Subscribe:

Tuesday, May 25, 2010

အမှတ်တရထဲကအမှတ်တရ




ပြောရမယ်ဆိုရင် သူနဲ့ စတွေ့ကတည်းက ထူးထူးခြားခြားပါပဲ။အရပ်က ကလန်ကလား၊ နဖူးကပြောင်ပြောင်၊ ဆံပင်ကရှည်ရှည်နဲ့ ဟွန်းးးးးလက်ထဲမှာ ကင်မရာကြီး တစ်လုံးနဲ့။ ဘယ်ဂိုင်းစတား အဖွဲ့ကလဲပေါ့ တစ်ယောက်ထဲ တွေးမိရင်း သူငယ်ချင်း တစ်ယောက်အိမ်မှာ ရှမ်းခေါက်ဆွဲ စားရင်း ဆုံမိကြတယ်။

ဟဲ့...မက်မက်...ဒါကမိုးကုတ်သားလို့ ခေါ်တယ်။
ဘာာ...မိုးခိုသား...ဟုတ်လား.... ဟွန်းးနာမည်ကြီးကလဲ....
အမဲသားရောင်းတဲ့သူလားမသိဘူး။ ဟိဟိ....
တကယ်က ကိုယ်က ကြားချင်ရာ ကြားနေတာ။ မိုးကုတ်သားကို မိုးခိုသားလို့ မှားကြားမိတာ။း)) အဲ့လိုနဲ့ စနောက်ပြောင်ရင်း ခင်မင်လာခဲ့ ကြတယ်ပေါ့လေ။

ဘယ်နေရာ ဘယ်ရောက်ရောက် ဘလော့ဂ်မောင်နှမတွေ တွေ့ဆုံတိုင်းမှာ သူမပါရင် ပွဲမစည်ဘူး။ (အင်းးး....ကင်မရာ မျက်နှာတော်တော် ကြီးတာပဲ..ဟတ်ဟတ်.... :P ) ကဲထားတော့..သူ့အတွက် အမှတ်တရ တခုခု ရေးမယ်လို့ ကြံမိပေမယ့် ဘလော့မှာ စာစီဖို့ လုပ်လိုက်ရင် စာမျက်နှာတွေ တော်တော်ကုန်မှာ စိုးတဲ့အတွက် (တကယ်က ဆင်ခြေပေးတာ :P ) အတိုချုံ့လိုက် ရပါတယ်။

သူနဲ့အမှတ်မထင် တွေ့ဆုံပြီး ခင်မင်ခွင့် ရခဲ့တဲ့သူ
စိတ်သဘောထား ပြည့်ဝပြီး ဘ၀ကို ရိုးသားစွာ ကြိုးစားပြီး ဖြတ်သန်းနေတဲ့သူ
၂၁ရာစုရဲ့ လူပျိုကြီး စာရင်းဝင် ဖြစ်တဲ့သူ ၊
အသက်ကြီးပေမယ့် စတိုင်လ်မိမိနဲ့ အမြဲတမ်း လန်းနေတဲ့သူ
စင်းဘလော့ဂ်ါများရဲ့သက်ကြီးတန်းဝင်သွားသူ :P
ဘလော့ဂ်ါမောင်နှမတိုင်းရဲ့ ချစ်ခင်ရသောသူ
ထိုသူကတော့ မိုးခိုသား မဟုတ်တဲ့ ကိုမိုးကုတ်သားခေါ် ကိုဘိုဘို ဖြစ်ပါတယ်။ ဘွဲ့နာမည်တွေကတော့ ထင်ထင်ရှားရှားပါပဲ။
တချို့ကလဲသူ့ကို ကိုမိုးကုတ်တဲ့
တချို့ကတော့ ကိုဘိုတဲ့
တချို့ကတော့ အုပိုပိုတဲ့
တချို့ကတော့ ကိုဘိုကြီးတဲ့
တချို့ကတော့ ကိုကိုတဲ့
တချို့ကတော့ အူးဘိုတဲ့။
သူ့ကိုယ်ကိုယ်တော့ ကိုမောင်ဟတ် တဲ့။ :P

ကဲ...အူးအူးဘိုဘို..မွေးနေ့မှာ စတင်ပြီး အမြန်ဆုံး စွံပါစေ.........လို့ မက်မက်က ဆုတောင်းပေးပါတယ်.... မွေးနေ့လက်ဆောင် အဖြစ်တော့ ထုံးစံအတိုင်း အာဝါးးမက်မက်က အာဝါးးးအမြှောက်တစ်သိန်းးးးကိုပဲလက်ဆောင် ပေးခဲ့မယ်နော်။း)


