Subscribe:

Friday, January 8, 2010

မမြင်နိုင်သောမျက်ရည်

ကိုယ့်ဘ၀ ကိုယ့်အကြောင်း
ကိုယ့်စိတ်ကိုယ်သာကိုယ်သိသမို့
ငါတယောက်ထဲ ကြိတ်ငိုနေတာကို
နင်လေသိမလား...

အရာအားလုံး မပြေလည်တာတွေ များတဲ့ငါ
အားပေးမယ့်သူ ဝေးလို့
ကံကြမ္မာကလဲ အခွင့်မပေးခဲ့ဘူး။

ဘ၀ဆိုတာ
ချိုတစ်ခါ ခါးတလှည့်
သိနေပေမယ့်လဲ
မာသလိုနဲ့ ပျော့နေတဲ့ငါ့စိတ်
ငါကိုယ့်ငါ အစိုးမရလို့
ဝမ်းနည်းမှုတွေကို ခါးစောင်းတင်ခါ
ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့တယ်။

စိတ်ချမ်းသာ ပျော်စေချင်တဲ့ ငါ့ရင်ထဲကို
မာန်ရိုင်းတွေက ရစ်သီရစ်သီလုပ်တော့
စိတ်မစာမကြေ၊ မြင်သမျှ
ခါးသည်းလို့ အံတုခါ
ခ၀ါချနိုင်ပေမယ့်
ခုဆိုငါအားလုံးနဲ့ ဝေးရာမှာ........

ငါသိပ်ပျော်တယ်၊
ဟုတ်တယ်၊ ငါသိပ်ပျော်နေတယ်။
ဒါပေမယ့် မျက်ဝန်းမှာ
မမြင်နိုင်တဲ့ မျက်ရည်တွေနဲ့။


ခုတလော အလုပ်ကလဲ သိပ်အဆင်မပြေ၊ စိတ်ဓာတ် တွေကကျနဲ့ အရာအားလုံး အဆင်မပြေတာတွေ များနေတော့ကိုယ့်ကို အပေါင်းအသင်းတောင် လုပ်ချင်တဲ့ သူတောင် မရှိသလောက် ပါပဲလို့တောင် တစ်ခါတစ်ခါ အားငယ်တဲ့ အချိန်မှာ ခံစားရတယ်။ အဆင်မပြေ တာတွေကြောင့် အရာရာကို စိတ်အားငယ် ပေမယ့်လဲ ဘ၀ဆိုတာ ဒီလိုပါပဲလေ....နော်...လူတိုင်းမှာ အခက်အခဲ ဆိုတာတော့ ရှိကြစမြဲပါ။ ဒါတွေကို သင်ခန်းစာယူပြီး အထက်ကို တက်လှမ်းနိုင် ရမှာပေါ့လို့ ကိုယ့်ကိုကိုယ် အားပေးခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ အဖက်ဖက်က စိတ်ညစ်နေတဲ့မက်မက် အလုပ်အသစ်ကို ရှာခဲ့တာ အခုဆိုရင် ၈၀% အောင်မြင် သွားပါပြီ လို့ဆိုရမယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာပါတယ်။ ပျော်ပါတယ်။


Sunday, January 3, 2010

ယောက္ခမနှင့်ချွေးမ



လီလီဆိုတဲ့ အမျိုးသမီးလေးဟာ မင်္ဂလာဆောင်ပြီးတော့ ထုံးစအရ ယောင်နောက် ဆံထုံးပါပြီး ယာင်္ကျားဖြစ်သူရဲ့ အိမ်မှာ လိုက်နေရတဲ့အခါ လီလီနဲ့ သူ့ယောက်ခတို့ဟာ တအိမ်ထဲမှာ မတည့်အတူနေ တစောင်းစေးနဲ့ မျက်ချေးဖြစ် ခဲ့ရတယ်။ လီလီဟာ ယောက်ခမ ဖြစ်တဲ့သူရဲ့ အပြုအမူတွေ ဘယ်လိုမှ သည်းမခံ နိုင်ခဲ့ပါဘူး။

တနေ့တနေ့ ယောက်ခမနဲ့ စကားများရန်ဖြစ် နေရတာတွေ နဲ့ပဲ အချိန်တွေ ကုန်လွန်ခဲ့ရပြန်တယ်။ ဒီတော့ မိသားစုရဲ့ ပျော်ရွှင်မှု ဆိုတာကို လီလီရော ၊ သူ့ယောင်္ကျားရော ၊ ယောက်ခမ ဖြစ်သူပါ မခံစားကြရရှာဘူး။ တဖက်ကလဲ အင်မတန်ချစ်ရတဲ့ မိန်းမ၊ တဖက်လဲ ကိုယ့်ကိုမွေးထားတဲ့ မိခင် ဆိုတော့ လီလီယောင်္ကျားဟာ အဘယ်မှာ စိတ်ချမ်းသာခြင်း ရှိပါ့မလဲ။ မိသားစုတွေ ဒီလို မပျော်မရွှင် ဖြစ်နေတာကိုတွေဟာ စကားများ ရန်ဖြစ်နေတာတွေက လီလီယောင်္ကျားကို အကြီးမားဆုံး စိတ်ဖိစိမှု ခံစားစေရတာပေါ့။

တနေ့တော့ လီလီလေးဟာ ဘယ်လိုမှ ယောက်ခမရဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး တိုင်းရင်းဆေးခန်း ဖွင့်ထားတဲ့ သူမအဖေ သူငယ်ချင်း ဖြစ်သူ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့တယ်။ သူမရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ပြောပြတယ်။ လူကိုသေစေမယ့် ဆေးရှိရင်လဲ သူမကို ကူညီတဲ့ အနေနဲ့ ပေးဖို့ကိုပါ တောင်းဆိုလိုက်တယ်။ သူမရည်ရွယ် ချက်ကတော့ သူနဲ့နေ့တိုင်း ရန်ဖြစ်နေရတဲ့ သူ့ယောက်ခမ ကိုသတ်ပစ်ဖို့ပေါ့။

