Subscribe:

Friday, April 16, 2010

မှားလား

မှားလားတဲ့ ..ဟုတ်ပါတယ်။လောကကြီးမှာ လူတိုင်းမ မှားဘူးတာ ရှိကြမယ် မထင်ပါဘူး။ ဒါမို့လို့လဲ မမှားသော ရှေ့နေ မသေသော ဆေးသမားစတဲ့ စကားပုံတွေ ပေါ်ထွန်းလာတာ ဖြစ်ပါလိမ့်မယ်။ အဲ..အမှားဆိုလို့ အဆိုတော်တွေတောင် ဆိုထားတာ ရှိသေးတယ်။ ပလေးဘွိုင်း သန်းနိုင်ဖြစ်မယ် ထင်တယ်။ ဘာတဲ့... (မှားလားးး....တို့နှစ်ဦး ချစ်ကြတာ မှားလား.....ဘ၀ခြင်းက ဝေးကွာ ခြားနား .....)စတဲ့..စတဲ့ မှားတာတွေလဲ ရှိကြမှာပဲ နော်။ ဒါက ဆယ်ကျော်သက်တွေ ဖြစ်ကြတဲ့အမှား။

ဟော..ငယ်ငယ်တုန်းက ကလေးအရွယ်မှာ ကျောင်းစာတွေ လုပ်တဲ့အခါ ခဏခဏ မှားလွန်းလို့ မိဘဆရာတွေက
ခဲဖျက်တောင် ထည့်ပေးရတာ မဟုတ်လား။ အဟား....စာရေးသူတို့ ငယ်ငယ် ကျောင်းသူကျောင်းသား အရွယ်တုန်းကတော့ ပြောခဲ့တဲ့ စာဆိုလေးတောင် ရှိသေးတယ်။ ဘာတဲ့။ "ဆရာမှားရင် ဆောတီး၊ တပည့်မှားရင် ဗျောတီး" ဆိုပြီးတော့လေ။ တချို့လူကြီး မိဘတွေကြတော့ သူတို့မှားလုပ်၊ မှားပြောမိ တဲ့အခါ ငြိမ်နေတတ်ကြပြီး ကလေးတွေမှားပြော၊ မှားလုပ်မိ တဲ့အခါ ဆူကြတာလဲ ရှိပါတယ်။ အဲဒီအခါ "လူကြီးမှားတော့ ဆောရီး ၊ ကလေးမှားရင် ဗျောတီး" ဆိုပြီး ကလေးတွေက ပြောဆိုတတ် ကြပါတယ်။

ဒါဆို အမှားတွေကို ဘယ်လိုတွေ ပြုလုပ်မိတတ် ကြသလဲ။ မှားပုံမှား နည်းတွေတာ မတူရင် မတူကြမယ်။ ကလေးအစ လူကြီးအဆုံး အမှားလုပ်တတ် ကြတာတော့ လူတိုင်းပါပဲ။ တချို့က လုပ်ငန်းခွင်မှာ၊ တချို့က လူမှုရေးမှာ ၊ တချို့က စီးပွားရေးမှာ ၊ တချို့က အချစ်ရေးမှာ၊ တချို့က ဒေါသ၊ မောဟ၊ လောဘရမ္မက် စုံလင်စွာနဲ့ စသည်ဖြင့် အမှားတွေ ကျူးလွန်မိမယ်။


တချို့အမှားတွေက ပြင်လို့ရတဲ့ အမှားရှိသလို တသက်လုံး ဘယ်တော့မှ ပြင်လို့မရတဲ့ အမှားလဲ ရှိတယ်။သိသိကြီး နဲ့မှားတာ ရှိသလို ၊ မသိဘဲ မှားကြတာလဲ ရှိတယ်။ ဒီနေရာမှာ လောဘ၊မောဟ၊ ဒေါသဇောတွေ ကပ်နေရင် ဘာမှမမြင်ဘဲ မှားတတ်ကြပါတယ်။ မှားတယ်ဆိုရာမှာလဲ မိမိကိုယ်တိုင်ကြောင့်၊ တချို့ကတော့ အပေါင်းအသင်းကြောင့်၊ တချို့က ပတ်ဝန်းကျင်ကြောင့် မှားတတ်ကြပါတယ်။ ဘယ်လိုပဲ မှားမှား ၊ ဘာကြောင့်ပဲ မှားမှား ၊ လွန်လွန်ကျူးကျူး မှားတတ်တဲ့ အမှားမျိုး ဟုတ်မဟုတ်၊ မှားနိုင်မမှားနိုင်၊ မှားသင့် မမှားသင့်ကို မမှားခင်က ဝေဖန်ပိုင်းခြား သိနိုင်စွမ်း ရှိရမယ်။(ဆိုလိုချင်တာက ဘုန်းကြီးထိပ်ခေါက်ပြီးမှ ကန်တော့၊ကန်တော့ လို့ပြောတာထက် အဲဒီလို မလုပ်ခင်က သင့်ဧ။် မသင့်ဧ။် ဆိုတာကို ပိုင်းခြားဝေဖန် နိုင်ရမှာပါ။)

တချို့မှားကြတဲ့ အမှားက တဖက်သား ဘ၀ကို ထိခိုက်နိုင်လောက်တဲ့ အမှားမျိုး ဖြစ်တတ်ပါတယ်။ တချို့ကြတော့လဲ မတော်တဆ ပြုလုပ်လိုက်တဲ့ အမှားတခုကြောင့် တစ်ဘ၀လုံး ပေးဆပ်လိုက်ရတဲ့ အမှားမျိုးလည်း ရှိတတ်ပါတယ်။ တချို့ကြတော့လဲ မထင်မှတ်တဲ့ အမှားတစ်ခုကြောင့် အသက်ရှင်ရက်နဲ့ ဘ၀သေဆုံး နေကြတဲ့သူတွေ ရှိပါတယ်။ တချို့ကျတော့လဲ အမှားတစ်ခုကြောင့် ဘ၀ပါပျက် သွားရတဲ့ သူတွေ အများကြီးပါ။ တစ်ချို့ကျတော့လည်း ကိုယ်လုပ်လိုက်တဲ့ အမှားကြောင့် မိသားစုတစ်စု၊ အိမ်ထောင်စုတစ်ခုဖြင့် အသက်ပါ သေဆုံးကြရတာ ယနေ့တိုင် အထိပါပဲ။ တချို့ကြတော့လဲ မှားမှန်းသိရဲ့နဲ့ အဲဒီအမှားကိုပဲ ခုံမင်စွာ ဆက်လက်ပြုလုပ် မှားကြတာလဲ ရှိပါတယ်။