ဒီကနေ့ကတော့ ကိုဘိုဘိုခေါ် ကိုမိုးကုတ်သားရဲ့ သက်တော် ၃၆နှစ်မြောက် မွေးနေ့လေး ဖြစ်ပါတယ်။ :P (ဖော်ကောင်လုပ်တာ) မိမိမွေးနေ့လေးမှာ ကုသိုလ်ရေးကို မမေ့တဲ့ ကိုဘိုတစ်ယောက် အမွန်မြတ်ဆုံး ဒါနကုသိုလ်လေး တစ်ခုကို လုပ်ခဲ့အတွက် သာဓုခေါ်ပါတယ်။ မွေးနေ့မှာ ကိုယ့်အသွေးအသားကို ဖောက်ထုတ်လှူ ဒါန်းခဲ့တဲ့ မွေးနေ့ရှင်လေး အတွက် ထပ်တူထပ်မျှ ပီတိဖြစ်ရသလို ဂုဏ်လဲယူ မိပါတယ်။ မွေးနေ့ရှင် ကိုဘိုကြီး မွေးနေ့မှ စ၍ ၀င်သက်ထွက်သက် ရှိနေသမျှ ကာလပတ်လုံး ရောက်လေရာ နေရာ ၀န်းကျင်မှာ စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး အစစအရာရာ အဆင်ပြေပါစေ။ကြံစည်သမျှ အောင်မြင်ပါစေလို့ မက်မက်အဒေါ်ဖြစ်တဲ့ ဒွင်းက ဆုတောင်းပေးပါတယ်ရှင်။

HaPpY bIrThDaY .. mAnY hApPy rEtUrNs oF tHe dAy..........

Cheers!!

ကဲကဲ...မွေးနေ့ရှင်ကနေ စားစရာတွေ အများကြီးနဲ့ တည်ခင်းဧည့်ခံ ထားတယ်လို့ မှတ်ပြီး စားစရာရှိတာ စားသွားကြနော်..ဘာမှအားမနာနဲ့။း) ဘာပဲလိုလို ၊ဘာပဲစားချင်စားချင် မျက်စိမှိတ်ပြီး တလိုက်တာနဲ့ ဂူဂယ်လ်မှာ ရှိပါတယ်။ ရှာစားလိုက်ကြနော်။း)) အဟီးးး :P

Wednesday, May 12, 2010

မြင့်မြတ်သူတို့ရဲ့အလုပ်(သို့) မျက်နှာသုံးမျိုး

ဆရာတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)နှင့် ဆရာတော် အရှင်နေမိန္ဒာဘိဝံသ ဆရာတော် နှစ်ပါးတို့သည် ယခုလာမယ့် မေလ ၁၄၊ ၁၅ ၊၁၆ ရက်နေ့မှာ သိရီမင်္ဂလာကျောင်း(Portland Oregon)တွင် ဓမ္မမိတ်ဆွေ အပေါင်းတို့အား တရားတော်များ ဟောကြားချီးမြှင့်ပေး သွားမည်ဖြစ်ပါကြောင်းနဲ့ တရားပွဲတော်များအား http://livedhamma.com မှရုပ်သံတိုက်ရိုက် ထုတ်လွင့်ပေးမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးရင်းနဲ့ ကဲ...မိတ်ဆွေတို့ရေ..တူတူတရား နာရအောင် ဖိတ်ပါတယ်နော်။