သမီးလီလီ ၊ သမီးရဲ့ အိမ်ထောင်ရေး ပြသနာကို အန်ကယ်လ်ဖြေရှင်း ပေးပါ့မယ်။ ဒါပေမယ့် သမီးတစ်ခုတော့ အန်ကယ်လ်ကို ကတိပေးရမယ်။ အန်ကယ်လ်ရဲ့ စကားကိုလဲ နားထောင်ရမယ် ၊ လိုက်နာရမယ်။ ဘယ်လိုလဲ သမီး။

သူ့ကိုသေအောင် လုပ်နိုင်မယ့် ဆေးနည်းသာ ပေးမယ်ဆို အန်ကယ်လ် ပြောသမျှကို သမီးလိုက်နာပါ့မယ် အန်ကယ်လ်။

ဒါနဲ့ မစ္စတာဟွမ်းဟာ အခန်းထဲကို ၀င်သွားပြီး မိနစ်အငယ် အတွင်းမှာ ပြန်ထွက်လာခဲ့တယ်။

သမီးလီလီ မင်းယောက်ခမကို အဆိပ်ခပ်သတ်ပြီး ပထုတ်ဖို့ အလျင်မလိုပါနဲ့။ သူတပါး သံသယ ၀င်နိုင်ပါတယ်။ ဒီတော့ အန်ကယ်လ်မင်းကို နံပါတ်စဉ်လိုက် ဆေးညွှန်းပေးလိုက်မယ်။ ဒါဟာ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်နည်းနည်းချင်းဆီကို ထည့်သွင်းတာပဲ။ ဒီတော့ နေ့တိုင်း ဟင်းထဲမှာ နဲနဲချင်းဆီ ခပ်ပြီး ယောက်ခမကို ကျွေးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်သူမှ မင်းကိုသံသယ မ၀င်နိုင်ဘူး။

သူ့ကို အစားအစာ ကျွေးတဲ့အခါမှာလဲ ဘာမှမဖြစ်သလို နဲ့ သေချာဂရုစိုက်ပြီး ကျွေးပါ။ သူနဲ့အပြိုင် ရန်မဖြစ်ပါနဲ့။ သူဘာပဲပြောပြော သူ့စကားကို လိုက်နာပါ၊ သူ့ကို မင်းသမီး တပါးလို ဆက်ဆံပါ။ သူဘာပဲ ပြောပြော သူ့ကိုပြိုင် မငြင်းနဲ့။ ဒါဆို သမီးဆန္ဒ အတိုင်း တနေ့ ဖြစ်လာလိမ့်မယ်။

လီလီတစ်ယောက် အရမ်းပျော်ရွှင် သွားခဲ့ရပါတယ်။ မစ္စတာဟွမ်းကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောရင်း သူမစိတ် ထဲမှာတော့ ယောက်ခမကို သတ်ဖို့အကြံ အစည်ဟာ အောင်မြင် တော့မယ်လို့ စိတ်ကူးနဲ့ အိမ်ကိုပြန် လာခဲ့တယ်။

ဒီလိုနဲ့ ရက်သတ္တ ပတ်ကနေ လသို့ အလီလီ ကူးပြောင်းခဲ့တယ်။ လီလီလေးဟာ ယောက်ခမကို အကောင်းဆုံး အစားအစာတွေနဲ့ ပြုစုကျွေးမွေး မပျက်ပါဘူး။

ယောက်ခနဲ့ စိတ်အခန့်မသင့် ဖြစ်ရတော့မယ့် အခါတိုင်း မစ္စဟွမ်းရဲ့ သင်္ကာမကင်း သံသယ ၀င်ခံရရင် သူမရဲ့ လုပ်ငန်း မအောင်မြင် ဖြစ်သွားနိုင် တယ်ဆိုတဲ့ စကားကို ပြန်လည်ကြားယောင်ပြီး သူမရဲ့ ဒေါသတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ပြီးတော့ ယောက်ခမ ဘာပဲ သူမအပေါ် ပြုမူနေပါစေ သည်းခံခဲ့ပြီး သူမအမေကဲ့သို့ သူမ ကျွေးမွေးခဲ့တယ်။

ခြောက်လလောက်ကြာတော့ မိသားစု တစ်ခုလုံး ပြောင်းလဲမှုတစ်ခု ကြုံလာရတယ်။သူမရဲ့ မခံချင်စိတ်တွေ ဒေါသတွေ ရန်ငြိုးတွေနဲ့ ကမူးရှူးထိုး စိတ်ဆိုးစိတ်ဆတ်တဲ့ လီလီဟာ သူမရဲ့ စိတ်အခြေ အနေတွေ အားလုံးကို ထိန်းချုပ်လာ နိုင်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့လဲ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ ခက်ထန် တင်းမာမှုတွေ မရှိတော့ဘဲ အတူတကွ ဆက်လက်ပြီး နေထိုင်ချင်ခဲ့တယ်။ မိခင်အရင်း တစ်ယောက်လို စိတ်ထားနိုင်ခဲ့ပြီး ပြုစုလုပ်ကျွေးချင် နေမိတယ်။

ယောက်ခမ ဖြစ်တဲ့သူကလဲ လီလီ့အပေါ်မှာ သူမရဲ့ အပြုအမူတွေ အားလုံးကို ပြောင်းလဲသွားခဲ့ပြီး လီလီလေးကို သမီးအရင်း တစ်ယောက်လို ချစ်မိသွားတယ်။ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေကို တွေ့ရင်လဲ လီလီလေး အင်မတန် တော်ကြောင်း လိမ္မာကြောင်းကို ပြောမဆုံး ဖြစ်နေတယ်။ လီလီလေး အကြောင်းကို ပါးစပ်ဖျားကကို မချပဲ သမီးလေး တစ်ယောက်လို ချစ်သွားတယ်။