ဘယ်လိုအမှားမျိုးပဲ ဖြစ်ဖြစ် ၊ သိရဲ့နဲ့ ကျူးလွန်မိတဲ့ အမှား၊ မသိပဲ ကျူးလွန်မိတဲ့ အမှား၊ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း မိမိကိုယ်တိုင်နဲ့ ပတ်သတ် ဆက်နွယ်ပါတယ်။ ဘယ်သူမပြု မိမိမှု ဆိုသည့်အတိုင်း ကိုယ်ကိုတိုင်မှာ တာဝန်ရှိပါတယ်။ ဘယ်အမှား ပဲမဆို အားလုံးကို ဆင်ခြင်နိုင်မှ တော်ရာကျပါမယ်။ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာ သွားစေမယ့် အမှားမျိုးဆို ပိုတောင်ရှောင်ကြဉ် ရပါမယ်။

အမှားဆိုသည်မှာ ပြန်ပြင်၍ ရနိုင်သော အမှားနဲ့ ပြုပြင်လို့ မရနိုင်သော အမှားဆိုပြီး ခွဲခြားထား တယ်ဆိုတော့ အဲဒီအမှား တွေကရော ခွင့်လွတ်နိုင် စရာအမှားလား၊ ခွင့်မလွတ်နိုင်တဲ့ အမှားလား ။သိသိကြီးနဲ့ မှားတဲ့အမှား၊ မသိလို့ မှားမိတဲ့ အမှား ၊မတော်တဆနဲ့ မှားသွားတဲ့ အမှားတွေမှာ ဘယ်အမှားက ခွင့်လွတ်ဖို့ သင့်သလဲ လို့မေးရင်တော့ ၊ ဟုတ်ကဲ့။ သိသိကြီးနဲ့ ဆက်ပြီးမှားတဲ့ အမှားက ခွင့်လွတ်နိုင်စရာ အကြောင်းမရှိ ပါဘူးလို့ပဲ ဖြေရမှာပေါ့။ မသိလို့ မှားတဲ့အမှား တစ်ခုကို သိတဲ့အချိန်ကနေ စပြီးပြန်ပြင်ယူလို့ ရပါတယ်။ အဲဒီလို ပြုပြင်တဲ့သူကို လူတော်လို့ လူ့ပတ်ဝန်းကျင်မှ သတ်မှတ်ကြပြီး၊ ပြုပြင်တဲ့ သူတွေကို လူ့ပတ်ဝန်းကျင်မှာ ပြန်လည် လူတောတိုးနိုင်အောင် လက်တွဲ ခေါ်ယူနိုင် ရပါမယ်။ တဖန် အခွင့်အရေး ပေးသင့်ပါတယ်။ မှားမှန်းသိသိကြီးနဲ့ ဆက်ပြီး ပြုလုပ်တဲ့ အမှားကြတော့ ဘယ်လောက်ပဲ ပညာတတ်၊ ချမ်းသာနေပါစေ အလကား လူပါပဲ။ တဖန် လူမိုက်လို့ ဆိုထိုက်ပါတယ်။

ခွင့်လွတ်ထိုက်တဲ့ အမှားနဲ့ ခွင့်မလွတ်ထိုက်တဲ့ အမှားဆို ရာမှာလည်း သတ်မှတ်ထားတဲ့ ဥပဒေ စည်းမျဉ်း၊ ဘာသာရေးကျင့်ဝတ်၊ လူမှု့ရေး ကျင့်ဝတ်၊ စတာတွေနဲ့ တိုင်းတာပြီး တစ်ခုနဲ့ တစ်ခုဆက်စပ်လျှက် ရှိနေပြန်ပါတယ်။ တချို့အမှားက ဥပဒေက(မည်သို့အကြောင်းကြောင့်) ခွင့်လွတ်လိုက်ပေမယ့် လူမှုရေး စည်းမျှဉ်းအရ ခွင့်လွတ်ထိုက်စရာ မရှိပါဘူး။ လူမှုရေး စည်းမျှဉ်းအရ ခွင့်မလွတ် နိုင်ရင်လည်း ဘာသာရေး စည်းမျှဉ်းအရ ခွင့်လွတ်နိုင်စရာ မရှိပါဘူး။ တစ်ခါ ဒီနေရာမှာလည်း လူမှုရေးနဲ့ ဘာသာရေးက အရမ်းနီးစပ်ပါတယ်။(ဒါက စာရေးသူအမြင်၊ သဘောထား ကွဲလွဲနိုင်ခွင့် ရှိပါသည်)။

ဒါဆို သင်ရော ငယ်စဉ်ကလေး ဘ၀ကစပြီး အခုချိန်ထိ အမှားတွေ ဘယ်လောက်လုပ်ခဲ့ မိဘူးလဲ ။ငါလုပ်ခဲ့မိတဲ့ အမှားတွေက သူတစ်ပါးအပေါ် သွယ်ဝိုက်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ထိခိုက်စေခဲ့သလား၊ ငါ့အမှားကြောင့် လူဘယ်နှစ်ယောက် ထိခိုက်ခဲ့သလဲ၊ ဆိုတာကို ညအိပ်ရာဝင်တိုင်း နဖူးပေါ် လက်တင်ပြီး စဉ်းစားမိဖူး ခဲ့ရဲ့လား။ သူတပါးအပေါ် ထိခိုက်အောင် မလုပ်တဲ့ အမှားဆိုရင် ချစ်စရာ အမှားလေးတွေပါ။ ကိုယ့်ကြောင့် သူတစ်ဖက်သား ထိခိုက်နစ်နာမှု မဖြစ်ရင်တော့ အကောင်းတကာ့ အကောင်းဆုံးပေါ့ရှင်....နော့်။

မမှားဘူးသော ရှေ့နေ၊ မသေဖူးသော ဆေးသမား ဆိုသည့်အတိုင်း လူတိုင်းအမှားနဲ့ မကင်းကြဘူး။ လူသားတိုင်း ချစ်စရာ အမှားလေးတွေဖြင့်သာ ဘ၀မှာ မှားနိုင်ကြပါစေ။ မှားခဲ့မိတိုင်းကိုလည်း ခွင့်လွတ်နိုင်သော သူဖြစ်နိုင်ကြပါစေ။

ဒီပို့စ်ထဲက အမှားတွေ အကြောင်းကို ဖတ်ပြီး မှားပါတယ် မက်မက်ရယ်လို့ တွေးနေပြီး မက်မက်ရော အမှားနဲ့ ကင်းရဲ့လား လို့ ပြန်မေးရင် ဟုတ်ကဲ့ အခုစာရေးသူ မက်မက်လဲ အမှားနဲ့ မကင်းပါဘူး။ တစ်ခုမဟုတ် တစ်ခုကို အမြဲလိုလို အလွဲလွဲ အချော်ချော်နဲ့ ယနေ့တိုင် မှားနေပါသေးတယ်။ ဒါပေမယ့် ချစ်စရာ အမှားတွေပါနော်။