နောက်ပြီး ဘုန်းဘုန်းရာဇိန္ဒ ရေးသားထုတ်ဝေတဲ့ ဒီဆောင်းပါးစာစုလေးနဲ့ ဘုန်းဘုန်းကိုလဲ ပူဇော်ပါတယ်။ ခုတစ်လော စိတ်ပင်ပန်း ဆင်းရဲမှုတွေကြောင့် ကိုယ့်မျက်နှာဟာလဲ အပူဓာတ်များ လွန်းနေတဲ့ အတွက် မကြည်လင်နိုင်ပါ။ ဒီလိုတွေ ဖြစ်နေတာ ကိုယ့်ကိုယ်ကိုယ် သိလို့မေတ္တာဓာတ် နဲ့ငြိမ်းချမ်းအောင် လုပ်ယူနေ ရပေမယ့် အချိန်တိုင်း မရဘူး၊ သတိလွတ်တာနဲ့ စိတ်အစဉ်က ရွေ့တာပဲ။ ဒေါသ၊ မာနက ထန်လာရော။ စိတ်ကဆတ်တဲ့ လူဆိုတော့ ပိုဆိုးတာပေါ့။ ဒါကိုသိတာနဲ့ ချက်ချင်းပြန်ပြင် ယူပါတယ်။ မသိစိတ်က တအားနေရာ ယူတဲ့အခါ အပူသည်ရုပ် ငြိမ်းချမ်းမယ့် တစ်နေ့ကို မျှော်လင့်ရင်း ကိုယ့်ကိုကိုယ် အမြဲမေတ္တာ ပို့ပါတယ်။ (မိမိကိုယ်က အေးချမ်းမှ တစ်ပါးသူကို အေးချမ်းမှု ပေးနိုင်မယ်လို့ ထင်လို့ပါ) ဘုန်းဘုန်းပြောတဲ့ နံပါတ်သုံး အမျိုးအစားထဲမှာ ပါနေတာကို နံပါတ်နှစ် အမျိုးအစားထဲ ပါအောင် လေ့ကျင့်နေပါတယ်။ မေးလ်ကတဆင့် ၀င်လာတဲ့ ဘုန်းဘုန်းရဲ့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက် ပါဦးနော်။

မျက်နှာ က သုံးမျိုးရှိပါတယ်။ ပူသည့် မျက်နှာရယ်၊ အေးသည့် မျက်နှာရယ် ၊မပူမအေး မျက်နှာ ရယ်ပါ ။ တစ်ချို့များ မျက်နှာ မြင်လိုက် ရရင်ပဲ သူ့မျက်နှာမှာ အအေးဓာတ်က အထင်းသား ပေါ်နေတာပါ။ မျက်နှာက ကြည်နေတာပါ။ သူတင်လား ဆိုတော့ မဟုတ်ပါဘူး။ မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။ ကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊ စိတ်ထား လေးတွေကောင်း နေမယ်ဆိုရင် အေးတဲ့ မျက်နှာကို ရနေတာပါ။

တစ်ချို့ကျတော့ မျက်နှာမြင်လိုက် ရတာနဲ့ သူ့မျက်နှာ မှာ အပူဓာတ်က အထင်းသား ပေါ်နေတာပါ။ မြင်ရတဲ့သူ ရင်ထဲကိုတောင် ပူချင်ပူ သွားတာပါ။ အကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ် ၊စိတ်ထားလေးတွေ ညံ့နေမယ်ဆိုရင် ပူတဲ့ မျက်နှာကို ရနေတာပါ။ စကားလုံး လှလှတွေ အမူအရာ ကောင်းကောင်းတွေနဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ထား နိုင်ပေမဲ့ မျက်နှာမှာတော့ ညာလို့မရပါဘူး။ အကုသိုလ် သိပ်များနေ တဲ့သူရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင်ကို မရှိပါဘူး။ မျက်နှာကြည့်ရုံနဲ့ သိပ်သိသာပါတယ် ။ ရုပ်လှတာ မလှတာ၊ အသာဖြူတာ၊ မဖြူတာနဲ့ လည်းမဆိုင်ပါဘူး။ မျက်နှာမှာကို အပူဓာတ်ကသိသာ ပေါ်လွင်နေတာပါ။

အကောင်းဆုံး အလှပြင်ဆိုင် ကိုသွားပြီး အကောင်းဆုံး ပြင်ထားဦးတော့ ၊ရင်ထဲမှာ အကုသိုလ်တွေ ရှိနေရင် စိတ်ထားတွေ ညံ့နေရင် အပူမျက်နှာပဲ ဖြစ်နေမှာပါ။ အအေး မျက်နှာကို မရနိုင်ပါဘူး။တစ်ချို့ကျတော့ တစ်ခါတစ်လေ ကုသိုလ်စိတ် ဖြစ်လိုက်၊ တစ်ခါတစ်လေ အကုသိုလ်စိတ် ဖြစ်လိုက် စိတ်ထား ကောင်းလိုက် စိတ်ထား ညံ့လိုက်နဲ့ အဲလို လူမျိုးရဲ့ မျက်နှာ မပူမအေး မျက်နှာပါ ။
စာဖတ်သူကော မျက်နှာသုံးမျိုးထဲက ဘယ်မျက်နှာ မျိုးထဲမှာ ပါပါသလဲ ။ စာရေးသူကတော့ တစ်ခါတစ်လေ ပူတဲ့ မျက်နှာဖြစ်လိုက် တစ်ခါတစ်လေ အေးတဲ့ မျက်နှာ ဖြစ်လိုက်နဲ့ပါ။ ပူတဲ့မျက်နှာ ဖြစ်နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိနေတာပါ။ အဲဒီ နေ့တွေများဆို ပရိတ်သတ်နဲ့ မတွေ့ချင်ပါဘူး။ အားနာလို့ပါ ။တွေ့ဖြစ်ခဲ့လျှင်လည်း အဆင်မပြေဖြစ် တတ်လွန်းလို့ပါ။ အအေးမျက်နှာ ရပြီဆိုရင်တော့ ဘယ်သူနဲ့ပဲ ဆက်ဆံဆက်ဆံ အစစအရာရာ အဆင်ပြေ နေတတ်ပါတယ်။