အခုတော့လဲ လီလီနဲ့ ယောက်ခမတို့ဟာ တကယ့် မိခင်အရင်းနဲ့ သမီးအရင်းလို တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ် တွယ်တာနေ ပါတော့တယ်။

တစ်နေ့ လီလီလေးဟာ မစ္စတာဟွမ်းဆီကို ရောက်လာခဲ့ပြီး

အန်ကယ်လ် သမီးကို ကူညီပါဦး။ အဆိပ်ခပ် ခံရတဲ့ ယောက်ခမကို အဆိပ်ဖြေ ဆေးလေးပေးပါ။ အခုဆိုရင် သူကအတော်ကို ပြောင်းလဲသွားပါပြီ။ ဒါကြောင့် သမီးသူ့ကို မသတ်ရက်ပါဘူး။ ပြီးတော့ သူ့ကို သမီး မိခင်အရင်း လိုချစ်မိ သွားပါပြီ။ သူသေဖို့ကို သမီးမှာဆန္ဒ မရှိတော့ပါဘူး။ဒါကြောင့် သမီးကို ဖြေဆေးလေး ပေးပါ ။

ဒီတော့ မစ္စတာဟွမ်က ပြုံးပြီး ခေါင်းတညိမ့်ညိမ့်နဲ့

သမီးလီလီ သိပ်လဲ စိတ်ပူ မနေပါနဲ့။ တကယ်တော့ အန်ကယ်လ်က ဘယ်တုန်းကမှ သမီးကို အဆိပ်ဆေးမပေး ခဲ့ပါဘူး။ သမီးကို ပေးခဲ့တာက ခန္ဓာကိုယ်ကို အင်မတန် အားတိုးစေမယ့် ဗီတာမင်ဓာတ်တွေ အများကြီးပါတဲ့ အားတိုးဆေးပါ။ တကယ့်အဆိပ်က သူ့အပေါ်ဆက်ဆံတဲ့ သမီးရဲ့စိတ်နဲ့ သမီးရဲ့ အပြုအမူ တွေပါပဲ။ ဒါပေမယ့် ဒါတွေအားလုံး အခုဆိုရင် သမီးသူ့ အပေါ်မှာ ဆက်ဆံတဲ့ မေတ္တာနဲ့ ဆေးကြောခဲ့ လိုက်ပါပြီ။


ဒါကြောင့် သမီး။ စကားပုံ တစ်ခုရှိတယ်။မေတ္တာဆိုတာ ရောင်ပြန်ဟပ် စေတယ်တဲ့။ ဒါဟာဘုရား ကပေးတဲ့ ဆုလဒ်ပါပဲ သမီး။

တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့အတိုင်း အသွင်မတူတဲ့ မိသားစုနှစ်ခု ပေါင်းစပ်ကြ ပြီဆိုရင် နားလည်ချစ်ခင်မှုနဲ့ အရာရာကို တည်ဆောက်နိုင်ပြီး ချွေးမတွေကလဲ မိမိယောက်ခမကို ကိုယ့်မွေးမိခင်လို ပြုစုလုပ်ကျွေး စောင့်ရှောက် နိုင်ပါစေ။ ယောက်ခမ တွေကလဲ ကိုယ့်ချွေးမကို ကိုယ့်သမီးအရင်းနဲ့ မခြား ချစ်ခင် ဆက်ဆံနိုင် ကြပါစေ။


Tuesday, December 29, 2009

မွေခံထိုက်စေ


အမေ
*******

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


သားသမီးတိုင်းသို့...
***********************

ဖေဖေရယ်... မေမေရယ်
သားသားမီးမီး ချစ်ပါကွယ်၊
သားသားမီးမီး ဘာတွေရှိ
ချစ်စရာတွေ အားကြီးရှိ၊
ချစ်စရာကောင်းတဲ့ ကလေးငယ်
ဘာတွေဖြည့်ကျင့်တယ်၊
ပြောလွယ်ဆိုလွယ် စိတ်ကောင်းထား
ယဉ်ကျေးလိမ္မာ ဖြည့်ကျင့်ပွား၊
ူငါများတို့ အကျိုးငှာ
ဗုဒ္ဓလမ်းစဉ် တုခိုးပါ၊
ဗုဒ္ဓလမ်းစဉ် တုခိုးတော့
ချစ်စရာကလေး ဖြစ်တာပေါ့။

(ယဉ်ကျေးလိမ္မာတရားပွဲမှ-)


ဒီကဗျာကတော့ မောင်လေးဖိုးသားမှ အမေတိုင်းအတွက် ရေးသားထားတာ ဖြစ်ပါတယ်။ ကဗျာလေးကို ကြိုက်လွန်းလို့ ကူးယူထားတာပါ။ အမေများနေ့ကို သတိတရနဲ့ ပြောပြပြီး သားသမီးတိုင်းသို့ ကဗျာလေးကို ပေးပို့ပေးတဲ့ ကိုအောင်ဦး(ဓမ္မရသ) နဲ့ အမေကဗျာလေးကို မေးလ်ပို့ပေးတဲ့ မောင်လေးဖိုးသား (အဖြုရောင်မေတ္တာ) တို့ကိုကျေးဇူးတင်ပါတယ်။ အမေများနေ့မှာ အမှတ်တရ အနေနဲ့ သူတို့ပို့ပေးတဲ့ ဒေါက်တာ အရှင်ကောဝိဒ (မစ္ဇျဂုဏ်ရည်) မွေခံထိုက်သူ ဖြစ်ပါစေ ဆိုတဲ့ ပီဒီအက်ဖ် ဖိုင်လေးကို ဒေါင်းလုတ်လုပ် ပြီးဖတ်နိုင်အောင် တဆင့်ဖော်ပြပေး လိုက်ပါတယ်နော်။ အားလုံးပဲ အမေများနေ့မှာ မိဘများရဲ့ အမွေခံထိုက်တဲ့ သားကောင်း သမီးကောင်း သားလိမ္မာ သမီးလိမ္မာ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။