အဟားး..အမှားဆိုလို့ ဂျီတော့ခ်မှာ အာဝါးးးးးတောင် မှားပေးမိတဲ့ အဖြစ်ကလဲ ရှိသေးတယ်။ အကြောင်းသိ စင်္ကာပူက ဘလော့င်္ဂါ သူငယ်ချင်းတွေ ရူး......တိုးတိုးနေနော်။ ဘယ်ရိုမွှား ဒါရဲချိုဒါ အဒူမှပေါနဲ့... အာဝါးးအမြှောက် တစ်သိန်းပေးမယ်နော်......အဟား...ကျေနပ်လား......မှားပါတယ် မက်မက်ရယ်တော့ မလုပ်နဲ့နော်....ဒါဗြဲ......) :P

နှစ်ဟောင်းမှာ တနှစ်တာလုံး ပြုလုပ်ခဲ့တဲ့ အမှားတွေ ၊ ဆိုးပေတေခဲ့ သမျှတွေ၊ နိမ့်ကျခဲ့ သိမ်ဖျင်းခဲ့ မိတဲ့ စိတ်ဓာတ်တွေ၊ ကြုံခဲ့သမျှ ဘေးဆိုးတွေ ၊ မကောင်းသောကံတွေ ၊ အငြိုးအာဂါတတွေ ၊ အမုန်းတွေ စတဲ့ နှစ်ဟောင်းမှာ ကြုံခဲ့ဆုံခဲ့သမျှ မကောင်းသော အရာဟူသမျှ သင်္ကြန်ရဲ့ နောက်ဆုံး အတက်နေ့မှာ အားလုံးထားခဲ့ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ် ဘ၀သစ်နဲ့၊ ကံကောင်းခြင်းတွေ ခညောင်းရောက်ရှိပြီး ဘေးဘရာ ကင်းကွာ၍ မြင့်မြတ်သော စိတ်ထားဖြင့် ဘ၀ပန်းတိုင်ကို ဆက်လက်ချီတက် နိုင်ကြပါစေလို့ သင်္ကြန်အတက်နေ့မှာ တောင်းဆုပြုရင်း အမှတ်တရ ရေးသားလိုက်ရပါတယ်။

(သင်္ကြန်တွင်းမှာ ကံကုန်၍ သေဆုံးသည်ပဲ ဖြစ်ဖြစ် သေကံရှိလို့ သေဆုံးတာပဲ ဖြစ်ဖြစ် ၊အကြတ်နေ့မှာ မတော်တဆ သေဆုံးခဲ့သူတွေလည်း ဒီဘ၀ ဒီနှစ်မှာပါ ၀ဋ်ကြွေးတွေ ပြေပျောက်ပါစေ ၊ ဘ၀ဆက်တိုင်းမှာ ဒီလိုအဖြစ်ဆိုး၊ ဥပါဒ်ဆိုးမှ ကင်းဝေးပါစေ)



Tuesday, March 30, 2010

အာဝါးမက်မက် ပြန်လာပြီ

လူမူရေး စီးပွားရေးမှာ အခက်အခဲတွေ နဲ့စိတ်ရှုတ်နေတုန်း ဘလော့မှာေ၇ာ ဂျီတော့ခ်မှာရော သူငယ်ချင်း မောင်နှမတွေရဲ့ အားပေးမှုက မက်မက်အတွက် တကယ့်ကို အားဆေးတခွက် ဖြစ်ခဲ့ပါတယ်။ ခုတလော မက်မက်ရဲ့ သူငယ်ချင်း မောင်နှမတွေကို စိတ်ပူအောင် လုပ်ခဲ့သလို ဖြစ်သွားတယ်။ဝမ်းနည်းနေချိန်မှာ အားပေးစကား ပြောတဲ့သူတွေ အားလုံးကို တကယ်ကျေးဇူး တင်ပါတယ်။ စိတ်ပူအောင် အပူအပင်တွေ ပေးခဲ့မိတဲ့သလို ဖြစ်သွားတဲ့အတွက် တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ် ။ မောင်နှမတွေ စိတ်ပူမှာစိုးလို့ နောက်နောင် မက်မက်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေ၊ အဆင်မပြေ မှုတွေကို အတတ်နိုင်ဆုံး ဘလော့မှာ လုံးဝမတင်တော့ပါဘူး။ အမြဲတမ်း ပျော်ပျော်ပဲ ပြန်နေတော့မယ်လို့ ကတိပေး ပါတယ်နော့်။ ပို့စ်တွေလဲ တင်နိုင်အောင် ရေးပါ့မယ်။ အဟား.....အားဝါးးးးမက်မက် ပြန်လာပါပြီ။ အားလုံးကို အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အင်ဖနတီ အထိပါနော်......

Sunday, March 14, 2010

စနေဂြိုလ်(သို့မဟုတ်)၀ဋ်ကြွေးတစ်ခု

စနေဂြိုလ်ထဲ ရောက်နေတဲ့ မက်မက် စနေဂြိုလ်ဆိုး ခတ်သွားတာ ခံရလို့ အစိတ်စိတ် အမွှာမွှာ ကွဲသွားတဲ့ ဘ၀လေးကို တစီစီ ပြန်ကောက်ပြီး နလန်ပြန် ထူနိုင်အောင် ကြိုးစားလိုက်ပါဦးမယ်။

တစ်ခုသော ဘ၀သံသရာက ပြုလုပ်ခဲ့တဲ့ မကောင်းတဲ့ကံဧ။် အကျိုးဆက်ကို ယခုဘ၀မှာ ၀ဋ်ကြွေးအဖြစ် ပေးဆပ်လိုက် ရတယ်လို့ သတ်မှတ်ပါတယ်။ ၀ဋ်ကြွေးရှိ ခဲ့ပါကလဲ ဒီနေ့ဒီရက်မှ စ၍ကြေပါစေတော့။

တချိန်ချိန်မှာတော့ ခံစားရသမျှကို စာစီပြီး ပြောပြမှာပါ။ ခုတော့ ခံစားချက်တွေ ပြောပြချင်ပေမယ့် စကားလုံးတွေက ပါးစပ်ထဲက ထွက်မလာတော့လို့ ရင်ဘတ်နဲ့သာ ဖတ်သွားပေးပါ။

ဒီပို့စ်မှာ ဘာမှမရှိဘူးလို့ ဆိုပေမယ့် ရင်နဲ့အမျှ နေ့တိုင်းခံစား ရတာတွေကို ရင်ဘတ်နဲ့ရင်းပြီး မျက်ရည်များနဲ့ ရေးထားပါတယ်။ ရင်ဘတ်တူ တဲ့သူတိုင်း မက်မက် ရေးထားတာကို ဖောက်ထွင်းပြီး မြင်နိုင်၊ ခံစားနိုင်မှာပါ။ :'(


Sunday, March 7, 2010

နှင်းဆီဖြူနှင့် အရုပ်ကလေး

ဒီကနေ့ အလုပ်နားတာနဲ့ လိုအပ်တာတွေ ၀ယ်ဖို့ ကုန်တိုက်တစ်ခု ကိုထွက်လာ ခဲ့ပါတယ်။ "စိတ်မကောင်းပါဘူး ကလေး ဒီအရုပ်ကို မင်းဝယ်ဖို့ မင်းရဲ့ ငွေမပြည့်ဘူး။ "ဟု ကျွန်မ အနားမှ ၅နှစ်၆နှစ်အရွယ် ကလေးတစ်ယောက်ကို အရောင်းစာရေးမမှ ပြောနေသံကို ကျွန်မကြား နေရပါတယ်။

ဒါနဲ့ အဲဒီကလေးက ကျွန်မဘက်ကိုလှည့်ပြီး " အန်တီ တကယ်ပဲ သားမှာ ငွေမပြည့် ဘူးလားလို့ အားကိုးတကြီးနဲ့ အကူအညီ တောင်းပြီး ရေတွက်ခိုင်းပါတယ်။ ဒါနဲ့ ကျွန်မလဲ ကလေးရဲ့ ပိုက်ဆံကို ရေတွက်ကြည့်ပြီး "ဟုတ်တယ်ကလေး ၊ မင်းမှာ ဒီအရုပ်ကို ၀ယ်ဖို့ငွေ မပြည့်ဘူး၊"လို့ပြောပြီး ကျွန်မလဲ လိုအပ်တာတွေ ၀ယ်ယူဖို့ ဟိုဟိုဒီဒီ လိုက်ကြည့်နေရင်း ငွေမပြည့်တာ သိပေမယ့် အရုပ်ကလေးကို လိုချင်လို့ လက်ထဲမှာ ကိုင်ထားတဲ့ ခုနက ကလေးရှိသေးတာ တွေ့ရတော့ သူ့ဆီကျွန်မ လျှောက်သွားလိုက်ပါတယ်။

"သားက ဒီအရုပ်ကလေးကို ဘယ်သူ့ပေးဖို့လဲ"

"သားအစ်မကို လက်ဆောင် ပေးဖို့ပါ အန်တီ။ သူက ဒီအရုပ် ကလေးကို အရမ်းချစ်ပြီး လိုချင် နေခဲ့တာ ကြာပါပြီ။ ဒါကြောင့် သားက သူ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ၀ယ်ချင်တာ။ သားအမေကနေ တဆင့်သား အစ်မကို ပေးခိုင်းမလို့ပါ။"

ကလေးကပြောရင်း သူ့မျက်ဝန်းမှာ ၀မ်းနည်းလာကာ "သားအစ်မက ဘုရားသခင် အနားမှာ ရောက်နေတာပါ။ မင်းအမေလဲ မကြာခင်မှာ ဘုရားသခင်ကို သွားတွေ့တော့မယ်လို့ သားအဖေကလဲ ပြောပါတယ်။ ဒါကြောင့် အမေကို ဒီအရုပ်လေး ယူသွားခိုင်းပြီး သားအစ်မကို ပေးခိုင်းမလို့ပါ။

အဲဒီချိန်မှာ ကျွန်မရင်ထဲမှာ ဆို့နစ်စွာ ခံစားလိုက် ရပါတယ်။ ကလေးငယ်က ကျွန်မကိုကြည့်ပြီး ဆက်ပြောနေပါတယ်။
"ခုတောင် အမေ့ကို ချက်ချင်း မသွားခိုင်းပဲနဲ့ သားကုန်တိုက်ကနေ ပြန်လာတဲ့ အထိစောင့် နေပေးဖို့ သားအဖေ့ကို မှာခဲ့တယ်လို့ ပြုံးရွှင်ရယ်မောစွာ သူ့အမေနဲ့ ရိုက်ထားတဲ့သူ့ ဓာတ်ပုံလေးကို ထုတ်ယူပြီး ကျွန်မကို ပြနေလေရဲ့။ သားနဲ့အမေ အတူရိုက်ထားတဲ့ ဓာတ်ပုံကို အစ်မ တွေ့တဲ့အခါ သားကိုသူ မေ့မသွားပဲ အမြဲသတိ ရနေမှာ။"

"သားအမေ့ကို သိပ်ချစ်တယ်။ သားအမေနဲ့ မခွဲနိုင်ဘူး။ ဒါပေမယ့် အစ်မဆီကို အမေကလိုက် သွားရတော့ မယ်လို့ အဖေက ပြောတယ်"လို့ အရုပ်ကလေးကို ၀မ်းနည်းစွာနဲ့ ကြည့်ပြီး ပြောနေပါတယ်။

ကျွန်မ ၀မ်းနည်းစွာ ခံစားလိုက်ရပါတယ်။ ကျွန်မ သူ့ကို ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားရင်း ကလေးငယ်လေးရဲ့ ပုခုံးကို ကိုင်ထားတဲ့ ကျွန်မလက်က ပိုက်ဆံအိတ်ဆီ တိတ်တဆိတ် ရောက်သွားပါတယ်။

"သား နောက်တခေါက်လောက် ဒီပိုက်ဆံတွေကို ရေတွက်ကြည့် ရအောင်နော်။ မတော်တဆ ငွေပြည့်နေတာကို မသိဘဲ အန်တီတို့ ရေတွက်တာ မှားတာလဲ ဖြစ်နိုင်တာပဲ။ အန်တီ နောက်တခေါက် ထပ်ရေကြည့်မယ်နော်။"

"ဟုတ်ကဲ့ အန်တီ။"

ကျွန်မ ကလေးငယ် မမြင်အောင် အသာလေး ငွေဖြည့်လိုက်ပါတယ်။ ပြီးတော့ သူ့အရှေ့မှာ ရေတွက်ပြလိုက်ပါတယ်။

"ဟာ...သား...အရုပ်ဝယ်ဖို့ ငွေလုံလောက် နေတဲ့အပြင် ပိုတောင်ပိုနေ သေးတာပဲ" လို့ပြောလိုက်တော့ ကလေးငယ်လေးက ၀မ်းသာစွာနဲ့ "ဘုရား သခင်က လုံလောက်တဲ့ငွေ ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတော် တင်ပါတယ်" လို့ပြောရင်း ကျွန်မကို ကြည့်ကာ

"သား အမေသွား တဲ့အခါ အစ်မအတွက် အရုပ်လေး ယူသွားဖို့ သားဆုထား တဲ့ငွေနဲ့ လောက်ငှစွာနဲ့ အရုပ်လေး ၀ယ်နိုင်ရ ပါလိုဧ။်လို့ ဘုရားသခင်ဆီမှာ သားညတုန်းက မအိပ်ခင် ဆုတောင်းခဲ့တယ် အန်တီ။ ဘုရားသခင်က သားဆုတောင်း တာကြားလို့ ပြည့်အောင် လုပ်ပေးတယ်။ သားအမေ အတွက်လဲ သူအရမ်းကြိုက်တဲ့ နှင်းဆီပန်း အဖြူလေးကို ၀ယ်ပေးချင်ပေမယ့် သား လောဘကြီးသလို ဖြစ်နေမှာဆိုးတဲ့ အတွက် ဘုရားသခင်ဆီမှာ ဆုအများကြီး မတောင်းရဲဘူး ။ ဒါပေမယ့် အခု အရုပ်လေးနဲ့ နှင်းဆီပန်းကို ၀ယ်ဖို့ ငွေလုံလောက်စွာ သူပေးခဲ့တယ် သားဆုတောင်း ပြည့်သွားပြီး အန်တီ"

လို့ဝမ်းသာစွာ ပြောပြီး နှုတ်ဆက်ထွက် ခွာသွားတဲ့ ကလေးငယ်လေးကို ကျွန်မပြုံးပြခါ ငေးကြည့်ရင်း လိုအပ်တာတွေကို ဆက်လက်ဝယ်ယူ နေလိုက်ပါတယ်။ဈေးဝယ်ရင်း ကလေးငယ်လေး ပြောပြသွားတဲ့ အကြောင်းကို စိတ်ကရောက်သွားရင်း ရုတ်တရက် ကျွန်မသတိရ သွားလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က သတင်းစာထဲမှာ အရက်မူးပြီး မောင်းနှင်လာတဲ့ ကုန်ကားတစ်စီးနဲ့ တဖက်မှ မိသားတစု မောင်းနှင်လာတဲ့ ကားတစီး တိုက်မိတဲ့ သတင်းကို ဖော်ပြထားပါတယ်။ ကားပေါ်ပါလာတဲ့ မိန်းမငယ်လေး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်းနဲ့ မိခင်ဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သတိလုံးဝ မလည်တော့ဘဲ မေ့မြောနေရာ သတိပြန်လည် ရရှိဖို့ Life-Sustaining Machine နဲ့ အသက်ကို ဆွဲထားရပြီး အရေးပေါ် ကုသမှု ခံယူနေကြောင်း ဖတ်လိုက်ရတာကို သတိသွား ရလိုက်တော့ ဒီကောင်လေးက အဲဒီမိသားစု ၀င်ထဲက ကျန်ရစ်ခဲ့တဲ့ ကလေးများလား? လို့ စဉ်းစားမိ လိုက်ပါတယ်။

အခက်အခဲနဲ့ တွေ့ကြုံနေတဲ့ အဲဒီကလေး ငယ်လေးနဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ရက် လောက်ကြာတော့ ကျွန်မသတင်း စာဖတ်နေရင်း အမျိုးသမီး သေဆုံးသွားကြောင်း သတင်းတွေ့ ရပါတယ်။

ကျွန်မဘယ်လိုမှ ခံစားလို့ မရတော့ လောက်အောင် ၀မ်းနည်းပြီး အဲဒီအမျိုးသမီးရဲ့ အသုဘကို သွားဖို့ ပန်းစည်းတစည်း ၀ယ်ကာ အမျိုးသမီးရဲ့ ရုပ်အလောင်း ထားရှိရာ သုင်္သာန်သို့ ချက်ချင်းထွက် လာခဲ့ပါတော့တယ်။ အမျိုးသမီးကို မီးမရှို့ခင် နောက်ဆုံးနှုတ်ဆက်ဖို့ ၀တ်ပြုဆုတောင်း နေကြတဲ့ လူတွေအနား ကျွန်မ ရောက်ရှိ သွားပါတယ်။

အခေါင်းထဲမှာ သူမ သားငယ်လေး ၀ယ်ပေးလိုက်တဲ့ အရုပ်လေးက သူမရဲ့ ရင်ဘတ်ပေါ် မှာနေရာယူရင်း လှပတဲ့ နှင်းဆီပန်းဖြူ ပန်းစည်းနဲ့ ဓာတ်ပုံလေး တစ်ပုံကို ကိုင်ထားတဲ့ အမျိုးသမီး အလောင်းကို တွေ့ရတဲ့အခါ ကျွန်မရင်ထဲမှာ ဆို့နစ်စွာ ခံစားလိုက်ရပြီး ငိုမိပါတယ်။

ကျွန်မရဲ့ အတွေးထဲမှာတော့ ကလေးငယ်လေးဟာ သူချစ်တဲ့ အမေနဲ့ အစ်မတို့နဲ့ တူတူရှိ နေတယ်လို့ စိတ်ကူးယဉ် မြင်ယောင်နေမိပါတယ်။ ဒါပေမယ့် ခုတော့ မြင်ယောင်နေတဲ့ ဒီစိတ်ကူးထဲက ပျော်ရွှင်နေတဲ့ မိသားစုကို မျက်စိတမှိတ် စက္ကန့်လေး အတွင်းမှာ အမှုးလွန်ပြီး မောင်းလာတဲ့ ကားဒရိုင်ဘာက ကျန်ရစ်ခဲ့သူ သားငယ်လေးဆီမှ ယူဆောင်သွား လိုက်ပါပြီ။ ကျွန်မ ဆို့နစ်ကြေကွဲစွာ ထပ်တူခံစား လိုက်ရပါတယ်။

လွန်ခဲ့တဲ့ သုံးရက်လောက်က စင်္ကာပူနိုင်ငံ Pioneer North နဲ့ Jurong အနီးတ၀ိုက်မှာ ည9.00 နာရီလောက်က ဖြစ်ပွားခဲ့တဲ့ အသက် ၅၂ အရွယ်ရှိ မြန်မာဦးလေးကြီး တစ်ယောက်မောင်း လာတဲ့ကားဟာ မီးပွိုင့်နားက ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လာနေတဲ့ အသက်၄၇ နှစ်အရွယ်ရှိ စင်္ကာပူ လူမျိုး တရုတ်မ တစ်ယောက်ကို ပလက်ဖောင်းပေါ် ၀င်တိုက်ခဲ့မိတဲ့ အဖြစ်ပျက်လေးကို နားထောင်ရင်း ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ အဲဒီမြန်မာဦးလေးကြီး ကတော့ အလုပ်ကို နေ့မအိပ် ညမအိပ် မနားမနေ အလုပ်လုပ်ပါတယ်။

အိပ်ပျက်တာတွေ များလာတော့ ကားမောင်းရင်း တချက်လေးငိုက် သွားတာကြောင့် ဖြစ်သွားတာပါ။ စင်္ကာပူအာဏာပိုင် တွေကတော့ အရက်သောက် ပြီးမောင်းတာ မဟုတ်တဲ့ အတွက်ကြောင့် ပြစ်ဒဏ်တော့ လျှော့ပေါ့ပေးမယ်လို့ ထင်တာပဲလေ။

ဒါကြောင့် ကားမောင်းအခါ သင့်အိမ်ပြန်ချိန်ကို သင့်မိသားစုက စောင့်စားနေ တယ်ဆိုတယ် မမေ့ပါနဲ့၊ ဘာမဟုတ်တဲ့ စက္ကန့်လေး အတွင်းမှာ မိသားစု တစ်စုဆုံးရှုံး ပျက်စီးသွား ရတာကြောင့် ကားမောင်းတဲ့ အခါမှာ မူးရင်လဲ မမောင်းနဲ့ မောင်းရင်မမူးပါနဲ့၊ အိပ်ငိုက်နေရင်လဲ မမောင်းတာ အကောင်းဆုံးပါပဲ ။ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူခံစားရင်း ဒီပို့စ်လေးကို ဘာသာပြန်ရေး သားလိုက်ပါတယ်။


Friday, January 8, 2010

မမြင်နိုင်သောမျက်ရည်

ကိုယ့်ဘ၀ ကိုယ့်အကြောင်း
ကိုယ့်စိတ်ကိုယ်သာကိုယ်သိသမို့
ငါတယောက်ထဲ ကြိတ်ငိုနေတာကို
နင်လေသိမလား...

အရာအားလုံး မပြေလည်တာတွေ များတဲ့ငါ
အားပေးမယ့်သူ ဝေးလို့
ကံကြမ္မာကလဲ အခွင့်မပေးခဲ့ဘူး။

ဘ၀ဆိုတာ
ချိုတစ်ခါ ခါးတလှည့်
သိနေပေမယ့်လဲ
မာသလိုနဲ့ ပျော့နေတဲ့ငါ့စိတ်
ငါကိုယ့်ငါ အစိုးမရလို့
ဝမ်းနည်းမှုတွေကို ခါးစောင်းတင်ခါ
ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တယ်။

စိတ်ချမ်းသာ ပျော်စေချင်တဲ့ ငါ့ရင်ထဲကို
မာန်ရိုင်းတွေက ရစ်သီရစ်သီလုပ်တော့
စိတ်မစာမကြေ၊ မြင်သမျှ
ခါးသည်းလို့ အံတုခါ
ခ၀ါချနိုင်ပေမယ့်
ခုဆိုငါအားလုံးနဲ့ ဝေးရာမှာ........

ငါသိပ်ပျော်တယ်၊
ဟုတ်တယ်၊ ငါသိပ်ပျော်နေတယ်။
ဒါပေမယ့် မျက်ဝန်းမှာ
မမြင်နိုင်တဲ့ မျက်ရည်တွေနဲ့။


ခုတလော အလုပ်ကလဲ သိပ်အဆင်မပြေ၊ စိတ်ဓာတ် တွေကကျနဲ့ အရာအားလုံး အဆင်မပြေတာတွေ များနေတော့ကိုယ့်ကို အပေါင်းအသင်းတောင် လုပ်ချင်တဲ့ သူတောင် မရှိသလောက် ပါပဲလို့တောင် တစ်ခါတစ်ခါ အားငယ်တဲ့ အချိန်မှာ ခံစားရတယ်။ အဆင်မပြေ တာတွေကြောင့် အရာရာကို စိတ်အားငယ် ပေမယ့်လဲ ဘ၀ဆိုတာ ဒီလိုပါပဲလေ....နော်...လူတိုင်းမှာ အခက်အခဲ ဆိုတာတော့ ရှိကြစမြဲပါ။ ဒါတွေကို သင်ခန်းစာယူပြီး အထက်ကို တက်လှမ်းနိုင် ရမှာပေါ့လို့ ကိုယ့်ကိုကိုယ် အားပေးခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ အဖက်ဖက်က စိတ်ညစ်နေတဲ့မက်မက် အလုပ်အသစ်ကို ရှာခဲ့တာ အခုဆိုရင် ၈၀% အောင်မြင် သွားပါပြီ လို့ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာပါတယ်။ ပျော်ပါတယ်။


Sunday, January 3, 2010

ယောက္ခမနှင့်ချွေးမ



လီလီဆိုတဲ့ အမျိုးသမီးလေးဟာ မင်္ဂလာဆောင်ပြီးတော့ ထုံးစအရ ယောင်နောက် ဆံထုံးပါပြီး ယာင်္ကျားဖြစ်သူရဲ့ အိမ်မှာ လိုက်နေရတဲ့အခါ လီလီနဲ့ သူ့ယောက်ခတို့ဟာ တအိမ်ထဲမှာ မတည့်အတူနေ တစောင်းစေးနဲ့ မျက်ချေးဖြစ် ခဲ့ရတယ်။ လီလီဟာ ယောက်ခမ ဖြစ်တဲ့သူရဲ့ အပြုအမူတွေ ဘယ်လိုမှ သည်းမခံ နိုင်ခဲ့ပါဘူး။

တနေ့တနေ့ ယောက်ခမနဲ့ စကားများရန်ဖြစ် နေရတာတွေ နဲ့ပဲ အချိန်တွေ ကုန်လွန်ခဲ့ရပြန်တယ်။ ဒီတော့ မိသားစုရဲ့ ပျော်ရွှင်မှု ဆိုတာကို လီလီရော ၊ သူ့ယောင်္ကျားရော ၊ ယောက်ခမ ဖြစ်သူပါ မခံစားကြရရှာဘူး။ တဖက်ကလဲ အင်မတန်ချစ်ရတဲ့ မိန်းမ၊ တဖက်လဲ ကိုယ့်ကိုမွေးထားတဲ့ မိခင် ဆိုတော့ လီလီယောင်္ကျားဟာ အဘယ်မှာ စိတ်ချမ်းသာခြင်း ရှိပါ့မလဲ။ မိသားစုတွေ ဒီလို မပျော်မရွှင် ဖြစ်နေတာကိုတွေဟာ စကားများ ရန်ဖြစ်နေတာတွေက လီလီယောင်္ကျားကို အကြီးမားဆုံး စိတ်ဖိစိမှု ခံစားစေရတာပေါ့။