အမှန်တော့ ကိုယ့်မျက်နှာကိုယ် (မှန်ကြည့်သောအခါ) ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး အသေချာ ကြည့်ရင် သိသာပါတယ်။ တကယ်လို့ ကိုယ့်မျက်နှာဟာ ပူတဲ့မျက်နှာ ဖြစ်နေရင် ဘာမှအားငယ်စရာ မလိုပါဘူး ။ အေးတဲ့မျက်နှာ ဖြစ်အောင် ပြုပြင်ယူလို့ ရပါတယ်။ ကိုယ်က အေးတဲ့ မျက်နှာရှိချင် တဲ့သူဖြစ်ဖို့ ပဲလိုပါတယ်။ အေးတဲ့မျက်နှာ ဖြစ်ဖို့အတွက်တော့ လွယ်တဲ့ ကမ္မဋ္ဌန်း တစ်ခုခုကို အမြဲနှလုံးသွင်း နေလိုက်ရုံပါပဲ။ ခက်တဲ့ ကမ္မဋ္ဌန်းဆို မလုပ်ဖြစ်မှာ ဆိုးလို့ပါ။

ဥပမာ - နမောတဿ ကို အချိန်များများ ပွားနေလိုက်မယ် ဆိုရင်လည်း ရပါတယ်။ ထမင်းချက် ရင်းလည်း ပွားလို့ရတာပါ ပဲ။ ဈေးရောင်းရင်းလည်း ပွားလို့ရတယ်။ ဈေးဝယ်ရင်းလည်း ပွားလို့ရပါတယ်။ သွားရင်းလာရင်းလည်း ပွားလို့ရနေတာပါ ပဲ။နောက်ဆုံး ရေချိုးခန်း ၀င်ရင်းနဲ့လည်း ပွားလို့ရ နေတာပါပဲ။ တစ်ခါတစ်လေ မကောင်းတဲ့စိတ် တစ်ခုခုများ ၀င်ခဲ့ရင် ချက်ချင်းပဲ နမောတဿ ကိုးခေါက်၊ ဆယ်ခေါက်လောက် ပွားပစ်လိုက်ပါ။

မကောင်းတဲ့စိတ် ၀င်လိုက်တာနဲ့ နမောတဿ ပွားလိုက် နဲ့ ကြာလာတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဝင်မှုတွေ လျော့သွားပါလိမ့်မယ်။ မကောင်းစိတ်တွေ လျော့လျော့သွားရင် မျက်နှာက အပူဓတ်တွေပါ လျော့လျော့သွားတာပါ။ ပွားရင်း၊ ပွားရင်းနဲ့ မျက်နှာမှာ အအေးဓတ်က ပေါ်လာတာပါ။ အဲဒီအခါမှာ မှန်ထဲပြန်ကြည့်ရင် အအေးဓာတ်နဲ့ ကိုယ့်မျက်နှာကိုယ် ကျေကျေနပ်နပ်နဲ့ တွေ့ရတော့မှာပါ။ ပွားစမှာတော့ အအေးမျက်နှာကို ချက်ချင်း ရဦးမှာ မဟုတ်ပါဘူး။ ပွားတဲ့အထုံ ရက်ကလေး ကြာလာမှ ရလာမှာပါ။ ကိုယ်က အလုပ်တစ်ခု အနေနဲ့ ပွားနေဖို့ပါပဲ။ အအေးဓာတ် မျက်နှာရ သွားပြီဆိုရင် နေရထိုင်ရ တာကစ ပေါ့ပေါ့ပါးပါးကို ရှိသွားတော့တာပါ။
လောကရဲ့ သဘောအရ အေးတဲ့ မျက်နှာရှိတဲ့ သူကိုပဲ လူတွေက ဆက်ဆံချင် ကြတာပါ။ ပူတဲ့မျက်နှာ ရှိတဲ့သူကို အလုပ်သဘောအရ ဆက်ဆံရဦးတော့ မဆက်ဆံ ချင်ကြပါဘူး။ ကိုယ်က ဒီအကျိုးအပစ် လေးတွေကို အာရုံပြုပြီး အေးတဲ့မျက်နှာဖြစ်အောင် အသိနဲ့ပြုပြင် ယူရမှာပါ။ ပုထုဇဉ်တွေ ဆိုတော့လည်း အမြဲတမ်း အေးတဲ့မျက်နှာ ဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ ဒေါသကြောင့်ပဲ ဖြစ်ဖြစ် ဣဿာ မစ္ဆရိယ ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ မျက်နှာက ပူတဲ့မျက်နှာ ဖြစ်သွားတတ်ပါတယ်။ ကိုယ့်မျက်နှာ ပြောင်းလဲ သွားပြီဆိုတာနဲ့ ကိုယ်က သိလိုက်ဖို့ပါပဲ။ သိပြီးရင်ပြုပြင်ယူ သွားဖို့ပါပဲ။ ကိုယ်က အေးတဲ့မျက်နှာ ရထားရင် အနုပညာ အလုပ်ကိုပဲ လုပ်လုပ် ၊ဈေးပဲရောင်းရောင်း ၊ စာပဲသင်သင် ၊ ဆိုက်ကားပဲနင်းနင်း၊ ဘာစီးပွားရေး ပဲလုပ်လုပ် ကိုယ့်ရဲ့အလုပ်ကို အအေးမျက်နှာက အထောက်အပံ့တွေ ပေးနေတာပါ။
ဘာပဲပြောပြော ရင်ထဲမှာ အကုသိုလ် စိတ်တွေဖြစ်မနေအောင် လွယ်ကူတဲ့ ကမ္မဋ္ဌန်း တစ်ခုခုကို အမြဲ နှလုံးသွင်း နေဖြစ်ရင် အအေး မျက်နှာကို ရနေတာပဲလေ ။တကယ်တော့ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ရာထူး၊ အာဏာ၊ ငွေကြေး၊ အရာအားလုံးဟာ ဘာမှ မမြဲပါဘူး။ မမြဲတဲ့ သဘောတရားတွေကို မမြဲဘူးလို့ ကိုယ်ကသိ လိုက်ဖို့ပါပဲ။

အဲဒီမမြဲတာတွေကိုပဲ အမှီပြုပြီး လောဘ၊ ဒေါသ၊ ဣဿာ မစ္ဆရိယ၊ ဖြစ်နေတာကိုက သိပ်ပြီးရှက်ဖို့ ကောင်းတာပါ။ ပြီးတော့သေရင် ကိုယ့်နောက်ပါမှာ ကျနေတာပဲ။ မမြဲတဲ့ သဘောတရားကို သိတတ်တဲ့ ဥာဏ်ဓာတ်ဟာ နောက်ဘ၀ နောက်ဘ၀ တွေအထိလည်း အထုံဓာတ် ပါသွားမှာပါ။ နောက်ဘ၀ နောက်ဘ၀ မှာလည်း အထုံဓာတ်က ပါလာတာ ဆိုတော့ မမြဲတဲ့ သဘောတရားတွေကို သတိဥာဏ် ပွင့်ပြီး နောက်ဘ၀ နောက်ဘ၀တွေမှလည်း တရားတွေ အားထုတ် ဖြစ်ရဦးမှာပါ။ နောက်ဘ၀ နောက်ဘ၀ တွေမှာလည်း တရားတွေ အားထုတ်ဖြစ်ပြီး နေက္ခမ္မ ပါရမီ (နေက္ခမ္မ ပါရမီ ဆိုသည်မှာ လောဘ စတဲ့ အကုသိုလ် တရားတွေကို ကိုယ့် သန္တာန် မှာ မရှိအောင် လုပ်တာပါ ) ကိုလည်း ဆင့်ကာ ဆင့်ကာ ဖြည့်ကျင့် နေကြဦးမှာပါ။နေက္ခမ္မ ပါရမီတွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်လာပြီး ပါရမီတွေ ပြည့်လာတဲ့အခါ ဘ၀ရဲ့ တကယ့် ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရှိသွား တော့မှာပါပဲလေ။

မြင့်မြတ်သူ တို့ရဲ့ အလုပ် ရဝေနွယ် (အင်းမ) ဓမ္မ အမြုတေ စာစဉ် ၁၀ စာအုပ်၊ စာမျက်နှာ ၉၄ ~ ၉၉ မှ ထုတ် နုတ် ကူးယူ ပူဇော်ပါသည်။