Subscribe:

Tuesday, February 17, 2009

ပရမတ္ဘအမှန်တရား(အပိုင်း-၁)

တီဒွင်း သမီးစိတ်တွေ ဘာဖြစ်နေမှန်း မသိဘူး တီဒွင်းရယ်။ တရားလည်း မနာနိုင်၊ ဘုရားလည်း မရှစ်ခိုးနိုင်နဲ့ ဘာတွေဖြစ်နေမှန်း မသိဘူး တီဒွင်းရယ်။

ကဲ.. သမီးရေ.. ဘာတွေဘယ်လို ဖြစ်တယ်ဆိုတာ တီဒွင်းကို ပြောပါဦး။

မသိတော့ဘူး တီဒွင်းရယ်။စိတ်တွေ ဂယောက်ဂရက် ဖြစ်နေတယ်။

သမီးလေး စိတ်ငြိမ်အောင် တရားလေး မှတ်ကြည့်ပါလား သမီးရ။ တရားနာတယ် ဆိုတာလည်း ကောင်းပါတယ် သမီးရယ် ။ ဒါပေမယ့် ငါ့သမီးလေး သံဝေဂဥာဏ်နဲ့ပဲ ကျေနပ်သောင်တင် မနေနဲ့ သမီး။ တရားထိုင်တော့ စိတ်လည်း တည်ငြိမ်မယ်လေ သမီးရဲ့ ။

ဘယ်လိုထိုင် ရမှာလဲ တီဒွင်းရ။မက်မက်ကို ပြောပြပါဦးနော်။ စိတ်ဝင်စားလာပြီ။

တရားမှတ်တယ် ဆိုတာ အတွေးတွေထဲမှာ မလွင့်မြောအောင် သတိလေးနဲ့ နေတာကို ပြောတာပေါ့ သမီးလေးရ။စိတ်ကို သတိလေး ကပ်ထားရမှာ။ တီဒွင်း နားလည်သလောက်လေး ပြန်ပြောပြမယ်နော်။ ၀ိပဿနာ ဥာဏ်စစ်စစ်ဖြစ်ဖို့ မင်္ဂဥာဏ် ဖိုလ်ဥာဏ် ဖြစ်ဖို့ဆိုတာ သမီးကိုယ်တိုင် အားထုတ်ပါမှ ရမှာသမီးရ။မြတ်စွာဘုရားတောင် သူ့ကို ကြည်ညိုမှု လွန်ကဲနေတဲ့ ရဟန်းတစ်ပါးကို ဘယ်လိုဆုံးမလည်း ဆိုရင် တရားကို မသိသရွေ့ ငါဘုရား အစစ်ကို မမြင်နိုင်ဘူးတဲ့။ ကဲ သမီး ဘယ်လောက် ကောင်းလိုက်တဲ့ ဆုံးမစကားလဲနော်။

သွားတော်လေးဆယ် စွယ်တော်လေးဆူနဲ့ ရွှေအဆင်းရှိတဲ့ အသရေတော်ဆိုတာ ဘုရားရဲ့ လက္လဏာ တော်များ ပဲရှိပါသေးတယ် သမီးရယ်။ဘုရားအစစ် မဟုတ်သေးဘူး။ တကယ့်ဘုရားအစစ်က လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကျင့်ပြီးမှ ရလာတဲ့ သဗ္ဗေညုတ ဥာဏ်တော်တွေပါ။

ဒီလိုပဲ တရားဆိုတာ မျက်စိနဲ့ မြင်ရတဲ့ ပိဋ္ဋကတ် သုံးပုံက တရားအစစ် မဟုတ်ပါဘူး၊တရားအကြောင်း ရေးထားတဲ့ တဆင့်ခံ စကားလုံးတွေ ပဲဖြစ်နေ သေးတာပါ။ အဲ့ဒီပိဋ္ဋကတ် သုံးပုံရဲ့ နောက်ကွယ်က (စာလုံးတွေရဲ့ နောက်ကွယ်က ) အဓိပ္ပါယ်ကမှ တကယ့် တရားအစစ်ပါ။ မနက်မိုးလင်းတာနဲ့ အန္တရယ်ကင်း ပရိတ်လေးဖွင့်ပြီး ကိုယ့်ကိုကိုယ် တရားအားကိုးတယ် တရား ရှိတယ် မထင်နဲ့ သမီးလေး။

ဘုရားသိစေချင်တဲ့ ပရမတ် တရား အစစ်ကို သိဖို့ကြိုးစား တာကမှ တကယ့်တရား အစစ်ကို အားကိုးတာပါ။ မြတ်စွာဘုရားက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ခက်ခက်ခဲခဲ ပါရမီဖြည့်ကျင့်ခဲ့တာ သတ္တ၀ါတွေ အန္တရာယ်ကင်းဖို့အတွက်လောက်လေး မဟုတ်ဘူး သမီးလေးရဲ့။ ဒီလိုပါပဲ သံဃာတွေ ဆိုရင်လည်း မျက်စိနဲ့ မြင်ရတဲ့ အသွင်သဏ္ဍာန်လောက်ပဲ သံဃာလို့ထင်ပြီး အဲ့ဒီအသွင် သဏ္ဍာန်တွေ နောက်ကွယ်က စောင့်ထိန်းမှုတွေ ကျင့်ကြံအား ထုတ်မှုတွေကို မြင်အောင် မကြည့်တတ်လို့ သံဃာရတနာ အပေါ်မှာ ကြည်ညိုမှုက တိမ်တိမ်လေး ဖြစ်နေကြတာ၊ တဏှာပြတ်ကြောင်း တရားကိုကျင့်ပြီး ဒါမှမဟုတ် ကျင့်ဆဲ ပုဂ္ဂိုလ်ကို သံဃာလို့ ခေါ်တာပါ သမီးလေးရေ။ယတြာချေချင် လို့ပဲဖြစ်ဖြစ် ကံကောင်းချင်လို့ပဲ ဖြစ်ဖြစ် ဘာကြောင့် ဖြစ်ဖြစ် ဘုန်းကြီးအဖြစ် ဒုလ္လဘ အဖြစ်ခဏလေး အ၀တ်ပြောင်းဖို့ အဓိက ထားနေတာထက် ပရမတ်သံဃာ ရတနာအစစ်ဖြစ်ဖို့ အဓိကထားကြ ဖို့ဆိုတာလည်း လိုအပ်တာပေါ့ သမီးးရယ်။

ဘုရား တရား သံဃာ တွေရဲ့လဏ္ခာ တွေကိုပဲ တကယ့်ဘုရား တရား သံဃာတွေ လို့ထင်နေပြီး တကယ့်ဘုရားအစစ် တကယ့်တရားအစစ် တကယ့်သံဃာအစစ်ကို နားမလည်နိုင်သေးလို့ပါ သမီးလေး တကယ့် ပရမတ် တရားကို မသိသေးရင် ဘုရားတရား အပေါ်မှာ ယုံကြည့်နေမှာ မဟုတ်ပါဘူး။ အပေါ်ယံ ယုံကြည့်နေမှုပဲဖြစ်နေဦးမှာလေ။ ဒါကြောင့်လည်း မျက်စိနဲ့ မြင်ရတဲ့ ဘုရားတရားသံဃာ အပေါ်မှာပဲ လမ်းဆုံးမနေဘဲ တကယ့် ဘုရား အစစ် တရားအစစ် သံဃာအစစ်ကို ဥာဏ်နဲ့ မြင်နိုင်ဖို့ ကျင့်ကြံအား ထုတ်မှုအပိုင်းကို တီတီဒွင်း တရားသွား အားထုတ်တဲ့ ရိပ်သာမှာ ဆရာတော်က အဓိက ထားပြီး တိုက်တွန်းတာပေါ့။ မြတ်စွာဘုရားက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကျင့်ခဲ့တာကလည်း အားလုံးကို ပရမတ် အမှန်တရားကို မြင်စေချင်တဲ့ စေသနာ နဲ့ ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့တာပါ။ တီဒွင်းသွား ခဲ့တဲ့ရိပ်သာက ဆရာတော် ဟောတာလေးတွေကို သမီးလေးကို နဲနဲခြင်း ပြောပြမယ်နော်။

တရားအား ထုတ်တယ်ဆိုတာ စိတ်ရဲ့ အလုပ်ပဲ သမီးလေးရေ။ဘာပဲလုပ်နေ လုပ်နေ ၀ိပသနာသတိနဲ့ အမှန်တရားကို သိနေရင် တရားအား ထုတ်နေတာပဲပေါ့။လူက မျက်စိမှတ် ထိုင်ပြီးတော့ စိတ်က ၀ိပသနာ သတိလွတ်နေရင် အမှန်တရားကို သိတဲ့ဥာဏ် မပါရင် တရားထိုင်တယ်လို့ ပြောလို့ မရဘူး သမီးလေး။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်း တရားပွားများ အားထုတ်ရာမှာ ရပ်၊ သွား၊ ထိုင၊် လျောင်း ဆိုတဲ့ က္ကုရိယာ ပုတ်လေးမျိုးလုံးနဲ့ အားထုတ်လို့ ရတယ်လို့ပြောခဲ့တာပဲ။ဘုရားစင်ရှေ့ မျက်စိမှိတ် ထိုင်ပြီး အားထုတ်နေမှ ရတာမဟုတ်ဘူးလေ။

တောထဲ တောင်ထဲသွား တရားရှာမှ တရားရတာ မဟုတ်ဘူးလေ၊ နေ့စဉ် လူနေမှု ဘ၀လေးမှာပဲ ကျင့်လို့ ရပါတယ်။တရားအားထုတ် တယ်ဆိုတာ သွားနေရင်း လာနေရင်းဖြစ်ဖြစ်၊ လုပ်နေကိုင်နေရင်း ပဲဖြစ်ဖြစ်၊ ပြောနေဆိုနေ ရင်းပဲဖြစ်ဖြစ် နေမကောိ့ အိပ်ယာထဲမှာလှဲနေရတဲ့ အချိန်ပဲဖြစ်ဖြစ် တစ်ခုခု တစ်ယောက်ယောက် တစ်ချိန်ချိန် တစ်နေရာရာတွေမဟုတ်တဲ့ ဘာမျ ဖြစ်နေတာ မဟုတ်ပဲ ဖြစ်ရုံလေး ဖြစ်နေတဲ့ ပရမတ် အမှန်တရားကို ဆင်ခြင်လက်ခံ ပြီးနေတာ(အမှန်ကို အမှန်အတိုင်း သိနေတာ) ဟာတရားနဲ့ နေတာပဲပေါ့။

နားရှုပ်သွားလား သမီးလေး။ကြားနေကြစကား မဟုတ်လို့ ဟုတ်မှဟုတ် ရဲ့ လားလို့ သံသယမ၀င်နဲ့ သမီးလေး အရင်က တီဒွင်းတို့ သမီးလေးတို့ ကြားဖူးသလို "ဖြစ်ပြီးပျက်"နေတာပါပဲ။ ဒါပေမယ့် ဘာမှဖြစ်နေတာ မဟုတ်ပဲ ဖြစ်ရုံလေး ဖြစ်နေတာဆိုပြီး ဆရာတော် ကပိုပြီး အရင်းအမြစ်ကျကျ ဟောပြောလိုက်တော့ သမီးလေး မျက်စိလည် သွားတာပေါ့။

တစ်ခုခု ဖြစ်ပြီးမှ ပျက်သွားတယ် လို့ထင်နေရင် မပျက်ခင်လေး အထိတော့ ရှိနေတယ် ခိုင်မြဲနေတယ်ထင်ပြီး သာယာနေဦးမှာပဲ ၊ ငြိတွယ်နေဦး မှာပဲလေ။ တကယ့်ခန္တာ ငါးပါးစစ်စစ်က ဘာတွေ ညာတွေ အဖြစ် ဖြစ် သွားတာမျိုး မဟုတ်ဘဲ ဖြစ်တယ် ဆိုရုံလေး ဖြစ်သွားတာ။ ဒါကြောင့် ဆရာတော်က အဖြစ်ကို လက်မခံခိုင်းတာ။ ညာဖြစ်တယ် ညာဖြစ်တယ်။

ဘာစိတ် ညာစိတ် ရှိတယ်ထင်ပြီး လက်ခံနေတာကိုက သမုဒယ သစ္စာ ငါနာတယ်ဆိုပြီး နာတာ ဖြစ်နေတယ် ထင်တာက အ၀ိဇ္ဖာ ငါ ရှိတယ်ဆိုတဲ့သက္ကာယ ဒိဌိ နာတာလေး မြဲနေတယ် ထင်တာက သဿတ ဒိဌိဖြစ်နေပြီး နာတယ်လို့ ထင်ရလောက်အောင် တင်းမာတဲ့ သဘောလေး(ပထ၀ီဓာတ်)လွန်ကဲ ဖောက်ပြန်နေ တာပဲရှိပါတယ်သ မီးလေး။ဖြစ်ကာ မတ္တဖြစ် နေတဲ့ သဘောလေး သက်သက်အနေနဲ့ ပဲရှိတာပါ။ ဘာတွေ ညာတွေ ဘာစိတ် ညာစိတ် တွေ ဖြစ်နေတာ မဟုတ်ပါဘူး။

စိတ်ဆိုတာက ပညတ်၊ စိတ်ရဲ့ အမှန်တရားက ခန္တာငါးပါး ပရမတ်ပါ။ တကယ်တော့ အရာအလုံးဟာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲစည်းထား တာဖြစ်ပြီး သူ့သဘော သူဆောင်နေတာပါ။ တရားထိုင် တဲ့အခါ ဓာတ်ကြီးလေးပါး ဖောက်ပြန်မှု အာရုံကို ဖမ်းယူနေတဲ့ (၀ိဥာဏက္ခန္ဓာ) နာတယ်လို့ ထင်နေတဲ့ အ၀ိဇ္ဇာ(သင်္ခါရက္ခန္ဓာ) နာတာပဲလို့ မှတ်သားနေတဲ့ (သညက္ခန္ဓာ)၊ မကောင်းဘူးလို့ ခံစားနေတဲ့ ဝေဒနာက္ခန္ဓာ) မနောအကြည် ဆိုတဲ့ဖောက်ပြန်မှု (ရှုပက္ခန္ဓာ) ဒီလို အ၀ိဇ္ဇာ ရောနေတဲ့ ခန္ဓာငါးပါးပေါင်း ပေါ်နေတာပဲ ရှိတာပါ။ နာတယ် ဆိုတာဘာလဲ ရှာလို့ မရပါဘူး။ ပေါ်လာတဲ့ စိတ်လေးကိုပဲ အမှန်မြင်(၀ိဇ္ဇာဥာဏ်) နဲ့ ယုံကြည်ဆင်ခြင် ပေးခြင်းအားဖြင့် ဘာဖြစ်တယ် ညာဖြစ်တယ် ထင်နေတဲ့ အ၀ိဇ္ဇာနဲ့ ငြိတွယ်တဲ့ တဏှာကို ပယ်နိုင်ဖို့ ကြိုးစားခိုင်းတာ။ အ၀ိဇ္ဇာ တဏှာ ဖြစ်ကြောမရှည်ဖို့ ၀ိဇ္ဇာဥာဏ်နဲ့ ဆင်ခြင်ခိုင်းတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာသိဖို့ကို အနည်းဆုံး တစ်စက္ကန့်တော့ ကြာတယ်မလား၊ အဲ့ဒီစက္ကန့် အတွင်းမှာကို တကယ့်ရုပ်စစ်စစ် တကယ့်စိတ်စစ်စစ်က ကုဋေပေါင်းများစွာ ဖြစ်ချုပ်သွားပြီ ။

သမီးလေး သိလိုက်တယ်ဆိုတာ အစွဲသိ အမှားသိတွေပါ။ ဖြစ်ချုပ် သွားတဲ့နှုန်းက အရမ်းကို မြန်ဆန်လွန်းပြီး အတိတ်က အ၀ိဇ္ဇာ တဏှာကံ အကြောင်းကြောင့် အသစ်အသစ်လေးတွေ တရစပ် အစားထိုး နေတဲ့အတွက်ကြောင့် တဆက်တည်းထင်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အစွဲသိတွေကို ဆုပ်ကိုင်ထားလို့ အဲဒီအစွဲသိ တွေနောက်က ကိလေသာတွေ တောက်လျှောက်လိုက် နေတော့တာပေါ့။

ခန္ဓာရှိရင် ဝေဒနာ ရှိတယ်ဆိုတာ နာတဲ့ ကျဉ်တဲ့ ညောင်းတဲ့ ကိုက်တဲ့ အကြမ်းစား ဝေဒနာ တွေကို ပြောတာမဟုတ်ဘူးနော်။ နာတယ် ကျဉ်တယ် လို့ ထင်နေတာ ကိုကအမှားသိ။ တကယ့်ရုပ်ခန္ဓာက (ရုပ်ပရမတ်က) အကောင်အထည်ကြီး အနေနဲ့ အတုံးလိုက် အတစ်လိုက် ရှိနေတာမျိုး မဟုတ်ဘဲ ပူတယ် အေးတယ်လို့ ထင်ရလောက်အောင် ဖောက်ပြန်နေတဲ့ သဘော၊ မာတယ် ပျော့တယ်လို့ ထင်ရလောက်အောင် ဖောက်ပြန်နေတဲ့ သဘော၊ ငြိမ်တယ် လှုပ်တယ်လို့ ထင်ရလောက်အောင် ဖောက်ပြန်နေ တဲ့သဘော ယိုစီးတယ် ဖွဲ့စည်းတယ်လို့ ထင်ရလောက်အောင် ဖောက်ပြန်နေတဲ့ သဘော ဒီလို သဘောတရား လေးတွေ (ဓာတ်ကြီးလေးပါး)က ပေါင်းစည်းလိုက် ဖောက်ပြန်လိုက် ပြိုကွဲလိုက် ဖောက်ပြန်လိုက်နဲ့ ဖောက်ပြန်ရုံလေး သက်သက်လေး ဖောက်ပြန်နေတာ။ မပြတ်တရစပ် ဖြစ်ချုပ်တာ။ သဘောလေးပေါ်ပြီး သဘောလေး ဖြစ်ချုပ်သွားတာ။ မျက်စိတစ်မှိတ် အတွင်းမှာကို အကြိမ်ပေါင်းကုဋေ၅000ကျော် ၆000နှုန်းနဲ့ ချုပ်ပျောက်နေတာ။

တကယ်တော့ စွမ်းအင်သတ္တိ အသစ်အသစ် လေးတွေက တရစပ် အစားထိုးပြီး တရစပ်ချုပ် ပျောက်နေတာ အဲ့လိုဓာတ်ကြီးလေးပါး ဖောက်ပြန်မှုကြောင့် ဖြစ်ရုံလေး ဖြစ်နေတဲ့ သဘောပရမတ် ဝေဒနာတွေက အဆက်မပြတ်ကို ပေါ်နေတာ နာမှကျဉ်မှ ဝေဒနာဖြစ်တာ မဟုတ်ဘူးလေ သမီး၊ အစကတည်းက အသစ်အသစ်သော ဝေဒနာတွေ မပြတ်ရှိနေတာ မသိတော့ ဝေဒနာ အကြမ်းစား ကြီးတွေကို လက်ခံထားပြီး ခံနိုင်ရည်မရှိ ဖြစ်နေကြတာ။ အစကတည်းက ကောင်းနေတယ် ထင်ထားလို့ အဆိုးကြုံရမှာ ကြောက်နေတာ။

ကောင်းနေတာ မရှိမှန်း သိရင် ဆိုးမှာလည်း ပူနေစရာ မရှိတော့ဘူး။ ရှင်နေတယ်ထင်လို့ သေရမှာ ကြောက်နေတာ၊ (အစကတည်းက တရစပ်ကို သေပွဲဝင်နေတာ) ရှင်နေတယ်ဆိုတာ တကယ်မရှိ မှန်းသိရင် သေရမှာ ကြောက်စရာ မလိုတော့ဘူး။ တရားကြောင့် ရဲရင့်လာတယ်ဆိုတာ တရားက တစ်ခုခုကြီး အနေနဲ့ (တန်ခိုးရှုင် တစ်ယောက်လိုမျိုး) ကိုယ့်ကို အကာအကွယ် ပေးနေတာမျိုး မဟုတ်ဘူးလေ။အမှန်ကို သိတာတရားပဲ။ အမှန်ကို အမှန်အတိုင်း မြင်လာတာ အရှိကို အရှိအတိုင်း လက်ခံလာနိုင်တာ ကြောက်စရာ မရှိတာကို သိပြီး မကြောက်တတ် တဲ့စိတ်ဟာ ရဲရင့်တဲ့ စိတ်ပဲ သမီးလေး။ လိုချင်စရာ မရှိတာကို သိပြီး မလိုချင်တဲ့ စိတ်ဟာ ပြီးပြည့် စုံတဲ့ စိတ်ပဲသမီးလေး။

ကဲ... သမီးလေး ဖုန်းလာနေတယ်... တီဒွင်း ဖုန်းပြောလိုက် ဦးမယ်နော်။ ပြီးမှ သမီးလေးကို ဆက်ပြောမယ်။ နားထောင်နော်။ အာဝါး မက်မက်လေးရေ။ မက်မက်လေး စိတ်၏ချမ်းသာ ခြင်းနဲ့ ပြည့်စုံပါစေကွယ်။ စိတ်မညစ်နဲ့နော်။ တီဒွင်းမနက်ဖြန်မှ ဆက်ပြောပြ ပေးမယ်နော်။ အာဝါးးးးးးးး

16 comments:

  1. ဘာသာရေး ပို့စ်လေး ဖတ်သွားလို့ မှတ်သွား၏ ..။
    နောက်ဆုံးတော့လည်း အာဝါးပေးခံလိုက်ရတယ် ....
    တီဒွင်းက မက်မက်ကို ပေးတာကိုပြောပါတယ် ..။

    ဆက်လက်ရေးသားနိုင်ပါစေ ..။

    ReplyDelete
  2. အောင်ဦးFebruary 17, 2009 at 8:36 AM

    မက်မက်..
    စာတွေ သေချာဖတ်သွားပါတယ်။

    မရှိပညတ်၊ ရှိပရမတ်၊ နှစ်ရပ်ဉာဏ်ဖြင့်ခွဲ၊ နှစ်ရပ် ဉာဏ်မြင်၊
    ဒိဋ္ဌိစင်၊ နိဗ္ဗာန်ဝင်မည် မလွဲ။
    (ဓမ္မစေတီ ဆရာတော်၏ တရားတော်မှ-)

    တရားအလှူဆိုတာ အမြတ်ဆုံး ဆိုတာ အားလုံးသိကြပါတယ်။ အလှူထဲမှာမှ တကယ့် သစ္စာတရားကို ပေးလှူတော့ ကိုယ်တိုင်လည်း ဉာဏ်ထက်ရလို ပြန်ရတော့လည်း သစ္စာတရားပဲ ရတာပေါ့။

    ဆက်လက်မျှဝေမှာကို စောင့်မျှော်နေပါမယ်..

    ကျန်းမာချမ်းသာပါစေ မက်မက်။

    ReplyDelete
  3.ိအေးဗျာ....ကျွန်တော်လဲ မက်မက်ရဲ့ တရားစကားတွေကိုကြားရတော့
    ကိလေသာကုန်ခမ်းနေပါပီး..
    လက်ကျန်တဏှာလေးပဲကျန်တာခက်နေတယ်.. :P
    တရားမှတ်တယ်ပြောလို့ ..
    ကျွန်တော်က ငယ်ငယ်တုန်းကရွှေအင်ဒုံ မှာဘုန်ကြီးဝတ်တော့
    ငယ်ငယ်လေးကတည်းက အာနာပါန ကိုပဲမှတ်ရတယ်..
    အပျော့ကိုမှတ်ပီး ဆိုရင်စိတ်မခိုင်တော့ဘူး..
    မက်မက်ပြောတာ မှတ်သားစရာပါ...
    ကျေးဇူးတင်ပါတယ်..ကျွန်တော်က
    ကိုယ်တိုင်မရေးနိုင်တဲ့ ကဗျာတို့ ...ဘာသာရေး ဆောင်းပါးတွေကိုကြိုက်တယ်..ခပ်များများရေးပါး..
    အရင်ပြောထားတဲ့ ဘုရားမဖြစ်ခင်ဘဝလေးတွေကိုလဲ
    အလျင်းသင့်သလို ရေးပေးပါအုံး..

    ReplyDelete
  4. အစ်မရေ…

    ကောင်းပ.. ရေးထားတာ… သေသေချာချာ ဖတ်သွားတယ်နော်…

    ရွှင်လန်းပါစေ အစ်မ
    ပရမတ်တရား အစစ်ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါစေ..

    လေးစားခင်မင်စွာဖြင့်
    မောင်လေး
    ဖိုးသား

    ReplyDelete
  5. ဖတ်ရတာ တန်ဖိုးရှိတယ်မမရေ...
    နေ့အိပ်မက်လည်း ကြိုးတော့ စားနေတာပါပဲ
    ဘယ်နှစ်ခွေမှန်းသာမသိတာ...
    ဒီဟာကလည်း အပြောလွယ်သလောက်အလုပ်ခက်တယ်နော်....

    ReplyDelete
  6. စိုင်းစိုင်းလားရှိုးFebruary 17, 2009 at 10:55 AM

    မက်မက်ရေ ဝေဒနာ ကနေ တဏှာ ကို အကူးပြောင်းမခံနဲ့တော့ အဲဒီကနေ အပြီးအပိုင်တာ ထွက်ပေတော့။

    ReplyDelete
  7. အပြောကောင်း အရေးကောင်း အဟောကောင်းဗျာ
    ဦးရီးတော်နဲ့လည်းကိုက်တယ်
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  8. နားလည်သလား.. သဘောပါသလား.. သဘောရောပေါက်ရဲ့လား
    (ဆရာတော် ဥူးသုမင်္ဂလ ရဲ့ ဆုံးမသံ)

    မက်မက်ရေ ဖတ်သွားတယ်.. ဆရာတော် ပြောသလို နားလည်ဖို့ သဘောပေါက်ဖို့တော့ ကြိုးစားရဦးမယ်..

    ဦးနော် တီငယ်

    ReplyDelete
  9. မြန်မာပြည် ပြန်တာ တရားစခန်းတွေ ပဲ အတော်ဝင်ဖြစ်တယ် ထင်ပါ့..

    ငယ်ပေမယ့် ဒီလို တရားသဘောလေးတွေ ကို စိတ်ထဲ ရှိနေတယ် ဆိုရင် အရမ်း ကောင်းပါတယ်..

