင်းဟာ အခိုက်အတန့် လေးတစ်ခု ဖြစ်ဖြစ်၊ ချစ်သူနှစ်ဦးအတွက် အဆုံးအဖြတ် မပြုနိုင်တဲ့ လိုချင်စိတ် ငမ်းငမ်းတတ် အခြေအနေ တစ်ခုကို ဖန်တီးပေး ပါလိမ့်မယ် သမီးလေးရယ်

ကဲ..ကဲ…တီဒွင်းလည်း ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာလေးတွေကို ပြန်စဉ်းစားပြီး သိသလောက်လေး ပြောပြတာပါကွယ်။ တီဒွင်းလည်း အချစ်အကြောင်းကို သိပ်မသိဘူး သမီးလေး မက်မက်လေးရယ်။ တော်နေ တီဒွင်းကို အချစ်ဆရာမကြီး အဖြစ် အချစ်အကြောင်းတွေ လာလာမေးနေရင် ဒွတ်ခ။ ဟားဟား…

ကဲ… ချစ်သူတိုင်း ညားကြပြီး ညားသူတိုင်းလည်း ချစ်နိုင်ကြ ပါစေလို့ တီတီဒွင်းက ဆန္ဒပြုပါတယ်။ ပြီးတော့ ချစ်သူတိုင်း သုံးပွင့်ဆိုင် ဇာတ်လမ်းတွေမှ ကင်းလွတ်ပြီး ပျော်ရွှင်စွာနဲ့ ပန်းခင်းလမ်းမှာ ထာဝရ လက်တွဲလို့ လျှောက်လှမ်းနိုင် ပါစေလို့ ဆန္ဒပြု လိုက်ပါတယ် သမီးလေးမက်မက်။

ကဲ…. ဒီထက် ပိုပြီး တီတီဒွင်း ရဲ့အချစ် အကြောင်းကို သိချင်ရင် မျက်ဝန်းမှတစ်ဆင့် နဲ့ အချစ်ဆိုသည်မှာ ကိုပဲပေးဖတ် ကြည့်ခိုင်းလိုက်ပေါ့ သမီးရ။ ဒါလေးများ လွယ်လွယ်လေး..နော်။ ဖတ်ဖြစ်အောင် ဖတ်ခိုင်းလိုက်နော် :)

ဟာ… ဟုတ်သားပဲ… တီဒွင်း ကအချစ် အကြောင်းတွေ ထုတ်ဖော်ထားတာ ရှိတာပဲ။ အဟဲ.. အခုမှ သတိရတယ်။ ကဲ တီဒွင်းရေ……အခု အချစ်အကြောင်း လေးကိုပဲ အဲဒီအလေ လိုက်နေတဲ့ ဦးရဲ အဲ….ဟုတ်ပါဘူး … အလေအလွင့်ဦးရဲ အော်.. ကြည့် မှားကုန်ပါပြီ…. အဟီး… ပြောချင်လွန်း အားကြီးသွားတယ်.. ဟတ်ဟတ်… ဝေဟင်မှာ လေဟင်စီး လေလွင့်နေတဲ့ ဦးရဲ ကိုသွားပြီး ပြေးပြောလိုက် ဦးမယ်နော်.. တီတီဒွင်း…. အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး