Subscribe:

Friday, February 20, 2009

ပရမတ္ဘအမှန်တရား(အပိုင်း-၂)

တီဒွင်း ပြောတဲ့ ကြောက်စရာ မရှိတာကို သိပြီး မကြောက်တတ် တဲ့စိတ်ဟာ ရဲရင့်တဲ့ စိတ်ပဲ ဆိုတာကို နားမလည်ဘူး တီဒွင်းရေ။ မက်မက်ကို ရှင်းပြပါဦး။

ဒီလိုသမီးရဲ့။ ဥပမာ ပြောရမယ်ဆိုရင် တီဒွင်းတို့ အပါအ၀င် လူအားလုံးက ကလေးဘ၀မှာ လူကြီးတွေက ကလေးတွေ အိပ်ချိန်တန် မအိပ်သေးရင် ဘာပြောလဲ။ ဒေဝေါကြီး လာကိုက်လိမ့်မယ်၊ ဖြူဖြူကြီး မဲမဲကြီးတွေ လာနေပြီး မြန်မြန်အိပ်တော့ ဆိုပြီး ချောက်လှန့်ပြီး ကလေးတွေကို သိပ်ကြတယ်လေ။

ဒါကိုပဲ ကလေးအရွယ် မှာဘာမှန်း၊ ညာမှန်း၊ မသိဘဲ ဒေဝေါတွေ ဖြူဖြူကြီး၊ မဲမဲကြီးတွေ ဆိုတာ ကြောက်စရာ ဆိုတဲ့ အသိနဲ့ ရောယောင်ပြီး ကိုယ့်အထင်မှားနဲ့ ကိုယ်ထိတ်လန့် နေရတာ ကြောက်နေရတာ မဟုတ်လား။ အဲ့လို အရင်တုန်းက ကြောက်စရာ မရှိတာကို ကိုယ့်အတ္တနဲ့ကိုယ် ပြန်လှည့်စားပြီး ကြောက်နေခဲ့ ကြတာလေ။

ဖြူဖြူကြီးတွေ မဲမဲကြီးတွေ ဆိုတာတကယ် ရှိတာလည်း မဟုတ်ဘဲ တကယ်မြင်လိုက် သိလိုက်တာလည်း မဟုတ်ဘဲ ကိုယ့်အထင်မှားနဲ့ ကိုယ်ဖန်းဆင်း လက်ခံထားတဲ့ အစွဲသိနဲ့ ကိုယ်ဟာကိုယ် ပြန်ကြောက်လှန့် နေရတာ မဟုတ်လား။

ဟော..အသက်တွေ ကြီးလာလို့ ဖြူဖြူကြီးတွေ မဲမဲကြီး တွေဆိုတာ ဘာမှ မဟုတ်မှန်း တကယ်တမ်း သိလာတော့ မကြောက်တော့ဘူးပေါ့။ တကယ်တော့ ကိုယ့်ကိုကိုယ် ဒုက္ခပေးနေတာ အဲ့ဒီ ဖြူဖြူတွေ မဲမဲတွေ မဟုတ်ဘူး သမီး။အဲ့ဒီ ဖြူဖြူကြီး မဲမဲကြီးတွေ မရှိတာကို ရှိတယ်လို့ ထင်နေတဲ့ ကိုယ့်ရဲ့အယူမှား၊ အမှတ်မှား၊ အသိမှားက ကိုယ့်ကိုပြန်ပြီး ဒုက္ခပေး နေတာပါ။

လူတွေဟာ အဲ့လို မရှိတာကို အရှိလုပ်လို့ ပူလောင်ရတာ။ဝေဒနာတွေ ဖြစ်ရတာပါ။ဒါကြောင့် ဆရာတော်ကလည်း ဘာရောဂါ ညာရောဂါ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာတွေကို လက်မခံဘဲ ကိုယ့်ကိုကိုယ် ရောဂါသည်အဖြစ် ခံယူထားတဲ့ အစွဲကို စွန့်ရမှာ လို့ပြောသာ အကြောင်းမဲ့ ပြောတာမဟုတ်ဘူး သမီး။ တကယ်မရှိလို့ မရှိဘူး ပြောတာပါ။

တကယ့် ပရမတ် အမှန်တရားမှာ စိတ်၊ စေတသိက်၊ ရုပ် တွေပဲရှိတယ် လူတွေ သတ္တ၀ါတွေ အိုးအိမ်တွေ ဘာရောဂါ ညာရောဂါ၊ ဘယ်မြို့ ဘယ်နေရာ ဘယ်နိုင်ငံ ၊ ဘယ်နှစ် ဘယ်လ ဘယ်ရက် လို့ဆိုတဲ့ ပညတ်ချက် တွေမဟုတ်ဘူး။ ရုပ်တွေ ဖောက်ပြန်ပျက်စီးတယ် ဆိုတာလည်း အကောင်အထည် လိုက်ဖြစ်ပြီး အကောင်အထည် လိုက် ချုပ်ပျောက် သွားတာမျိုး မဟုတ်ဘူးနော်။

သဘောလေး သက်သက် ဖြစ်ရုံဆိုရုံလေ သက်သက်ပဲ ဖြစ်နေတဲ့ ဓာတ်ကြီးလေးပါး စွမ်းအင်သတ္တိလေး အနေနဲ့ ဖောက်ပြန်ပျက်စီး နေတာကို ရုပ်လို့ ခေါ်တာ သမီးလေးရ။အဲ့ဒါကို မသိဘဲ ခန္ဓာကိုယ်ကြီး ရှိနေတယ်ထင်လို့ ညောင်းတာ ကိုက်တာ နာတာ ကျဉ်တာ တွေရှိတယ်လို့ ထင်နေတာ၊ တကယ်နာတာ ကျဉ်တာ ညောင်းတာ ကိုက်တာတွေ မဟုတ်ဘဲ နာတယ်၊ ကျဉ်တယ်လို့ ထင်ရလောက်အောင် ဓာတ်တခုခုက လွန်ကဲ ဖောက်ပြန်နေ နေတဲ့ ဓာတ်ကြီးလေးပါး စွမ်းအင်သတ္တိ အစုအဝေးလေး ပေါ်လာတာပါ သမီး။

နာတာကို စွဲနေရင် နာလိုက်တာနဲ့ နာလို့ ကိုဆုံးမှာ မဟုတ်ဘူး။ အစက တည်းကိုက တရစပ် ဖောက်ပြန်နေတာ အခုမှ ထူးခြားပြီး ဖောက်ပြန်လာတာ မဟုတ်ဘူးလေ။ ကိုယ့်အထင်မှားနဲ့ ကိုယ်ပြန်ပြီး မရှိတာကို အရှိလုပ်လို့ ဒုက္ခရောက်နေတာ။

တရစပ် ဖောက်ပြန်နေတဲ့ ဓာတ်ကြီးလေးပါးက ဖောက်ပြန်ရုံ လေးပါပဲ။ အဲ့ဒါကတော့ အတိတ်ဘ၀က အ၀ိဇ္ဇာ တဏှာနဲ့ ပြုလုပ်ခဲ့တဲ့ အကြောင်းတရား တွေကြောင့် အကျိုးတရား ဒုက္ခသစ္စာတွေပါ။ ကိုယ်ကရှောင် လွဲချင်လို့မှ မရတာ။ အဲ့ဒီ ဒုက္ခသစ္စာ အပေါ်မှာပဲ တငါ၊ ငါနဲ့ ဆက်သိမ်းပိုက်နေရင် အနာဂတ်မှာလဲ ဒီအကျိုးတရား ဒုက္ခသစ္စာက ဆက်ရလာဦး မှာပဲလေ။

အနတ္တကို အတ္တထင်ပြီး လိုက်ပြီးပြုပြင် ချယ်လှယ်နေရင် သင်္ခါရ အသစ်ထပ်လုပ် နေသလိုဖြစ်ပြီး ဖောက်ပြန်မှုတွေက ဖောက်ပြန်လို့ မဆုံးဖြစ်နေတာ။ မရှိတာကို အရှိလုပ်ပြီး လိုက်ခံစား နေလို့ကတော့ သမီးရေ ခံစားလို့ကို ဆုံးမှာ မဟုတ်ဘူး။ ငါရှိတယ် ထင်နေလို့ ငါပူရတာလေ။ ငါမရှိရင် ငါမပူရတော့ဘူး။ ငါလည်း မဟုတ်ဘူး ၊ သူလည်း မဟုတ်ဘူး ။ နင်လည်းမဟုတ်ဘူး။ ရောဂါလည်း မဟုတ်ဘူးလို့ အမှန်တရားလေးကို အားကိုးပြီး ဥာဏ်နဲ့ကြည့်လိုက် သမီး။

ရောဂါကို လက်ခံပြီး ကုသနေရင် ကုသလို့ကို ဆုံးမှာမဟုတ်ဘူးလေ။ ကုသတိုင်းသာ ပျောက်နေရင် ဆေးရုံတို့ ဆေးခန်းတို့ ဘယ်မှာ ရှိတော့မလဲ သမီးရယ်၊ ဟုတ်တယ်နော်။ ဖျားတယ်ဆိုတာ အဖျားပျောက်ဖို့ အတွက် ဖျားနေရတာ၊ ကောင်းနေတယ် ဆိုတာကလည်း ဆိုးမှာမို့လို့ ကောင်းနေတာ ။ဒါတွေက ဘာတွေလဲ ဆိုတော့ မတည်မြဲတဲ့ ပညတ်ချက်တွေ။ အစကတည်းက ကောင်းတယ်၊ ဆိုးတယ်၊ ဖျားတယ်၊ နာတယ်ဆိုတာ တကယ်မှ မရှိဘဲလေ၊ သင်္ခါရတရား ဖြစ်ရုံလေး ဖြစ်နေတာမလား။

ဟင်... ဒါဆို ပညတ်နဲ့ ပရမတ်တို့ကြောင့် ရလာတဲ့ အကျိုးလေးတွေကို ဘယ်လို ကွဲပြားအောင် သိရမလဲ တီတီဒွင်း။

အင်း...ဒီလိုရှိတယ် သမီးရဲ့။ ဥပမာပေါ့။ ငရုပ်သီးကို စပ်တယ်လို့ လက်ခံထား သူတွေအတွက် စပ်တယ် ဆိုတာလည်း ရှိနေမှာပဲ။ စပ်တယ်လို့ ထင်ရတဲ့ ပရမတ်(အမှန်တရား)လေးကိုပဲ ကောင်းတယ်လို့ လက်ခံထားတဲ့ သူတွေအတွက် ငရုပ်သီးဆိုတဲ့ သတ်မှက်ချက်(ပညတ်) အပေါ်မှာ နှစ်သက်တဲ့ သူအတွက် လောဘဖြစ်မယ်။ မကောင်းဘူးလို့ လက်ခံထားသူတွေ အတွက် ဒေါသဖြစ်မယ်။ တကယ်ဆို စပ်တယ်ဆိုတဲ့ သတ်မှတ်ချက်လေး တကယ်ကောင်းနေရင် လူအားလုံးအတွက် ကောင်းနေရမှာပေါ့။ ဟုတ်တယ်မလား သမီး။

ဒါကြောင့် တကယ်မဟုတ်တဲ့ သတ်မှတ်ချက် အပေါ်မှာ မစွဲပါနဲ့ သမီး။ အတ္တနဲ့ သိနေတာမှန်သမျှ အကုန်အမှားပဲ။ ဘယ်နေ့၊ ဘယ်ရက်လို့ သိနေတာတွေ၊ ဘယ်အချိန်၊ ဘယ်အခါလို့ သိနေတာတွေ ဘယ်နေရာ၊ ဘယ်ဒေသလို့ သိနေတာတွေ။ ဘယ်သူ၊ ဘယ်ဝါလို့ သိနေတာတွေ၊ ဘာပဲ၊ ညာပဲလို့ သိနေတာတွေက ဘယ်အရာမှ တကယ်မှန်တာ မဟုတ်ဘူးသမီး။ အဲ့ဒါတွေက သတ်မှတ်ချက်တွေ ပညတ်တွေပါ၊ ပညတ်တွေတာ သစ္စာဆိုက်တဲ့ အမှန်တရား တွေဆိုရင် အားလုံးအတွက် မှန်ကန်နေ ရမှာပေါ့နော်။

ဟင်.....ဒါဆိုတီဒွင်း.....တကယ့် ပရမတ်မှာ တစ်ခုခု၊ တစ်နေရာရာ၊ တစ်ချိန်ချိန် ဆိုတာတွေ မရှိဘူးပေါ့ ဟုတ်လား တီတီဒွင်း။

ဟုတ်တယ်သမီး။မရှိဘူး။

ဘယ်လို့လဲ ဆိုတာ သမီးကို ရှင်းပြ။

မျက်စိတစ်မှိတ် အတွင်းမှာ ကုဋေပေါင်းများစွာ ဖြစ်ချုပ်နေ ပါတယ်ဆိုနေမှ ဘယ်ဟာကို အချိန်လို့ သတ်မှတ် နေမှာလဲ သမီးလေး။ တရစပ် ဖြစ်ချုပ် နေတယ် ဆိုတာတောင် ရှေ့က ချုပ်သွားတာနဲ့ နောက်က ချုပ်သွားတာက အမြဲအကျိုး ပြုနေတယ်။ တကယ့် ပရမတ် အမှန်တရားမှာ အတိတ် ဆိုတာလည်း မရှိဘူး အနာဂတ် ဆိုတာလည်း မရှိဘူးသမီး။ ပစ္စုပ္ပုန်ဖြစ်ဆဲ ခန္ဓာပဲရှိတယ်။ အဲဒီ ပစ္စပ္ပုန်ခန္ဓာ ဆိုတာဟာလည်း ချုပ်ပျောက် သွားတာနဲ့ အတိတ်အဖြစ် ကူးပြောင်းသွား တာမျိုးလဲ မဟုတ်ဘူးနော် သမီး။

ဘယ်လိုမျိုးများလဲ တီတီဒွင်း၊ မက်မက် သိပ်နားမလည်ဘူး ။ရှင်းပြပါဦး။

ဒီလိုသမီးရေ။ ဥပမာပေါ့ ငြိမ်သက်နေတဲ့ ကန်ရေပြင်ပေါ်ကို သမီးက ခဲလုံးတစ်လုံး ပစ်ပေါက်လိုက်လို့ ပွက်သွားတဲ့ ရေပွက် လေးလိုပေါ့။ ပွက်တယ် ဆိုရုံလေး ပွက်ပြီး ချုပ်ပျောက်သွားတာ။ ရေပြင်ကြီးနဲ့ တစ်သားတည်း ဖြစ်သွားတာ၊ ဘယ်ဟာက အတိတ်က ရေပွက်လည်းလို့ ပြန်ရှာလို့မရ သလိုမျိုးပေါ့။ အတိတ် တုန်းကလည်း ဒီရေပွက်ပဲ ပစ္စပ္ပုန်မှာလည်း ဒီရေပွက်ပဲ အနာဂတ် မှာလည်း ဒီလိုရေပွက်ပဲ ပွက်မှာပဲ။

ဘာမှ အနှစ်သာရ မရှိဘဲ ဘာမှလည်း ဆုပ်ကိုင်ပြလို့ မရဘဲ ဖြစ်တယ် ဆိုရုံလေး ဖြစ်ပြီး ချုပ်ပျောက်သွားတာ အတိတ်တွေ ပစ္စပ္ပုန်တွေ အနာဂတ် ဆိုတာတွေ အနေနဲ့ ရှိတာမျိုး မဟုတ်ဘူး။ ဖြစ်ဆဲဖြစ်ဆဲ သဘောလေး တွေပဲရှိတာပါ။

အဲ့ဒါကိုပဲ လူတွေက အချိန်ရှိတယ်လို့ မှတ်ယူပြီး ငါကအသက်ကြီးပြီ၊ ငါ့အသက် ဘယ်လောက်ရှိပြီ ဆိုပြီး မရှိတဲ့ အချိန်ကို အရှိ လုပ်နေကြတယ်။ ငါ့မွေးနေ့က ဘယ်နေ့ ဆိုပြိး အမှားသိကို စွဲနေကြတယ်။ တကယ့် အမှန်တရားမှာ အချိန်တိုင်း အချိန်တိုင်းက ကိုယ့်ရဲ့ မွေးနေ့ဆိုလည်း ဟုတ်တယ်။ သေနေ့ဆိုလည်း ဟုတ်တယ်သမီး၊ အချိန်တိုင်း၊ အချိန်တိုင်း ဖောက်ပြန်ပျက်စီး နေတာလေးပါ။ အသစ်၊ အသစ်တွေက ပြန်ပြီးအစား ထိုးနေတာ။

အဆောက်အဦးတစ်ခု (ဓာတ်ကြီးလေးပါး)ကို လူတွေနေရင် အိမ်ပေါ့၊ ဘုန်းကြီးတွေ နေတော့ ဘုန်းကြီးကျောင်း၊ ကလေးတွေ စာသင်ရင် စာသင်ကျောင်း လူနာတွေ ဆေးကုသခံနေရင် ဆေးရုံ၊ တရားအားထုတ်ရင် ရိပ်သာ၊ အမျိုးမျိုး သတ်မှတ်လို့ ရတယ်မဟုတ်လား သမီး။ အဲ့လို ဘာမှ မဟုတ်လို့ ဘာမဆို အကုန်ဟုတ်လို့ ရတာ ။ မြင့်မြတ်တဲ့ နေရာ နိမ့်ကျတဲ့ နေရာလို့ ကွဲပြားနေတာ မဟုတ်ဘူး သမီး၊ သတ်မှတ်ချက် (ပညတ်)တွေကြောင့် တစ်ခု တစ်ယောက် တစ်ချိန် တစ်နေရာ မဟုတ်တဲ့ ပရမတ် အမှန်တရား ကွယ်နေတာ။ အဲ့အပေါ်မှာ လိုက်ပြီး ကောင်းတယ် မကောင်းဘူး ကြိုက်တယ် မကြိုက်ဘူး ဆိုတဲ့ လောဘ ဒေါသ ကိလေသာတွေ ၀င်လာရော။

ဒါဆို တီတီဒွင်း ပြောသလိုဆို ပညတ်ကို (သတ်မှတ်ချက်)ပယ်ရမှာပေါ့။

သတ်မှတ်ချက်ကို ပယ်ရမယ် မပြောပါဘူး၊ မစွဲနဲ့လို့ ပြောတာပါ။ သတ်မှတ်ချက်တွေရဲ့ အမှန်တရားကို မြင်အောင် ကြည့်ဖို့ပြောတာပါ သမီးလေးရေ။အတ္တနဲ့ သိနေတာ မှန်သမျှ အမှားတွေချည်းပဲမို့လို့ပါ။

ကိုယ့်အတ္တကို မစွန့်နိုင်သ၍ ဘယ်လိုမှ အမှန်ကို မသိနိုင်ဘူးလေ။ အထင်ဟာ အထင်ပဲ ရှိနေမှာပဲ အမှန် မဟုတ်သေးဘူး။ သတ်မှတ်ချက် မှာပဲလမ်းဆုံး နေလို့ကတော့ သမီးရေ ပရမတ် အမှန်တရားကို မြင်နိုင်မှာ မဟုတ်ဘူး။

သမုတိနယ်မှာ ကျင်လည်နေ သရွေ့ကတော့ သမုတိ သစ္စာကိုတော့ ပယ်လို့ မရဘူးနော် သမီး၊ အဲဒီ ပညတ်တွေကို တကယ်ရှိတယ် အထင်နဲ့ လက်ခံလိုက်ပြီး သွားစွဲလိုက် လို့ကတော့ အဲ့ဒီ သတ်မှတ်ချက်ကြောင့် ဒုက္ခရောက် လိမ့်မယ်။ဒါကြောင့် မိုးကုတ် ဆရာတော် ဘုရားက ဘယ်လိုဟောလဲ ဆိုရင် " ပညတ်ကွယ်ရင် နိဗ္ဗန်မမြင်ဘူးတဲ့" သမီးလေးရဲ့။