အမေများနေ့မှာ http://www.dhammathukha.com ကနေပြီးတော့ ဆရာတော် အရှင်တိက္ခညဏ မှ တရားတော် ဟောကြားခြင်းအား စင်္ကာပူစံတော်ချိန် ၇း၃၀ တွင် တိုက်ရိုက်ထုတ်လွင့်မှာ ဖြစ်ပါတယ် ဆိုတာကို သတင်းကောင်း ပါအပ်ပါတယ်နော်။ ကဲ..မိတ်ဆွေတို့ရေ.... 30.Dec.09 ဗုဒ္ဓဟူးနေ့ ညချမ်းချိန် ၇း၃၀ မိနစ်မှာ လာရောက် တရားနာ ကြွခဲ့ပါနော်။



Saturday, December 12, 2009

မက်မက်နဲ့သူမဧ။်ယုံကြည်ရာများ

ညီမပန်းရင့်နဲ့ နေ့အိပ်မက်တို့က တက်ဂ်ထားတာတော့ ကြာပါပြီ...ဘယ်လိုမှ မအားတာရယ် အခြေအနေ မပေးသေး တာရယ်ကြောင့် စာရေးတာ ကြာနေခဲ့ ပါတယ်။ ပြီးတော့လဲ စာရေးဖို့ မုဒ်မရှိတာလဲ ပါတယ်လေ။ အဟဲ...တက်ဂ်တဲ့ သူတွေတောင် မေ့နေပြီလား မသိဘူး.....ခေါင်းစဉ်က ယုံကြည်ရာတဲ့.....အင်း... မက်မက်ရဲ့ အဓိက ယုံကြည်မှု တွေကတော့ နံပါတ်တစ်...သစ္စာတရား ၊နံပါတ်နှစ်.. မေတ္တာဓာတ်.. နံပါတ်သုံး....ကံ၊ကံဧ။် အကျိုးနဲ့ ၊ နံပါတ်လေး ၀ဋ်ကြွေးတို့ကို ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့ မက်မက်နဲ့ တီတီဒွင်းတို့ တူဝရီး နှစ်ယောက် အလွန်ကို ယုံကြည်ပါတယ်။

သစ္စာတရား

သစ္စာတရားရဲ့ အင်အားကြီးမား ထက်မြတ်ပုံကတော့ အံ့မခန်းပါပဲ။ လူသားတိုင်း အခက်အခဲ တစ်စုံတစ်ရာနဲ့ ကြုံလာပြီ (ထွက်ပေါက်ပိတ်နေ)ဆိုရင် သစ္စာပြု ၊ သစ္စာတိုင် ကြပါတယ်။ သစ္စာတရားက အခက်အခဲနဲ့ ကြုံချိန်မှာ အင်မတန်မှ အရာရောက်ပါတယ်။ (မိမိဘက်ကတော့ မှန်ကန်နေဖို့ လိုပါတယ်နော်)။သစ္စာနဲ့ ပတ်သတ်လို့ ကိုယ်တွေ့ကြုံကြိုက် ခဲ့ရတာတွေက ငယ်ငယ်လေးထဲက အများကြီး ရှိပါတယ်။ နောက်ကြုံမှ ပို့စ်အဖြစ် တင်ပြပေး ပါမယ်နော့်။

သာဓက အနေနဲ့ မြတ်စွာဘုရားရှင် တစ်ခုသော ဘ၀မှာ ငုံးမင်းဖြစ်စဉ် အခါက တောမီးလောင်တာကို သစ္စာတိုင်တည် လိုက်တာကြောင့် ဟုန်းဟုန်းထ တောက်လောင်နေတဲ့ တောမီးဟာ ချက်ချင်း အတိငြိမ်း သွားတာတွေ၊ သမ္ဗုလာဒေ၀ီ မင်းသမီးလေးရဲ့ သစ္စာတော်ကြောင့် ကြင်ယာတော် ဗြဟ္မဒတ်မင်းရဲ့ သားတော် အိမ်ရှေ့မင်းသားလေး သောတ္ထိသေနဟာ နူနာရောဂါ စွဲကပ်ခြင်းမှ ပျောက်ကင်းချမ်းသာ ရာရသွား တာတွေဟာ ဘုရားဟော ဇာတ်တော်မှာ အထင်အရှား ရှိတဲ့ သစ္စာတရားရဲ့ အကျိုး ကျေးဇူးတွေပါ။

ဒါကြောင့် အရာရာကို (အခက်အခဲ)ကျော်လွှားနိုင်တဲ့ သစ္စာတရားကို အကြွင်းမဲ့ ယုံကြည်ပါတယ်။

မေတ္တာဓာတ်

မေတ္တာတရားရဲ့ တန်ပြန်သက်ရောက်မှု လေးကလဲ အံ့မခန်းပါပဲ။ လူတစ်ယောက်ဟာ မိမိအပေါ်ကို သေလောက်အောင် မုန်းတီးနေပါစေ၊ ဒေါသဖြစ်နေပါစေ။ မိမိဘက် ထိုသူ့အပေါ်ကို အမုန်းမပွားဘဲ မေတ္တာဓာတ်နဲ့ ဆက်ဆံတုန့်ပြန် ခဲ့မယ်ဆိုရင် အရာရာကို အောင်မြင်နိုင်ပါတယ်။ ဒီနေရာမှာ မေတ္တာဆိုတာ တဏှာဘက် မနွယ်တဲ့ (တနည်းအားဖြင့် တဏှာစွဲကပ်ခြင်း မရှိတဲ့ အရာမျိုးပါ)။ တုန့်ပြန်မှု တိုင်းမှာ တန်ပြန်တုံပြန် မှုလေးတွေ ရှိတတ်ကြပါတယ်။ သူမကောင်းပေမယ့် ကိုယ်ကကောင်းအောင် နေပြ၊ လုပ်ဆောင်ပြ မယ်ဆိုရင် ကိုယ့်မေတ္တာ ရောင်ပြန်ထင်ဟပ်စေ တတ်ပါတယ်။ မေတ္တာနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေ လူတိုင်းလူတိုင်း ကြုံဖူးကြ မှာပါနော်။

သာဓကအနေနဲ့ မြတ်စွာဘုရားရှင်ဟာ ရန်မူတိုက်ခိုက်လာတဲ့ (မာန်နတ်၊ အာဠာဝက ဘီလူး၊ နာဠာဂီရိဆင်ရိုင်း၊ အဂုင်္လိမာလ၊ စိဉ္စမာန မိန်းမယုတ်၊ သစ္စက ပရိုဗိုဇ် ၊ နန္ဒောပနန္ဒ နဂါး၊ ဗကဗြဟ္မာ)ကိုအောင်နိုင် တော်မူခြင်းဟာ ကြီးမားတဲ့ မေတ္တာတော် ဓာတ်ကြောင့်ပါ။ ဒါတွေဟာ တုနိုင်းမရတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ ကြည်ညိုစရာ မေတ္တာဓာတ်နဲ့ ထင်ရှားခဲ့တဲ့ အောင်ခြင်းရှစ်ပါးပါ။

ဒါကြောင့် အရာရာကို အောင်နိုင်တဲ့ မေတ္တာဓာတ်၊ မေတ္တာတရားကို မက်မက်ယုံကြည်ပါသည်။

ကံ၊ကံဧ။်အကျိုး

ကံဆိုတာ အလုပ် ၊ အလုပ်ဆိုတာ စေသနာလို့ လူတိုင်းသိပါတယ်။ ဒါကြောင့် စေသနာသည် ကံမြောက်ပါတယ်။ လူတွေက ပြောကြပါတယ် စေသနာကောင်းရင်ကံကောင်းမယ် စေတနာဆိုးရင် ကံဆိုးမယ်လို့။ မှန်ပါတယ်။ သတ္တ၀ါတစ်ခု ကံတခုလေ။ ကိုယ့်ကံကို ကိုယ်ကိုယ်တိုင် ပြုလုပ်နေ ကြတာပါ။ မည်သည့်အရာကို လုပ်ဆောင် နေပါစေ။ စိတ်သန့်သန့်နဲ့ လုပ်ဆောင်ပါ။ ကိုယ်ပြုတဲ့ အမှုကံကို တန်ပြန်အကျိုး သက်ရောက် စေပါတယ်။ကိုယ်ပြုတဲ့ အမှုကံ ခံစား၊ စံစားရမှာပါလေနော်။

(ဒီနေရာမှာ ဆရာတော် ဦးဃောတိတ ဟောကြားတဲ့ တရားတော်အရ ကံလေးမျိုး ရှိတာကို သိရပါတယ်။ အဖြူကံ၊ အမည်းကံ၊ အမည်းအဖြူ ရောတဲ့ကံ ၊ အမည်းအဖြူ မရောတဲ့ ကံ ဆိုပြီး ရှိပါတယ်။ အဖြူကံဆိုတာ ကုသိုလ်ကံကို ခေါ်ပါတယ်။ အမည်းကံ ဆိုတာကတော့ အကုသိုလ်ကံပါ။ အမည်းအဖြူ ရောတဲ့ ကံဆိုတာ ကတော့ ကုသိုလ်၊ အကုသိုလ် ရောနှောနေတဲ့ကံ၊ အမည်းအဖြူ မရောတဲ့ ကံဆိုတာ ကတော့ အကုသိုလ် လဲမဖြစ် ကုသိုလ်လဲ မဟုတ်တဲ့ ကံပါ။(တနည်းအားဖြင့် ၀ိပသနာကံပေါ့လေ)။ ပြုလုပ်တဲ့ အပေါ်မှာ မူတည်ပြီး အကျိုးပေးပါတယ်။

ဒါကြောင့် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ ကံကံဧ။် အကျိုးကို မက်မက်ယုံကြည်ပါတယ် ။

ဝဋ်

ဝဋ်မှာ အမြဲ ငရဲမှာ အပဆိုတာ ကြားဖူးကြမှာပါ။ ငရဲဆိုတာကို ၀ိပသာနာကံနဲ့ ပြန်လည်ခြေဖျက် ယူလို့ရပေမယ့် ၀ဋ်ကိုတော့ ချေဖျက်ယူလို့ မရပါဘူး။ ဘုရားရှင်တောင် ဘုရားဖြစ်တဲ့ အခါမှာ တစ်ခုသော ဘ၀က ပြုလုပ်ခဲ့တဲ့ အတိတ်က အမည်းကံကြောင့် ၀ဋ်ကို ရှောင်လွဲလို့ မရဘဲ ပေးဆပ်ရပါတယ်။ အရှင်မောဂ္ဂလန်လဲ ရဟန္တာ ဖြစ်ပေမယ့် တခုသော ဘ၀က ပြုလုပ်ခဲ့တဲ့ မိဘတွေကို ရိုက်သတ်ခဲ့တဲ့ အတိတ်ကံက နောက်ဆုံးဘ၀မှာ ရဟန္တာ ဖြစ်နေတာတောင် ကိုယ်ပြုခဲ့တဲ့ အမည်းကံကြောင့် ၀ဋ်ကြွေးကို အကြေပေးဆပ် ရပါသေးတယ်။ဘာလိုပဲ ဖြစ်ဖြစ် ကိုယ်ပြုလုပ် ခဲ့မိတဲ့ ကံဟာ ဘ၀ပေါင်း များစွာကို အရိပ်လို လိုက်၍ အကျိုးပေးပါတယ်။ ကံနဲ့ဝဋ်ကို ဆက်စပ်နေ ပါတယ်နော်။ ဒါကြောင့် ဆက်စပ်နေတဲ့ ကံနဲ့ဝဋ်ကိုလဲ ယုံကြည်ပါတယ်လို့ ဖြေကြားရင်း ညီမပန်းရင့်နဲ့ ညီမနေ့အိပ်မက် တို့ရေ ကျေနပ်လိမ့်မယ် ထင်ပါတယ်နော်။ တကယ်ကို မအားလို့ နောက်ကျမှ ရေးပေးမိတာ စိတ်မကောက်နဲ့..နော်....အာဝါးးး.. အမြှောက်တစ်သိန်း ပေးလိုက်ပါတယ်နော့်။....း)


Thursday, December 3, 2009

ခုတ်မယ်၊ထစ်မယ်၊ပါးပါးလှီးမယ်

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရ မည်ဟူ၍ ဟောကြားခဲ့ တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည်လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာတော် များရှိခဲ့သည်။

သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီး များထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။

ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ် ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မ ကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။

ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တ ဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြ သော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများ ဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည်လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များ ရှိခဲ့သည်။

သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ။ စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။


ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါဖြစ်ပွား ရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင် တပ်မက်မှုကြောင့် ဖြစ်ပေါ်သော ရောဂါ၊ ဆာလောင်မွတ် သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့ သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှတိရစ္ဆာန်များကို သတ်ဖြတ်စား သောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာ ရတော့သည်။

မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။

ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။

ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေး နှင့်ဈေးဝယ် ပြီးပြန်လာသည့် အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရ မည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်း စုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေမသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။

'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။

ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ် စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန် မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံ မှုတို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက် လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။

ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်း သို့ပို့ခြင်းသည် အိမ်မှာ ခိုက်မှာစိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်...ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရ အောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။

အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။

ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေး မော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ.... အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။

ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင် ကတည်းက မြန်မာ လူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြာချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျ ဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိ သူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက် နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။

ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်.....ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာ လူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ- အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှစ်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီ လုပ်ငန်းမှ ဤသို့ မမြတ်နိုင်။

သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိဝမ်းကို မိမိရှာဖွေ စားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှု အသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ၊ ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေးကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲမှား မှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒ များသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့် အတားများ ပင် ဖြစ်တော့သည်။


ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့၊ ဟူသော မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်း ဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက် သားသမီး တို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။

မက်မက်ရဲ့ အလေးစားရဆုံး အမြင့်မြတ်ဆုံး အလုပ်ကို လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ နာရေးကူညီမှု အသင်းကို စတင်တည်ထောင်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူရဲ့ ဖေ့ဘွတ်မှ ခုတ်မယ်၊ထစ်မယ်၊ပါးပါးလှီး မယ်ဆိုတဲ့ ရေးသားချက်များကို ပြန်လည်ဖော် ပြပေးတာ။ မြန်မာတွေ တကယ်ကို အယူအဆတွေ ပြောင်းလဲ သင့်နေပြီလို့ ထင်မြင်မိပါတယ်။



Wednesday, November 18, 2009

*ဖြူးဆရာတော်ကျန်းမာရေး*

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcv3lQV-jcOm2t0PGMC6sG33SyAhyvXx7vp6RFCnEkyuDjTx7LnlPoosu0fs-15_jx9rEB9SsNmn_uiH9dIULQteRpVRPIK5JUbvFuW_fWas_LAkIeTYk4BYIvOwTooh_dtLKWiDeYrZk/s1600/phyu01a.jpg

ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ပြည်တွင်းပြည်ပ သာသနာပြု ဖြူးဆရာတော် ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါ ဝေဒနာကို ဆေးကုသမှု ခံယူလျှက်ရှိ နေပါသည်။

ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုး ခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင် ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှု ခံယူလျှက် ရှိပါတယ်။

ဆေးရုံတွင် အထူးကု ဆရာဝန်ကြီး များနှင့် ခေတ်မှီစက် ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက် ရှိပါသည်။ ယခုအချိန်အထိ ကုန်ကျငွေမှာ ကျပ်သိန်းငါးရာ ကျော်လာပြီ ဖြစ်ပါသည်။

သို့ပါသောကြောင့် ဆရာတော် ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေး ဆေးအလှူ တော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လို ကြပါလျှင် အောက်ပါ ဖုန်းနံပါတ် များသို့  ဆက်သွယ်လှူဒါန်း နိုင်ကြပါကြောင်း ကုသိုလ် အကျိုးမျှော်၍ အသိပေး နှိုးဆော်ကြေညာ အပ်ပါသည်။




ထိုင်းနိုင်ငံ
ဦးစန္ဒောဘာသ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုန်းနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုန်းနံပါတ်- +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ် ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄


ကြည်ညိုလေးစား ခင်မင်ရပါသော ဆရာတော် အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား)ရှင်.....

ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော် ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာ တော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက် လုပ်ဆောင်ခဲ့ မှုများကို အာရုံပြု ကြည်ညို နှလုံးသွင်း၍ အောက်ပါသတင်း စာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက် ၀က်ဘ်ဆိုဒ်များနှင့် အီးမေးလ်များ မှတဆင့် ထပ်ဆင့်ဖြန့် ဖြူးဝေမျှ ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ် ပါတယ်ရှင်...

လေးစားစွာဖြင့်
Dream

ဘာသာရေး ဆောင်းပါးများကို ရေးသားသော ဦးဝိမုတ္တိသုခ မှမေးလ်ပို့ ပေးလာတဲ့ ဆရာတော်ဧ။် ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဘလော့ဂ်ဂါ မောင်နှများမှလဲ မိမိတို့ တတ်နိုင်တဲ့ ဘက်မှနေ၍ သဒ္ဒါတရား နည်းများမဆို ကုသိုလ်ပါဝင် လှူဒါန်း နိုင်ကြပါစေရန် တဆင့်ပြန်လည်ဖြန့်ဝေ သတင်းပေး လိုက်ပါတယ်ရှင်...

Tuesday, November 10, 2009

Mobile Phone နှင့်သိကောင်းစရာ


ယနေ့တိုးတက် လာနေတဲ့ အိုင်တီနည်းပညာ ခေတ်ကြီးထဲမှာ အရေးအပါဆုံး ဆက်သွယ်မှု အလွယ်ကူ ဆုံးကတော့ မိုဘိုင်းဖုန်း အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အခုလို တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ နီးနီးဝေးဝေး ဆက်သွယ်ရေး အတွက် မရှိမဖြစ်က မိုဘိုင်းဖုန်း မဟုတ်ပါလားနော်။ အဲဒီလို အသုံးပြုဖို့ အတွက် ကိုယ့်ဝယ်ထားတဲ့ Mobile Handset ဟာ မူရင်းစက်ရုံထုတ် ပစ္စည်းအစစ်အမှန် ဖြစ်ရဲ့လား? အရည်အသွေးရော ကောင်းရဲ့လား ဆိုတာကို သိဖို့ လိုအပ်လာ ပါပြီနော်။ ကဲ..ဒါဆိုရင် ဘယ်လိုစစ်ဆေးမှာလဲ ဒါကလွယ်ပါတယ် ။ ကိုယ်ဝယ်ထားတဲ့ Mobile handset ကွာလ်တီမှန်ရဲ့ လားဆိုတာ ဒီလိုအချက် လေးတွေနဲ့ စမ်းသပ်စစ်ဆေးလို့ ရပါတယ်။ ကဲ....မိတ်ဆွေ သင်လည်း အခုချိန်မှာ သင့်မိုဘိုင်းဖုန်း ကိုထုတ်ပြီး စမ်းလုပ်ကြည့် လိုက်ပါလား။

*#06# ဆိုတာကို နှိတ်ပြီးခေါ်ကြည့်လိုက်ပါ။ သင့်မိုဘိုင်းရဲ့ မျက်နှာပြင်မှာ ကဏန်း၁၅လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက ၇လုံးမြောက်နဲ့ ၈လုံးမြောက် ကဏန်းကို စစ်ဆေးကြည့် လိုက်ရုံပါပဲ။
( Eg. ****** 7th 8th ******* )

၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 02သို့မဟုတ် 20ဆိုရင် သင့်မိုဘိုင်းဖုန်းဟာ ဆက်သွယ်ရေး ဧရိယာမှာ အသုံးပြုရတာ အလွန်ကို ညံ့တဲ့ အရေသွေး ဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 08 သို့မဟုတ် 80 ဆိုရင် ဂျာမဏီနိုင်ငံ ကထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အသင့်အတင့် ရှိပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 01 သို့မဟုတ် 10 ဆိုရင် ဖင်လန်နိုင်ငံက ထုတ်လုတ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ ကောင်းမွန်တဲ့ အရေအသွေး ပဲဖြစ်ပါတယ်။

အကယ်၍ ၇လုံးမြှောက်နဲ့ ၈လုံးမြှောက် ကဏန်းဟာ 00 ဆိုရင် တော့ မူရင်းမိုဘိုင်းဖုန်းရဲ့ ပင်မစက်ရုံရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်ပြီး အသုံးပြုရာမှာ အကောင်းဆုံး အရေသွေးရှိတဲ့ ဖုန်းပဲဖြစ်ပါတယ်။

အကယ်၍ သင့်မိုဘုန်းရဲ့ ၇လုံးမြှောက်နဲ့ ၈လုံးမြောက်ဟာ 13 ဖြစ်နေတယ်ဆိုရင် အဇာဘိုင်ဂျန် လိုနိုင်ငံမျိုးရဲ့
ဆက်သွယ်ရေး တပ်ဆင်မှု မှာဆိုရင် သင့်ရဲ့မိုဘိုင်းဖုန်းဟာ အင်မတန် ညံ့ဖျင်းတဲ့ အရေအသွေးဖြစ်ပြီး အသုံးပြု တဲ့အခါမှာ သင့်ရဲ့ ကျန်းမာရေး အန္တာရယ်လည်း ကျရောက်နိုင်ပါတယ်။

သင်မသိသေးတဲ့ သင့်ရဲ့မိုဘိုင်းဖုန်း လုပ်ဆောင်ချက်ကတော့

စိုးရိမ်ဖွယ်ရာ အန္တာရယ်နဲ့ ကြုံကြိုက်တဲ့ အခါ မိုဘိုင်းဖုန်းတွေမှာ မိနစ်အနည်းငယ်အတွင်း ဘေးအန္တရယ်မှ လွတ်မြောက်စေဖို့ ဖြေရှင်းပေးနိုင်တဲ့ အရေးပေါ် ခလုတ်တွေ ရှိပါတယ်။

အရေးပေါ်နဲ့ ကြုံကြိုက်တဲ့အခါ

ကမ္ဘာတ၀န်း ကမ္ဘာ့သုံး အရေးပေါ်နံပါတ်ဖြစ်တဲ့ 112 ကို နှိတ်ခေါ်လိုက်ပါ။ သင်နဲ့ အနီးစပ်ဆုံး အသံလွှင့် ကွန်ရက်ရဲ့ အရေးပေါ် နံပါတ်ကို အလိုအလျှောက် ဆက်သွယ် ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ကဲ..ခေါ်ဆိုမယ်ဆိုရင် ဖုန်းကီးပတ်ဒ်တွေ ဘယ်လိုပဲ လော့ခ်ချထားတာတောင် နှိတ်ခေါ်လို့ရပါတယ်။ ဒါကြောင့် အရေးပေါ်နဲ့ ကြုံကြိုက်နေရင် အကူအညီ ရရှိအောင် 112 ဆိုတဲ့ ဂဏန်းသုံးလုံးကိုတော့ မှတ်မိဖို့တော့ လိုတာပေါ့နော် မိတ်ဆွေ။

အရန်ဓာတ်ခဲသိုမှီးထားပေးခြင်း

တစ်ခါတစ်ခါ တိုက်ဆိုင်မှုတွေကြောင့် ဖုန်းဓာတ်အားနည်းသွားတဲ့အခါမျိုးနဲ့ ကြုံဖူးကြမှာပါနော်။ တနေကုန် ဖုန်းအပြောများခြင်းကြောင့် ဖုန်းဓာတ်ခဲ မရှိတဲ့ အခါနဲ့ ကြုံကြိုက်ရင် စိတ်မချမ်းမသာ ဖြစ်ကြရပါတယ် ။အဲဒီလို တိုက်ဆိုင်တဲ့ အမှတ်မထင်တဲ့ နေ့ရက်မှာ အကြောင်းတစ် ခုခုကြောင့် ဓာတ်ခဲအား ကုန်သွားရင် ပဲဖြစ်ဖြစ်၊ ဓာတ်ခဲအား ပြန်သွင်းဖို့ အဆင်မပြေ ခဲ့ရင်ပဲ ဖြစ်ဖြစ် တကယ်အရေးနဲ့ ကြုံကြိုက်ရင် အသုံးပြုဖို့ Nokia ဟန်းဖုန်းတွေမှာ သီးသန့်အရန်အဖြစ် သိမ်းထားတဲ့ ဓာတ်ခဲအား ရှိပါတယ်။ ဒါကို အသုံးပြုချင်ရင်တော့ *3370# ကိုနှိတ်လိုက်ပါ။ ဖုန်းအော်တိုရီစတပ် ဖြစ်သွားပြီး ဘတ်ထရီ ၅၀% တိုးလာတာကို တွေ့ရပါလိမ့်မယ်။ ကဲ...ဒါဆို သင်ဘတ်ထရီ ကုန်သွားလို့ အရေးကြီး ဖုန်းခေါ်ဆို လက်ခံတဲ့အခါ စိတ်ပျက်စရာ မလိုတော့ဘူးပေါ့ ။


မိုဘိုင်ဖုန်း ခိုးယူခံရခြင်းမှ ဘယ်လိုကာကွယ်မလဲ

ဒါကတော့ အပေါ်မှာ ပြောခဲ့တဲ့ *#06# ဆိုတာကို နှိတ်ကြည့်ပြီး ပေါ်လာတဲ့ ဖုန်းစီရီယယ် နံပါတ် 15 လုံးကို မှတ်သားသိမ်းထား ရမှာပေါ့။ အကယ်၍ သင့်ဖုန်း ပျောက်ဆုံးတာ ပဲဖြစ်ဖြစ် ခိုးယူခံ ရတာပဲဖြစ်ဖြစ် ကြုံခဲ့ရင် သင်မှတ်သား သိမ်းဆည်းထားတဲ့ သင့်ဖုန်းရဲ့ စီရီယယ် နံပါတ် ၁၅ လုံးကို ဖုန်းဆိုင်က နားလည်တတ်ကျွမ်းတဲ့ နည်းပညာရှင် ကိုပေးပြီး သင်hand set ကိုသုံးလို့ မရအောင် ပိတ်ပင်တား ဆီးခိုင်းလိုက်ပါ။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ခိုးယူသူဟာ သင့်ဖုန်းကဒ်ကိုပဲ ယူလို့ ရပေမယ့် သင့်ဖုန်းကို မည်သို့မျှ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး ။

(ဤသို့လုပ် ဆောင်ခြင်းက သင့်ဖုန်းကို ပြန်လည် ရရှိအောင် မစွမ်းဆောင် နိုင်ပေမယ့် အနည်းဆုံးတော့ သူခိုးကလဲ ဘယ်လိုမှ အသုံးပြုလို့ မရပါဘူး၊ အဟောင်းဆိုင်မှာ ပြန်သွင်းရောင်း ချလို့လဲ မရပါဘူး။ အကယ်၍ လူတိုင်းသာ မိမိတို့ရဲ့ မိုဘိုင်းဖုန်း ပင်နံပါတ်ကို မှတ်သားမှု ပြုလုပ်ထားပြီး ပျောက်ဆုံးသွား တဲ့အခါ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် မိုဘိုင်းဖုန်း ခိုးယူခံ ရခြင်းမှ ကာကွယ်နိုင်ပါတယ် ။ ကဲ....မိတ်ဆွေ ဘယ်လိုလဲ.... ပျော်သွားလား...)

ဒီနည်းလမ်းများကို သိသူတွေ ရှိပါတယ်။ သို့ပေမယ့် မသိသေးသော သူများအတွက် ရည်ညွှန်း ရေးသားပါတယ်။ သိပြီးသူများ အတွက်ကတော့ ဆောရီးပါ.. မသိသေးသူများ အတွက်ကိုတော့ ဗျောတီးပါ။အဲ..ဟုတ်ပေါင်...မှားကုန်ပြီ...အာဝါးးးးးးးးးပါ.....လို့....နော်........... ဟိ..ဟိ.. :P