တနေ့တော့ လီလီလေးဟာ ဘယ်လိုမှ ယောက်ခမရဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး တိုင်းရင်းဆေးခန်း ဖွင့်ထားတဲ့ သူမအဖေ သူငယ်ချင်း ဖြစ်သူ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့တယ်။ သူမရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ပြောပြတယ်။ လူကိုသေစေမယ့် ဆေးရှိရင်လဲ သူမကို ကူညီတဲ့ အနေနဲ့ ပေးဖို့ကိုပါ တောင်းဆိုလိုက်တယ်။ သူမရည်ရွယ် ချက်ကတော့ သူနဲ့နေ့တိုင်း ရန်ဖြစ်နေရတဲ့ သူ့ယောက်ခမ ကိုသတ်ပစ်ဖို့ပေါ့။

သမီးလီလီ ၊ သမီးရဲ့ အိမ်ထောင်ရေး ပြသနာကို အန်ကယ်လ်ဖြေရှင်း ပေးပါ့မယ်။ ဒါပေမယ့် သမီးတစ်ခုတော့ အန်ကယ်လ်ကို ကတိပေးရမယ်။ အန်ကယ်လ်ရဲ့ စကားကိုလဲ နားထောင်ရမယ် ၊ လိုက်နာရမယ်။ ဘယ်လိုလဲ သမီး။

သူ့ကိုသေအောင် လုပ်နိုင်မယ့် ဆေးနည်းသာ ပေးမယ်ဆို အန်ကယ်လ် ပြောသမျှကို သမီးလိုက်နာပါ့မယ် အန်ကယ်လ်။

ဒါနဲ့ မစ္စတာဟွမ်းဟာ အခန်းထဲကို ၀င်သွားပြီး မိနစ်အငယ် အတွင်းမှာ ပြန်ထွက်လာခဲ့တယ်။

သမီးလီလီ မင်းယောက်ခမကို အဆိပ်ခပ်သတ်ပြီး ပထုတ်ဖို့ အလျင်မလိုပါနဲ့။ သူတပါး သံသယ ၀င်နိုင်ပါတယ်။ ဒီတော့ အန်ကယ်လ်မင်းကို နံပါတ်စဉ်လိုက် ဆေးညွှန်းပေးလိုက်မယ်။ ဒါဟာ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်နည်းနည်းချင်းဆီကို ထည့်သွင်းတာပဲ။ ဒီတော့ နေ့တိုင်း ဟင်းထဲမှာ နဲနဲချင်းဆီ ခပ်ပြီး ယောက်ခမကို ကျွေးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်သူမှ မင်းကိုသံသယ မ၀င်နိုင်ဘူး။

သူ့ကို အစားအစာ ကျွေးတဲ့အခါမှာလဲ ဘာမှမဖြစ်သလို နဲ့ သေချာဂရုစိုက်ပြီး ကျွေးပါ။ သူနဲ့အပြိုင် ရန်မဖြစ်ပါနဲ့။ သူဘာပဲပြောပြော သူ့စကားကို လိုက်နာပါ၊ သူ့ကို မင်းသမီး တပါးလို ဆက်ဆံပါ။ သူဘာပဲ ပြောပြော သူ့ကိုပြိုင် မငြင်းနဲ့။ ဒါဆို သမီးဆန္ဒ အတိုင်း တနေ့ ဖြစ်လာလိမ့်မယ်။

လီလီတစ်ယောက် အရမ်းပျော်ရွှင် သွားခဲ့ရပါတယ်။ မစ္စတာဟွမ်းကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောရင်း သူမစိတ် ထဲမှာတော့ ယောက်ခမကို သတ်ဖို့အကြံ အစည်ဟာ အောင်မြင် တော့မယ်လို့ စိတ်ကူးနဲ့ အိမ်ကိုပြန် လာခဲ့တယ်။

ဒီလိုနဲ့ ရက်သတ္တ ပတ်ကနေ လသို့ အလီလီ ကူးပြောင်းခဲ့တယ်။ လီလီလေးဟာ ယောက်ခမကို အကောင်းဆုံး အစားအစာတွေနဲ့ ပြုစုကျွေးမွေး မပျက်ပါဘူး။

ယောက်ခနဲ့ စိတ်အခန့်မသင့် ဖြစ်ရတော့မယ့် အခါတိုင်း မစ္စဟွမ်းရဲ့ သင်္ကာမကင်း သံသယ ၀င်ခံရရင် သူမရဲ့ လုပ်ငန်း မအောင်မြင် ဖြစ်သွားနိုင် တယ်ဆိုတဲ့ စကားကို ပြန်လည်ကြားယောင်ပြီး သူမရဲ့ ဒေါသတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ပြီးတော့ ယောက်ခမ ဘာပဲ သူမအပေါ် ပြုမူနေပါစေ သည်းခံခဲ့ပြီး သူမအမေကဲ့သို့ သူမ ကျွေးမွေးခဲ့တယ်။

ခြောက်လလောက်ကြာတော့ မိသားစု တစ်ခုလုံး ပြောင်းလဲမှုတစ်ခု ကြုံလာရတယ်။သူမရဲ့ မခံချင်စိတ်တွေ ဒေါသတွေ ရန်ငြိုးတွေနဲ့ ကမူးရှူးထိုး စိတ်ဆိုးစိတ်ဆတ်တဲ့ လီလီဟာ သူမရဲ့ စိတ်အခြေ အနေတွေ အားလုံးကို ထိန်းချုပ်လာ နိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့လဲ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ ခက်ထန် တင်းမာမှုတွေ မရှိတော့ဘဲ အတူတကွ ဆက်လက်ပြီး နေထိုင်ချင်ခဲ့တယ်။ မိခင်အရင်း တစ်ယောက်လို စိတ်ထားနိုင်ခဲ့ပြီး ပြုစုလုပ်ကျွေးချင် နေမိတယ်။

ယောက်ခမ ဖြစ်တဲ့သူကလဲ လီလီ့အပေါ်မှာ သူမရဲ့ အပြုအမူတွေ အားလုံးကို ပြောင်းလဲသွားခဲ့ပြီး လီလီလေးကို သမီးအရင်း တစ်ယောက်လို ချစ်မိသွားတယ်။ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေကို တွေ့ရင်လဲ လီလီလေး အင်မတန် တော်ကြောင်း လိမ္မာကြောင်းကို ပြောမဆုံး ဖြစ်နေတယ်။ လီလီလေး အကြောင်းကို ပါးစပ်ဖျားကကို မချပဲ သမီးလေး တစ်ယောက်လို ချစ်သွားတယ်။