စကားလုံး ပညတ်တွေက ပရမတ်ကို မြင်နိုင်ဖို့ အထောက်အကူ ပေးတာလေ တကယ် သိရမှာက အဲ့ဒီပညတ်တွေရဲ့ နောက်ကွယ်က ပရမတ် အမှန်တရားပါ။ ပညတ်ကို သုံးတော့ သုံးရမယ်။ မစွဲရဘူး သမီး။ ပညတ်မပါ ဘဲနဲ့လည်း တကယ့် ပရမတ် အစစ်ကို မမြင်နိုင်ဘူး။ နော်...သမီး။

တကယ်တော့ ပညတ်ကို မပယ်ခိုင်းပါဘူး၊ အဲ့ဒီ ပညတ်ပေါ်မှာ စွဲနေတဲ့ အဟုတ်ထင်နေတဲ့ အစွဲကို စွန့်ခိုင်းတာ။ ပညတ်တွေရဲ့ နောက်ကွယ်က ပရမတ်ကို မြင်အောင် ကြည့်ခိုင်းတာ သမီးလေးရေ။ ပညတ်ကို မပယ်ဘဲ ပညတ်ရဲ့ အမှန်တရား ကိုယ်တိုင်က ပရမတ်ပဲ ဆိုတာကို ယုံကြည် ခိုင်းတာပါ။

တီဒွင်းတို့ တစ်သံသရာလုံး ပညတ်တွေ သတ်မှတ်ချက်တွေ အပေါ်မှာ အရှိကိုထင်ပြီး အစွဲကြီး စွဲခဲ့လို့ အဲ့ဒီ အစွဲကြောင့် ဒုက္ခရောက် နေကြာတာ။ တကယ်တော့ ဒါတွေက ဓာတ်ကြီးလေးပါး ဖောက်ပြန်ရုံ သဘောလေး တွေပါလားလို့ မှတ်ရပါမယ်နော်။

ကဲ... သမီးလေးရေ...ဖျော်ထားတဲ့ ကော်ဖီလည်း အေးကုန်တော့မယ်။ ကော်ဖီသောက်လို့ ကုန်မှပဲ သမီးလေးကို ကျန်တဲ့ တရား အနှစ်ပိုင်းလေးတွေ ပြောပြပေးမယ်နော်။ အာဝါးးးးးးးး သမီးမက်မက်ရေ။

5 comments:

  1. အပိုင်း(၂)ကို ကုသိုလ် လာယူပါတယ်
    သာဓုလည်း ခေါ်သွားပါတယ်။
    (ရှာရာဗိုမာမက်မက်)က
    တရားပေါက်တော့မယ်ဆိုတော့ကာ ..
    ချကားပီတော့မှာပေါ့နော် ...

    ReplyDelete
  2. ဒါပေါ့ တီဒွင်းရယ် ...
    အ၀ိဇ္ဇာရဲ့ သဘောကိုက မဟုတ်တာတွေ မရှိတာတွေကို သိခြင်း ဟုတ်တာတွေ ရှိတာတွေကို မသိခြင်းတဲ့ ...
    ကျေးဇူးပါပဲ တီဒွင်းရေ

    ReplyDelete
  3. မှတ်သားသွားပါတယ်..
    တကယ်ကိုမှတ်သားစရာကောင်းပါတယ်..
    မသိတာတွေသိခွင့်ရတဲ့အတွက်လဲကျေးဇူးပါ..

    ReplyDelete
  4. အချိန်တိုင်းက ကိုယ့်ရဲ့ မွေးနေ့ဆိုလည်း ဟုတ်တယ်။ သေနေ့ဆိုလည်း ဟုတ်တယ်...
    မှန်ပါတယ် ပညတ်ကိုစွဲရင် တရားကိုသိမှာမဟုတ်တော့ပါဘူး

    ReplyDelete
  5. ကိုပေါက်စDecember 28, 2009 at 12:54 AM

    သာဓု သာဓု သာဓု
    အရမ်းကောင်းပါတယ်

    ReplyDelete