    ဆက်လက်ကျင့်ကြံ ကြိုးကုတ်အားထုတ် နိုင်ပါစေ...

    ReplyDelete
  10. မက်မက်ရေ အလည်လာတယ်။ ပို့်စ်လေး အတော်ကောင်းတယ်။ ငြိမ်းချမ်းရာအစစ်အမှန်တွေ့ပါစေ။
    ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  11. သိတဲ့တရားကို ရှိအောင်လုပ်ဖို့၊ ရှိအောင်လုပ်တတ်ပြီဆိုရင် ဆောင်ယူစရာမလိုဘဲ ကိန်းအောင်းနေတာက ဓမ္မနိယာမ၊ တို့တွေရဲ့ နိယာမလုပ်ရမည့်လုပ်စဉ်က သိတာကို ရှိအောင်လုပ်ဖို့...ဒီတော့ မက်မက်ပြောတဲ့ ပရမတ် အရှိကို မြတ်စွာဘုရားရှင်မှာတော်မူသည့်အတိုင်း ထိုးထွင်းပြီး သိကြပါကွ..ပိုင်းခြားပြီးတော့လည်း သိကြပါကွ ....ဤအဆုံးအမကို ခံယူနှလုံးသွင်းပြီးတော့ ရေးတဲ့သူအရေးကို လေးလေးစားစားဖတ်သွားပါတယ်ခင်ဗျား....ကျေးဇူးတင်ပါတယ်...

    ReplyDelete
  12. တပ်လှန့်ပေးထားတာပဲ... ကောင်းတယ် မေအိမ်မက်ရေ။ ကျုပ်တို့ လူငယ်တွေက သာသနာအကျိုးအတွက် နိုင်ရာတာဝန်ထမ်းသင့်တာပေါ့။ ဇောက်ချပြီး မလုပ်နိုင်ရင်သေးရင်တောင် အခုလိုပိုစ့်လေးတွေက စာဖတ်သူတွေကို အတိအကျ အကျိုးပြုစေတယ်။ အားရစရာ ပိုစ့်ပါပဲ မေအိမ်မက်...။

    ReplyDelete
  13. တီဒွင်းရဲ့ ပို့စ်လေးကို ဖတ်လိုက်ရတာ
    ယုံကြည်သဒ္ဒါအား တက်စေပါတယ် ...
    တီဒွင်းရေ တားတော့ အသိကို အရှိဖြစ်အောင် လုပ်ဖို့ အရင်ဆုံး ကြောက်တတ်အောင် ကြိုးစားရဦးမယ်...အခုက နည်းနည်းလေးပဲ ကြောက်သေးတယ် ...
    တစ်ကယ် မကြောက်သေးတော့ တစ်ကယ် မလုပ်သေးဘူးလေ .... တရားထက် အရေးကြီးတာတွေ ရှိနေသေးတယ် ... တစ်ကယ်ကြောက်တတ်တဲ့ တစ်နေ့တော့ တရားက အရေးကြီးဆုံး ဖြစ်လာမှာပါ ...
    တီဒွင်း ပျော်ရွှင် ချမ်းမြေ့ပါစေ ..
    မိုးသောက်

    ReplyDelete
  14. မက်မက်ကလေး စိတ်ချမ်းသာပျော်ရွှင်ပါစေ ကလေးရေ။
    အာဝါးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  15. ၀ိပဿနာတရားလာရှုပါတယ်။
    ကောင်းပါ့ဗျာ၊ တန်ဖိုးရှိတယ်။
    ဗုဒ္ဓအကျိုး ဆထက်ထမ်းပိုး ရွက်ဆောင် နိုင်ပါစေ။

    ReplyDelete
  16. ဘာသာသာသနာရောင်ဝါ ထွန်းတောက်နိုင် ပါစေ၊ သာဓုခေါ်ပါတယ်။
    နောက်လည်း မျှဝေပေးနိုင်ပါစေ။

    ReplyDelete