အခုတော့လဲ လီလီနဲ့ ယောက်ခမတို့ဟာ တကယ့် မိခင်အရင်းနဲ့ သမီးအရင်းလို တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် တွယ်တာနေ ပါတော့တယ်။

တစ်နေ့ လီလီလေးဟာ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့ပြီး

အန်ကယ်လ် သမီးကို ကူညီပါဦး။ အဆိပ်ခပ် ခံရတဲ့ ယောက်ခမကို အဆိပ်ဖြေ ဆေးလေးပေးပါ။ အခုဆိုရင် သူကအတော်ကို ပြောင်းလဲသွားပါပြီ။ ဒါကြောင့် သမီးသူ့ကို မသတ်ရက်ပါဘူး။ ပြီးတော့ သူ့ကို သမီး မိခင်အရင်း လိုချစ်မိ သွားပါပြီ။ သူသေဖို့ကို သမီးမှာဆန္ဒ မရှိတော့ပါဘူး။ဒါကြောင့် သမီးကို ဖြေဆေးလေး ပေးပါ ။

ဒီတော့ မစ္စတာဟွမ်က ပြုံးပြီး ခေါင်းတညိမ့်ညိမ့်နဲ့

သမီးလီလီ သိပ်လဲ စိတ်ပူ မနေပါနဲ့။ တကယ်တော့ အန်ကယ်လ်က ဘယ်တုန်းကမှ သမီးကို အဆိပ်ဆေးမပေး ခဲ့ပါဘူး။ သမီးကို ပေးခဲ့တာက ခန္ဓာကိုယ်ကို အင်မတန် အားတိုးစေမယ့် ဗီတာမင်ဓာတ်တွေ အများကြီးပါတဲ့ အားတိုးဆေးပါ။ တကယ့်အဆိပ်က သူ့အပေါ်ဆက်ဆံတဲ့ သမီးရဲ့စိတ်နဲ့ သမီးရဲ့ အပြုအမူ တွေပါပဲ။ ဒါပေမယ့် ဒါတွေအားလုံး အခုဆိုရင် သမီးသူ့ အပေါ်မှာ ဆက်ဆံတဲ့ မေတ္တာနဲ့ ဆေးကြောခဲ့ လိုက်ပါပြီ။


ဒါကြောင့် သမီး။ စကားပုံ တစ်ခုရှိတယ်။မေတ္တာဆိုတာ ရောင်ပြန်ဟပ် စေတယ်တဲ့။ ဒါဟာဘုရား ကပေးတဲ့ ဆုလဒ်ပါပဲ သမီး။

တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့အတိုင်း အသွင်မတူတဲ့ မိသားစုနှစ်ခု ပေါင်းစပ်ကြ ပြီဆိုရင် နားလည်ချစ်ခင်မှုနဲ့ အရာရာကို တည်ဆောက်နိုင်ပြီး ချွေးမတွေကလဲ မိမိယောက်ခမကို ကိုယ့်မွေးမိခင်လို ပြုစုလုပ်ကျွေး စောင့်ရှောက် နိုင်ပါစေ။ ယောက်ခမ တွေကလဲ ကိုယ့်ချွေးမကို ကိုယ့်သမီးအရင်းနဲ့ မခြား ချစ်ခင် ဆက်ဆံနိုင် ကြပါစေ။


Tuesday, December 29, 2009

မွေခံထိုက်စေ


အမေ
*******

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


သားသမီးတိုင်းသို့...
***********************

ဖေဖေရယ်... မေမေရယ်
သားသားမီးမီး ချစ်ပါကွယ်၊
သားသားမီးမီး ဘာတွေရှိ
ချစ်စရာတွေ အားကြီးရှိ၊
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘာတွေဖြည့်ကျင့်တယ်၊
ပြောလွယ်ဆိုလွယ် စိတ်ကောင်းထား
ယဉ်ကျေးလိမ္မာ ဖြည့်ကျင့်ပွား၊
ူငါများတို့ အကျိုးငှာ
ဗုဒ္ဓလမ်းစဉ် တုခိုးပါ၊
ဗုဒ္ဓလမ်းစဉ် တုခိုးတော့
ချစ်စရာကလေး ဖြစ်တာပေါ့။

(ယဉ်ကျေးလိမ္မာတရားပွဲမှ-)


ဒီကဗျာကတော့ မောင်လေးဖိုးသားမှ အမေတိုင်းအတွက် ရေးသားထားတာ ဖြစ်ပါတယ်။ ကဗျာလေးကို ကြိုက်လွန်းလို့ ကူးယူထားတာပါ။ အမေများနေ့ကို သတိတရနဲ့ ပြောပြပြီး သားသမီးတိုင်းသို့ ကဗျာလေးကို ပေးပို့ပေးတဲ့ ကိုအောင်ဦး(ဓမ္မရသ) နဲ့ အမေကဗျာလေးကို မေးလ်ပို့ပေးတဲ့ မောင်လေးဖိုးသား (အဖြုရောင်မေတ္တာ) တို့ကိုကျေးဇူးတင်ပါတယ်။ အမေများနေ့မှာ အမှတ်တရ အနေနဲ့ သူတို့ပို့ပေးတဲ့ ဒေါက်တာ အရှင်ကောဝိဒ (မစ္ဇျဂုဏ်ရည်) မွေခံထိုက်သူ ဖြစ်ပါစေ ဆိုတဲ့ ပီဒီအက်ဖ် ဖိုင်လေးကို ဒေါင်းလုတ်လုပ် ပြီးဖတ်နိုင်အောင် တဆင့်ဖော်ပြပေး လိုက်ပါတယ်နော်။ အားလုံးပဲ အမေများနေ့မှာ မိဘများရဲ့ အမွေခံထိုက်တဲ့ သားကောင်း သမီးကောင်း သားလိမ္မာ သမီးလိမ္မာ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။


အမေများနေ့မှာ http://www.dhammathukha.com ကနေပြီးတော့ ဆရာတော် အရှင်တိက္ခညဏ မှ တရားတော် ဟောကြားခြင်းအား စင်္ကာပူစံတော်ချိန် ၇း၃၀ တွင် တိုက်ရိုက်ထုတ်လွင့်မှာ ဖြစ်ပါတယ် ဆိုတာကို သတင်းကောင်း ပါအပ်ပါတယ်နော်။ ကဲ..မိတ်ဆွေတို့ရေ.... 30.Dec.09 ဗုဒ္ဓဟူးနေ့ ညချမ်းချိန် ၇း၃၀ မိနစ်မှာ လာရောက် တရားနာ ကြွခဲ့ပါနော်။